Friday, September 28, 2007

(ရွက်မွန်၊ မဇ္ဈိမတို့မှာလည်း ဖတ်နိုင်တဲ့ ဆောင်းပါးဗျာ။ ခင်ဗျားတို့ မသိလိုက်မှာစိုးလို့ တင်ပေးလိုက်ပါရဲ့။ လက်ရှိနိုင်ငံရေးအခြေအနေစိတ်ဝင်စားသူများ ဖတ်သင့်။)

စစ်အစိုးရ ပြိုကွဲနေပြီ

အောင်သူငြိမ်း

“ - - - ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။ - - - ”




စစ်တပ်များက လမ်းများပေါ်တွင်ဆန္ဒပြနေကြသော သံဃာများနှင့် ကျောင်းသား၊ ပြည်သူများကို လက်နက်အားကိုး၍ ရက် ရက်စက်စက် ဖြိုခွဲလာခဲ့သည်။ ဘုန်းတော်ကြီးကျောင်းများကိုလည်း ရန်သူ့စခန်းသဖွယ် ၀င်ရောက်စီးနင်းခဲ့သည်။ သံဃာ တော်များ ရိုက်နှက်ခံရ၊ ရာနှင့်ချီ၍ ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများက နောက်ဆုတ်မည့်ဟန်မရှိ။ ဆက်လက် စုဝေးဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ဆုံး အကြမ်းဖက်သည့်နည်းကို ထုတ်သုံးရသည့်အချိန်မှစ၍ စစ်အစိုးရ ကျဆုံးတော့မည့် အရိပ်အယောင်ကို ပြလိုက်ခြင်းပင် ဖြစ်သည်။ သူ၏သေခေါင်းလောင်းကို သူထိုးလိုက်ခြင်းသာ ဖြစ်သည်။
ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။

စစ်အစိုးရက လူထုဆန္ဒပြပွဲများကို ချေမှုန်းရန် လက်နက်ကိုင်တပ်များကို ဆက်လက် အမိန့်ပေးခိုင်းစေနေနိုင်သေးသော အချိန်တွင် ကျဆုံးသွားပြီဟု မိမိပြောလိုက်ခြင်းကို စောဒက တက်ကောင်း တက်နိုင်ပါသည်။ မိမိတွင် ထောက်ပြရန်အချက် များစွာ ရှိနေပါသည်။

(၁)
လူ့ယဉ်ကျေးမှုကြီး ထိပ်တိုက်တွေ့ခြင်း

ဆန္ဒပြပွဲများ စတင်လာခဲ့စဉ်ကပင် သံဃာများက “ဓမ္မ၀ါဒီများနှင့် အဓမ္မ၀ါဒီ” များ၏ တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြသည်။ တရားသူများနှင့် မတရားသူများ၏ တိုက်ပွဲ၊ Good Vs Evil တိုက်ပွဲဟုပင် ဆိုရပါလိမ့်မည်။ မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ နိုင်ငံများ၊ အိန္ဒိယ၊ သီရိလင်္ကာစသဖြင့်၊ တရုတ်နှင့် တိဘက်၊ ကိုရီးယား နိုင်ငံများက အနည်းနှင့်အများဆို သလို ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကား လွှမ်းမိုးခဲ့သော နိုင်ငံများ ဖြစ်သည်။ သာသနာထွန်းကားခဲ့ရာ နှစ်ပေါင်း (၂၅၀၀) ကျော် ကာလအတွင်း ပြန်ကြည့်ပါ။ ဤကဲ့သို့ ကြီးမားပြင်းထန်လှသော၊ အတိုင်းအဆ ကြီးမားလှသော သံဃာများ၏ သပိတ်မှောက်ကံဆောင်ပွဲ၊ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲမျိုး မရှိခဲ့။ ရှိခဲ့လျှင်သော်မှ အတိုင်းအဆအားဖြင့် ယခုလှုပ်ရှားမှုက အရေအတွက်အရရော၊ အတိုင်းအဆအရပါ များစွာ ကြီးကျယ်လှပါသည်။ ဤအခြေအနေတွင် အကြမ်းဖက်ဆောင်ရွက်မှု သည် သာသနာသမိုင်းတွင်အကြီးဆုံး အမဲစက် ဖြစ်စေပါလိမ့်မည်။ ထို့အပြင် အိမ်နီးချင်းရှိ ဗုဒ္ဓဘာသာနိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ဆက်ဆံရေးကိုလည်း ရှေ့ရှောက်ထိခိုက်စေတော့မည် ဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးကဲ့သို့သော အကြောင်းကိစ္စများက လူအများ၏ စိတ်ကို တစုံတရာနှိုးဆွနိုင်ပါသည်။ သို့သော် လည်း လူမျိုးရေးကိစ္စက ၎င်းကိစ္စများထက် ပို၍ လှုံ့ဆော်စည်းရုံးနိုင်စွမ်းရှိပါသည်။ လူမျိုးရေးထိလျှင် ဟုန်းကနဲမီးထ တောက်သည့် အဖြစ်မျိုး ရှိဖူးသည်။ သို့သော်လည်း ဘာသာရေးကိစ္စက ထိုထက်ပို၍ ကျယ်ဝန်းပါသည်။ ဥရောပတလွှား ဘာသာရေးကြောင့် စစ်ခင်းရသည့်ကိစ္စများအထိ ရှိခဲ့ဖူးသလို၊ အီရန်နိုင်ငံတွင်လည်း ရှားဘုရင်ကို ပြုတ်ကျစေ၍ ခိုမေနီ အာဏာရစေခဲ့သော အဖြစ်များ ရှိခဲ့ဖူးပါသည်။ ဘာသာရေးကိစ္စသည် အထူးထိလွယ်ခိုက်လွယ်ကိစ္စဖြစ်ပြီး၊ လူမျိုးရေးထက် ပင် ပို၍ ပြင်းထန်တတ်ပါသည်။ ထို့အပြင် ဘာသာရေးကိစ္စသည် နယ်နိမိတ်များကို ကရုမထားပဲ ပျံ့နှံ့စေနိုင်သည်။ လူမျိုး ရေး မီးလျှံထက်ပို၍ ပြင်းပါသည်။ ယခုတော့ စစ်အစိုးရက ပျားအုံတုတ်နှင့် ထိုးသည်ထက် ဆိုးခဲ့ပြီ၊ ဘာသာရေးထိခိုက် စော်ကားသည့် မီးတောက်ကို မွှေးခဲ့ပြီ ဖြစ်သည်။

ဤသည်ထက်မက အရေးကြီးသောအကြောင်းများ ရှိသေးသည်။ မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများ၊ အသင်းအပင်းများ ကို စနစ်တကျ ဖြိုခွဲခဲ့သည်မှာ ကြာခဲ့ပြီ။ ဦးနေ၀င်း အာဏာသိမ်းချိန် (၁၉၆၂) ခုနှစ်စ၍ တတိတိဖြိုခွဲလာခဲ့ရာ အတော်ချိနဲ့ သော အနေအထားဖြင့်သာ ရှိနေကျန်နေတော့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ခိုင်မာစွာ အဖွဲ့အစည်းဖြင့်၊ အင်နှင့် အားနှင့် ကျန်နေသော အဖွဲ့အစည်း (၂) ခုသာ ရှိတော့သည်။ တခုမှာ စစ်တပ်ဖြစ်ပြီး၊ အခြားတခုမှာ ဗုဒ္ဓဘာသာ သံဃာ တော်များဖြစ်သည်။ ယခုတော့ ဤကဲ့သို့သော “ရိုးရာအစဉ်အလာအရ၊ ဖွဲ့စည်းပုံအရအရ စနစ်တကျရှိသော အဖွဲ့အစည်း ကြီး ၂-ခု ထိပ်တိုက်တွေ့နေကြပြီ”ဟု သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် သုံးသပ် ချက်ကို မိမိသဘောတူပါသည်။ မြန်မာနိုင်ငံ လူ့ယဉ်ကျေးမှု အခြေချလာစဉ်မှစ၍ အမြစ်တွယ်ခဲ့သော ရိုးရာသံဃာ့၊ ဗုဒ္ဓ ဘာသာ အဖွဲ့အစည်းကြီးကိုပါ စစ်အစိုးရက စိမ်ခေါ်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်က စုစုပေါင်းလူဦးရေ၏ (၈၉. ၂%) ရှိသည်။ လက်ရှိ ပစ်ခတ်နေကြသော စစ်သား၊ ရဲတပ်ဖွဲ့ဝင်အများပင်လျှင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ သံဃာဦးရေမှာလည်း များလှသည်။ သာသနာရေးဝန်ကြီးဌာနရှိ စာရင်းအရပင် (၂၂၆, ၅၀၈) ပါးရှိသည်။ အချို့သောလေ့လာချက်များက ဤထက်ပို၍ ရှိသည်။ တသန်းခွဲ (လူဦးရေ၏ ၃% မျှပင်) ရှိမည်ဟု ဖော်ပြကြသည်။ တနိုင်ငံလုံးတွင် ဘုန်းတော်ကြီးကျောင်းပေါင်းက (၅၈, ၃၉၉) ရှိပြီး၊ တနိုင်ငံလုံးအနှံ့အပြား တောရောမြို့ပါမကျန်တည်ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် သံဃာ့များ၏ ဖွဲ့စည်းပုံကလည်း စနစ်တကျရှိသည်။ မဟာသံဃာ့နာယကအဖွဲ့အစည်းကဲ့သို့ ဦးသျှောင်အဖွဲ့ အစည်းများရှိသလို၊ ဒေသအလိုက် အဖွဲ့များရှိသည်။ ၀ိနည်းအရ အဖွဲ့များရှိသည်။ သံဃာ့ဂိုဏ်းများဖြင့်လည်း စနစ်တကျ ဖွဲ့စည်းထားကြသည်။ နိုင်ငံတခုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသကဲ့သို့ သံဃာများတွင်လည်း စောင့်ထိန်းရမည့် ဆယ်ပါး သီလနှင့် (၂၂၇) သွယ်သော သိက္ခာပုဒ်ရှိနေသည်။ မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းပေါင်း (၁၀) ခုမျှ ရှိပြီး၊ အင်အားအကြီးမား ဆုံးက သုဓမ္မာဂိုဏ်းဖြစ်သည်။ (၈၅%) ခန့်သော သံဃာများကို ချုပ်ကိုင်ထားနိုင်ပြီး၊ သံဃာအင်အား (၃) သိန်းခန့်အထိ ရှိမည်ဟု ဖော်ပြကြသည်။ ရွှေကျင်ဂိုဏ်း (၅%) (သံဃာအင်အား ၂ သောင်းမှ ၃ သောင်းခန့်)၊ ဒွါရဂိုဏ်း (၃%)၊ ငှက်တွင်း ဂိုဏ်း (၂%) စသဖြင့် တည်ရှိနေကြသည်။ သံဃာများ၏ လက်နက်အင်အားမှာ အကြမ်းမဖက်သည့်နည်း၊ မေတ္တာနည်း သာဖြစ်သော်လည်း စစ်အစိုးရက ၎င်းတို့ကို စစ်ဆင်လာခဲ့သည်။ မအောင်မြင်နိုင်သော မပြီးဆုံးနိုင်သော၊ အန္တရာယ်ကြီး လှသော စစ်ပွဲကို စစ်အစိုးရက တိုက်နေခြင်းသာဖြစ်သည်။ ကျရှုံးရခြိမ့်မည်ဖြစ်သော စစ်ပွဲကို တိုက်နေခြင်းလည်း ဖြစ် သည်။

