Sunday, September 9, 2007

a very senior monk's words on the strike


သံဃာတော်များရဲ့ မေတ္တာပို့လမ်းလျှောက်ပွဲ ၀ိနည်းတော်နဲ့ ညီကြောင်း
ရွှေကျင်သာသနာပိုင်က မိန့်ကြား

ဒီဗွီဘီ၊ ခင်မောင်စိုး။ စက်တင်ဘာ ၈

“ဒို့လည်း ပြောသင့်တဲ့ဟာလည်း ပြောပါတယ်၊ သူတို့က နာနေတာပေါ့၊ နားထောင်နေတာပေါ့။ တို့ကလည်း တရားဟော၊ ဟောတာပေါ့လေ။ နားထောင်နေတာပေါ့။ သူတို့က အပြန်အလှန်မရှိပါဘူး။”



ပခုက္ကူနဲ့ စစ်တွေမြို့တို့မှာ သံဃာထုက ပြည်သူလူထု ဆင်းရဲကျပ်တည်းမှုက လွတ်မြောက်ရေး အတွက် မေတ္တာပို့လမ်းလျှောက်ခဲ့တာကို ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးက ထောက်ခံမိန့်ကြားလိုက်ပါတယ်။

ပြည်သူလူထုရဲ့ ကောင်းကျိုးချမ်းသာအတွက် ရဟန်းသံဃာတော်များက မေတ္တာပို့လမ်းလျှောက်တာဟာ ၀ိနည်းတော်နဲ့ညီကြောင်း၊ ကောင်းမွန်ပါကြောင်း ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး က မိန့်ကြားပါတယ်။

“၀ိနည်းတော်နဲ့ညီတာပေါ့ကွ၊ မေတ္တာပို့တဲ့အလုပ်ကိုလုပ်တယ်၊ မေတ္တာပို့တာ ကောင်းတာ ပေါ့ ”

ဒကာဒကာမတွေ ကျပ်တည်းမှုပြေပျောက်ဖို့အတွက် ဆရာတော်တွေအနေနဲ့ နိုင်ငံခေါင်းဆောင်တွေကို တင်ပြသင့်တယ်လို့လည်း ဆရာတော်က မိန့်ကားပါတယ်။

“ဒါကတော့ ကောင်းတာပေါ့ကွာ။ အဲဒါတွေကတော့၊ လူတွေဆင်းရဲနေတာကို မဆင်းရဲအောင် လုပ်ပေးပါလို့ပြောတာ ကောင်းတာပေါ့။”

ဆရာတော်သံဃာတော်များက ပြောသင့်ပြောထိုက်တာတွေကို ဟောပြောပေမယ့် အာဏာပိုင် ခေါင်းဆောင်များဘက်က တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးက မှတ်ချက်ချတော်မူပါတယ်။

“ဒို့လည်း ပြောသင့်တဲ့ဟာလည်း ပြောပါတယ်၊ သူတို့က နာနေတာပေါ့၊ နားထောင်နေတာပေါ့။ တို့ကလည်း တရားဟော၊ ဟောတာပေါ့လေ။ နားထောင်နေတာပေါ့။ သူတို့က အပြန်အလှန်မရှိပါဘူး။”

( မှတ်ချက် - http://burmese.dvb.no/textonly/ ကနေ ယူတယ်။)


No comments: