Irrawaddy က စာပြောင်ဗျာ။
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၆)
ရန်ကုန်သားတာတေ | စက်တင်ဘာ ၅၊ ၂၀၀၇
“- - - - - ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ “ဒေသ” တွေ ဖွဲ့စည်းပေးသွားမယ်လို့ပါတယ်။ ဒါပေမယ့် ၀ကိုကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “တိုင်း” ဆိုပြီးတော့ အထူးအခွင့်အရေး ပေးတဲ့သဘော သုံးထားတယ်ခင်ဗျ…။
- - - - - ”
မြန်မာနိုင်ငံတွင် စစ်တပ်အစိုးရက ကျင်းပသည့် အမျိုးသားညီလာခံဟုခေါ်သော ထိုးဇာတ်တပုဒ်ကို မကြာသေးခင်ကပင် အဆုံးသတ်လိုက်ပေပြီ။
အနှီ ညီလာခံကြီးကို မိမိစိတ်ကြိုက် ရွေးချယ်ထားသည့် သရုပ်ဆောင်များနှင့် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးတည်းဖြတ် ထုတ်လုပ်သည်ဆိုသော ယနေ့ခေတ် မြန်မာ့ရုပ်ရှင် ဗီဒီယိုလောက၏ တခေတ်ဆန်း ကန်ထရိုက် စနစ်အရ ပေါ်ပေါက်လာသည့် ဇာတ်ကားများ အလားတူ ညီလာခံကြီးဖြစ်သည်ဟု နိုင်ငံတကာနှင့် မြန်မာ့အရေး ကျွမ်းကျင်သူများ၊ နိုင်ငံရေးအကဲခတ်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
တည့်တည့် ပြောသူများက ယင်းညီလာခံကို အတုကြီးဟု ဆိုကြသည်။ အဆိုပါ ညီလာခံအတုကြီး ပြီးပြီ ဆိုတော့ ဘာတွေဖြစ်လာမလဲ … ။
ချင်းမိုင်ရှိ ၀ါဝီး ကော်ဖီဆိုင်တဆိုင်၌ ထိုင်နေရင်း ဖိုးရှုပ် တဦးတည်း ကြိတ်ပြီး စိတ်ထဲတွင် မေးခွန်းများနှင့် ပြဿနာ ဖြစ်နေသည်။ ကြွက်စုတ်က ရေနွေးကြမ်းခွက်ကို ကိုင်ထားရင်း ဖိုးရှုပ်ကို အကဲခတ်နေသည်။
ကြွက်စုတ်။ ။ ဟေ့ကောင် ဘယ်လိုဖြစ်နေတာလဲ … မင့်ကြည့်ရတာ မရှင်းမရှင်းနဲ့ နအဖ အစိုးရကျနေတာပဲ …။
ကြွက်စုတ်က ဖိုးရှုပ်ဖြစ်နေပုံကို ကြည့်ပြီး မနေနိုင်၍ ကလိလိုက်ခြင်း ဖြစ်သည်။
ဖိုးရှုပ်။ ။ အေး … မင်းပြောတဲ့ အဲဒီ နအဖရဲ့ မရှင်းမရှင်းကိစ္စ ငါ့ခေါင်းထဲရောက်နေလို့ကွ … ညီလာခံကွာ … အဲဒီ NC ကိစ္စ …။
ကြွက်စုတ်။ ။ ဒါများ … ဒီအချိန်မှာ … အဲဒီကိစ္စက မြန်မာ့အရေး စိတ်ဝင်စားသူတိုင်းရဲ့ ခေါင်းထဲရောက်နေမှာပဲ … မင်း တယောက်တည်း မဟုတ်ဘူး …။
ဖိုးရှုပ်။ ။ ဟာ … ငါ တယောက်တည်း ကိစ္စမဟုတ်လို့ပေါ့ကွ … အားလုံးနဲ့ဆိုင်လို့ ပြဿာနာ ဖြစ်နေတာလေ …။
ကြွက်စုတ်။ ။ ဘာလဲ ... မင်းက အဲဒီပြဿနာကို ရှင်းပေးမလို့ စဉ်းစားနေတာလား …။
ကြွက်စုတ်က ဖိုးရှုပ်ကို ထေ့သလို ငေါ့သလို ပြောလိုက်ပြန်သည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် … ဟေ့ကောင် … အဲဒီ NC ပြဿနာက နောက် … အခု မင်းနဲ့ငါ ပြဿနာဖြစ်တော့မယ် … မင်းလိုက်ချင်လိုက် မလိုက်ချင်လည်းနေ … ငါတော့ ဦးရုက္ခစိုးဆီ သွားတော့မယ် …။
ဖိုးရှုပ်က ပြောပြောဆိုဆို ၀ါဝီး ကော်ဖီဆိုင်တွင်းမှ ထထွက်ရန်ပြင်လိုက်သည်။ ဖိုးရှုပ် စိတ်တိုသွားသည်ကို သိလိုက်၍ ကြွက်စုတ်လည်း ပြုံးစိစိဖြင့် ထိုင်ရာမှ ထလိုက်စဉ် ရုတ်တရက် ရုက္ခစိုး ပေါက်ချလာသည်။
ရုက္ခစိုး။ ။ ငါ့ဆီ မင်းတို့လာစရာ မလိုတော့ဘူးဟေ့ … ငါလည်း ကော်ဖီလေး ဘာလေးသောက်ချင်လို့ကွာ …။
ကြွက်စုတ်။ ။ ရုက္ခစိုးလည်း ကော်ဖီကြိုက်တတ်သလား …။
ရုက္ခစိုး။ ။ ဟ … မောင်ရင်ကလည်း … ဝေးနေပြန်ပြီ … ကော်ဖီလေးသောက် … အတင်းအဖျင်းလေး … အဲ ... အဲ ... သတင်းပလင်းလေး ပြောရင်းပေါ့ကွာ … ဟား … ဟား …။
ယနေ့ ရုက္ခစိုး သွက်လက်နေပုံကို ဖိုးရှုပ်က ဘာမှ မပြောသေးဘဲ ကြည့်နေသည်။ ပြီးမှ ၀င်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ သတင်းထူးတွေများ ရထားလို့လား ဦးရုက္ခစိုး … ဒီမှာ NC ပြဿာနာတော့ ဖြစ်နေပြီ …။
ရုက္ခစိုး။ ။ ဖြစ်ရမယ်လေ … အဲဒါကိုက ဖြစ်စရာ ဖြစ်နေတာဆိုတော့ … ဖြစ်မှာပေါ့ …။
ကြွက်စုတ်။ ။ ဟင် … သူလည်း ပြောတာ မရှင်းမရှင်းနဲ့ … ဦးရုက္ခစိုး အစစ် ဟုတ်ပါတယ်နော် …။
ရုက္ခစိုး။ ။ ဟေ … ငါက အစစ်မဟုတ်လို့ နင့် ဂျီးဒေါ် အ၀ှာလား …။
ရုက္ခစိုး ငေါက်လိုက်သောကြောင့် ကြွက်စုတ် အနည်းငယ်တန့်သွားသည်။
ကြွက်စုတ်။ ။ ဒီ … ဒီ လိုလေ … အခု ပြဿနာဖြစ်နေတဲ့ NC ကိုက အတုကြီးလေ … အဲဒါနဲ့ ရောသွားလို့ … ဟို … NC က စကတည်းက ပြဿနာနဲ့စတာ … စစ်အစိုးရလုပ်တာဆိုတော့ … အခုပြီးတော့လည်း ပြဿနာကျန်ခဲ့တယ် … မရှင်းမရှင်းလေ … ကျနော်နဲ့ ဖိုးရှုပ်လည်း ပြဿနာဖြစ်တော့မလို့ … အဟဲ …။
ရုက္ခစိုးက သိပ်ကျေနပ်ပုံမရ ကြွက်စုတ်ကို ခပ်စိမ်းစိမ်းကြည့်နေသည်။
ရုက္ခစိုး။ ။ ဘာမရှင်း မရှင်းလဲ … မင့်ဟာက …။
ကြွက်စုတ်မှာ မရှင်းမရှင်း ဆိုတာကို ရှင်းရတော့သည်။ ဖိုးရှုပ်ကတော့ ခပ်တည်တည် ကြည့်နေသည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးလည်း သိပါတယ် … အခု အဲဒီဟာကြီးသာ ပြီးသွားတယ် … လူထုထောက်ခံပွဲတွေ ဘယ်တော့ လုပ်မယ် … ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ် … သူတို့ လမ်းပြမြေပုံက ကျန်တဲ့ အချက် ၆ ချက်ကို ဘယ်အချိန်အတွင်း ပြီးစီးအောင် အကောင်အထည် ဖေါ်မယ်ဆိုတာတွေကို ရှင်းလင်းအောင် မရှင်းဘူးလေ …။
ကြွက်စုတ် အလျှောက်ကောင်း၍ အထောင်းသက်သာသွားရသည်။ ရုက္ခစိုးက မျက်နှာကြော အနည်းငယ်လျော့သွားပြီး ဖိုးရှုပ်လည်း စကားဝိုင်းအတွင်း ပြန်ဝင်လာသည်။
ဖိုးရှုပ်။ ။ အဲဒီလိုသာ မရှင်းတာ … NC နောက်ဆုံးနေ့က ဗိုလ်ချုပ်သိန်းစိန်က သူ့ နိဂုံးချုပ် မိန့်ခွန်းမှာ တိုင်းရင်းသား တွေကိုတော့ ပျားရည်နဲ့ ၀မ်းချထားသေးတယ် …။
ရုက္ခစိုး။ ။ ဘယ်လို ၀မ်းချတာလည်းကွ … ငါတော့ မသိသေးဘူး … ပြောပါဦး …။
ဖိုးရှုပ်။ ။ အဲဒီ မိန့်ခွန်းထဲမှာ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ “ဒေသ” တွေ ဖွဲ့စည်းပေးသွားမယ်လို့ပါတယ်။ ဒါပေမယ့် ၀ကိုကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “တိုင်း” ဆိုပြီးတော့ အထူးအခွင့်အရေး ပေးတဲ့သဘော သုံးထားတယ်ခင်ဗျ…။
ကြွက်စုတ်။ ။ ၀ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာ ပိုတောင့်တင်းတဲ့ သဘောကြောင့် ဖြစ်မှာပေါ့ … ဒါ တိုင်းရင်းသား အချင်းချင်းကို ခွဲခြားဆက်ဆံတဲ့ သဘောပဲ…။
ရုက္ခစိုး။ ။ ဘယ်လို ... ဘယ်လို … ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေတွေကို စစ်တပ်ကပေးမယ်ဆိုတဲ့ သဘောလား …။
ဖိုးရှုပ်။ ။ ဒီလိုပါ ဦးရုက္ခစိုးရဲ့ … အခုပြီးသွားတဲ့ NC မှာ ချမှတ်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်ရမယ့် အခြေခံမူထဲမှာ ပါတယ်ဆိုတာကို ပြောတာ … အဓိကနေရာနဲ့ လုပ်ပိုင်ခွင့်တွေကိုတော့ စစ်တပ်က ဆက်လက်ပါဝင် ဆုပ်ကိုင်ထားဆဲလေ …။
ရုက္ခစိုး။ ။ တခြားရော ဘာထူးသေးလဲ … အဲဒီ NC လုပ်နေချိန်မှာ လောင်စာဆီဈေး မြှင့်လိုက်တာရော ဘယ်လိုထင်လဲ …။
ကြွက်စုတ်။ ။ အာ … ဦးရုက္ခစိုးကလည်း update ဖြစ်တာကိုမပြောဘူး … ဒီလောင်စာဆီဈေးမြှင့်တာကို ပြန်နှူး နေပြန်ပြီ … အခုဆက်ပြီး မြန်မာပြည်အနှံ့ ဆန္ဒပြနေကြတယ် … ကျောင်းသားခေါင်းဆောင်တွေ အပါဖမ်းထားတဲ့ သူတွေကို ပြန်မလွှတ်သေးဘူး … အဲဒီနောက်ပိုင်း ဦးဆောင်တဲ့ မစုစုနွေး၊ မဖြူဖြူသင်း၊ မနီလာသိန်း အစရှိတဲ့ အမျိုးသမီးခေါင်းဆောင် တွေလည်း တိမ်းရှောင်နေရတယ် … ပြီးတော့ ဗိုလ်ချုပ်သိန်းစိန်က သူ့ နိဂုံးချုပ်မိန့်ခွန်းထဲမှာ ကြော်ငြာထိုးသွားသေးတယ် … မြန်မာ့ရုပ်သံအတိုင်းပဲ …။
ကြွက်စုတ်က ဝေဖန်ဆန်းစစ် သူ (analyst) တဦး လေသံမျိုးဖြင့် မနားတမ်းပြောချလိုက်ရာ ဖိုးရှုပ်က အမြင်ကပ်စွာကြည့် နေပြီး ကြွက်စုတ်ကို ၀င်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ငကြွက် ... မင့်လေကို နည်းနည်း နှိမ့်လို့မရတော့ဘူးလား … လူကြီးကို ပြောတဲ့လေက ငါ ပြောလိုက်ရရင် …။
ရုက္ခစိုးက လူကြီးတဦး၏ အိနြေ္ဒဖြင့်ကြွက်စုတ်ကို ၀င်မေးလိုက်သည်။ ယနေ့ရုက္ခစိုးက စိတ်ရှည်နေသည့် ပုံပင်။
ရုက္ခစိုး။ ။ ကဲ ... ထားပါ … ဗိုလ်ချုပ် သိန်းစိန်က ဘာကြော်ငြာထိုးတာလဲ …။
ကြွက်စုတ်။ ။ ဟာ … အဲဒီ မိန့်ခွန်းထဲမှာလေ … ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွေထက် အခု သူတို့ ရေးဆွဲမယ့် အခြေခံဥပဒေက ပိုသာတယ်ဆိုပြီး ကြော်ငြာသွားတယ်လေ … သတင်းစာတွေမှာတောင် ပါသေးတယ် … နောက် ထူးခြားမှုတခုလည်း ကြားရသေးတယ်ခင်ဗျ … ဦးရုက္ခစိုးတို့တောင် သွားရည်ယိုသွားနိုင်တယ် …။
ဖိုးရှုပ်။ ။ ပြောမှာသာ ပြောတာမဟုတ်ဘူး … ဒီနေ့ ငါမင်းကို သိပ်စိတ်မရှည်ချင်တော့ဘူး ငကြွက် … ကြွက်စုတ်က
ဖိုးရှုပ်ကို ဘာမှ မတုံ့ပြန်ဘဲ ဆက်ပြောလိုက်သည်။
ကြွက်စုတ်။ ။ အဲဒီ NC တက်တဲ့ ကိုယ်စားလှယ်တွေကိုတဲ့ အခုပြီးသွားချိန်မှာ ကျပ် သိန်း ၆၀၀ လောက်တန်တဲ့ ကားပါမစ်တွေ ထုတ်ပေးလိုက်တယ်တဲ့ … မနိပ်လား … တက်တဲ့ လူတွေတော့ ထောတာပဲ …။
ဤတွင် ဖိုးရှုပ်က အားပါးတရ ရယ်လိုက်သည်။
ဖိုးရှုပ်။ ။ ဟား … ဟား … ဟား … ဟေ့ကောင် ... အဲဒီသတင်းက ငါလည်းကြားတယ် … အတည်ပြုမရလို့ … ငါ့သတင်းဌာနကို မပို့တာ … နောက်ဆက်တွဲ ဘာဖြစ်သလဲ ဆိုတာကိုရောကြားလား … ငါ ပြောပြမယ် … အစအဆုံး တက်သူကိုသာ ကားပါမစ်ပေးပြီး နောက်မှ ဖြတ်တက်ရတဲ့ သူတွေက မရလို့ ဆူညံ ပူညံတွေဖြစ်နေသတဲ့ … အဲဒီမှာ မင့် ပါးစပ်ကြီးကို ဟပြီး သွားရည်ကျနေပေတော့ … ငါတော့ပြန်ပြီ …။
ဖိုးရှုပ်က ပြောပြောဆိုဆို စကားကို ဖြတ်ချလိုက်ပြီး ထပြန်သွားရာ ကြွက်စုတ်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ရေနွေးကြမ်း ခွက်ကို ကိုင်ကာ ရုက္ခစိုးကို မျက်ခုံးပင့်ပြရင်း ကျန်ရစ်ခဲ့တော့သည်။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/cmnat2007/September/186.html ကနေ ယူတယ်။)
No comments:
Post a Comment