ထို့အပြင် စစ်အစိုးရ၏ ညံ့ဖျင်းလှသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု၊ ၀န်ဆောင်မှုများကြောင့် လွန်ခဲ့ သောနှစ်များ အတွင်းတွင် သံဃာများက လူမှုရေးကူညီပံ့ပိုးမှု လုပ်ငန်းများကိုလည်း ကူညီလာခဲ့ကြရသည်။ ယမန်နေ့က ၀င်စီးခံရသော မဂ္ဂကျောင်းတွင် HIV စွဲကပ်ခံရသောဝေဒနာသည်များကို ကူညီထားရသည်။ ထို့အပြင် ဘုန်းတော်ကြီး ကျောင်း ပညာရေးဟူ၍ ကလေးရင်သွေးများ၏ ပညာရေးကို သံဃာများကလည်း ကူညီပံ့ပိုးပေးနေရသေးသည်။ မြန်မာ နိုင်ငံတခုလုံးတွင် ဘုန်းတော်ကြီးကျောင်းပညာရေးအနေဖြင့် အထက်တန်းကျောင်း ၂ ခု၊ အလယ်တန်းကျောင်း ၂၅၆ ခု၊ မူလတန်းပညာရေးကျောင်း ၁၀၅၅ ခုကို ပံ့ပိုး ဆောင်ရွက်ပေးနေကြရသေးသည်။ ထိုကျောင်းများတွင် ကလေးငယ်ပေါင်း (၂၀၄, ၄၈၇) ကို ပညာသင်ကြားပေးနေကြသေးရာ သံဃာများ၏ ပံ့ပိုးနိုင်မှု အတိုင်းအဆကို တွက်ဆနိုင်သည်။ အချို့ ကျောင်းများတွင် ကလေးများ ၈၀၀၀ ခန့်အထိ လက်ခံသင်ကြားနေကြရသေးသည်။ ဤကဲ့သို့သော လူမှုရေးသြဇာအရ၊ စည်းရုံးရေး အရှိန်အ၀ါအရ သြဇာကြီးလှသော သံဃာထုကို စစ်ခင်းနေခြင်းကြောင့် စစ်အစိုးရအနေဖြင့် မနိုင်သော စစ်ပွဲကို တိုက်နေခြင်းဟု မိမိပြောခြင်း ဖြစ်ပါသည်။

(၂)
စစ်တပ်ဖွဲ့စည်းပုံနှင့် အာဏာစီးဆင်းပုံလမ်းကြောင်း

အချက်ပေါင်းများစွာ ရှိသည့်အနက်၊ နောက်တချက်မှာ စစ်အစိုးရအတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု များလာသည်နှင့်အမျှ အမှား လည်း များလာသည်။ ခြစားမှု၊ မထိရောက်မှုက ပိုများလာသည်။ မကြာသေးမီက လောင်စာဆီဈေးနှုန်းများ မြှင့်လိုက်ခြင်း သည်ကပင် ဤသို့ဆုံးဖြတ်အကဲဖြတ်ချက် အမှားများကို ပြနေခြင်း ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖြစ်နေချိန်၊ နိုင်ငံတကာက စောင့်ကြည့်နေချိန်၊ ထိန်းသိမ်းလုပ်ကိုင်ပါရန် စိုးရိမ်စိတ်များနှင့် ဖော်ပြနေစဉ်မှာပင် ထပ်မံ အကြမ်းဖက်ခဲ့ပြန်သည်။ ပိုဆိုးသည်မှာ နိုင်ငံခြားသားသတင်းထောက်တဦးကိုပင် သတ်ဖြတ်ခဲ့ပြန်သည်။ ပို၍ အမှားများ လာခြင်းကို ပြနေသည်။

စစ်အစိုးရတွင် ပြဿနာများစွာ ရှိနေသည်။ သန်းရွှေလွန်လျှင် ဆက်ခံမည့်သူကို ချမှတ်ထားနိုင်ခြင်း မရှိ။ ဤသို့ ဆက်ခံရေး ပြဿနာကို ဖြေရှင်းနိုင်သည့် စနစ်လည်း မရှိ။ ထို့အပြင် စစ်အစိုးရအတွင်း အာဏာလွန်ပွဲ ပြင်းထန်နေသည်။ မကြေလည် မှုများ ကြီးထွားနေသည်ဟုလည်း သတင်းများ ဖြစ်နေသည်။ ဖြစ်တန်ရာသည်။ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခဲ့ သည်။ လက်သည် မပေါ်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း နှိပ်ကွပ်ခဲ့သည်။ သူ၏ ထောက်လှမ်းရေးတဖွဲ့လုံး ကိုလည်း ဖြိုထားခဲ့သည်။ စစ်အစိုးရ အစည်းအဝေးများက ဖြုတ်-ထုတ်-ရှင်း လုပ်ခဲ့သည်မှာလည်း အများအပြား။ ယခင် သူတို့၏ ဖခင်ကြီးဦးနေ၀င်းနှင့် မိသားစု၊ အုပ်စုများကိုပါ အလွတ်မပေးခဲ့။ နှိပ်ကွပ်ဖြေရှင်းခဲ့သည်။ ယခုအချိန်တွင်တော့ ပြဿနာအားလုံး ဆုံ၍တက်လာတော့မည့် အချိန်ဟု ဆိုရပါလိမ့်မည်။

ထို့အပြင် စစ်တပ်အင်အား အဆမတန်ချဲ့ထွင်ခဲ့မှုကြောင့် မလုံလောက်မှုများပေါ်ပေါက်နေသည်။ တပ်တွင်း ဖိနှိပ်မှုများ ကြောင့်လည်း စစ်သားများ ထွက်ပြေးနေကြပါသည်။ အစီရင်ခံစာတခုအရ လွန်ခဲ့သော (၆) လ ကာလအတွင်းတွင် ထွက်ပြေးသူ စစ်သားပေါင်း (၉၀၀၀) ကျော် ရှိသည်ဟု ဆိုပါသည်။ ဤသည်မှာ နအဖစစ်တပ်၏ တပ်မတခုစာနှင့်ပင် ညီမျှ နေပါသည်။ ဤပုံစံမျိုးဖြင့် ဆက်လက် ထိန်းချုပ်ရန် မလွယ်တော့ပါ။

ထို့အပြင် နိုင်ငံတကာ ဖိအားများက ဆက်လက် တိုးတက်လာနေသည်။ စစ်အစိုးရ လမ်းရွေးရန်အချိန် ဖြစ်နေပါပြီ။ စစ် အစိုးရ၏ တရားဝင်မှုကလည်း မရှိသလောက် ကုန်ဆုံးခဲ့ပေပြီ။ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နေပါသည် ဟု လိမ်လည်နေသော မုသားများလည်း မထိရောက်တော့ပါ။ အခွင့်ကောင်းများစွာ ရှိခဲ့သော်လည်း စစ်အစိုးရခေါင်းဆောင် များက လျစ်လျူရှု ပစ်ပယ်ထားခဲ့ပါသည်။ သိပ်နောက်ကျသွားပါပြီ။ နောက်ဆုံး အချိန် ဖြစ်နေပြီ ဖြစ်ကြောင်း အချက် အားလုံးက ခေါင်းလောင်းထိုးနေခဲ့ပြီ ဖြစ်ပါတော့သည်။



မူရင်း


fine-leaves.blogspot.com

No comments: