Wednesday, September 12, 2007

martial law for monks

သံဃာတော်များကို ကန့်သတ်ထိန်းချုပ်လာ

Irrawaddy/ ကိုစိုး | စက်တင်ဘာ ၁၂၊ ၂၀၀၇

စစ်အစိုးရ အာဏာပိုင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတချို့ကို ကန့်သတ်မှုများပြုလုပ်၍ ညမထွက်ရ အမိန့်ထုတ်ပြန်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း ပဲခူးမြို့ ဘုန်းတော်ကြီးကျောင်းများတွင် လုံခြုံရေးများချထားပြီး သက်ဆိုင်ရာ အာဏာပိုင်များက သံဃာတော်များ ဆွမ်းခံကြွချိန်ကို အချိန် တနာရီသာ သတ်မှတ်ပေးထားကြောင်း ပဲခူးမြို့မှ သံဃာများနှင့် နီးစပ် သူ တဦးက ယနေ့ ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များကို ည ၉ နာရီမှ မနက် ၄ နာရီအတွင်း ပြင်ပသို့ မထွက်ရန် လွန်ခဲ့သည့် တပတ်ခန့်က အမိန့်ထုတ်ပြန်ထားသည်ဟု စစ်တွေမြို့ ဂန္ဓာရုံ ကျောင်းနှင့် အလိုတော်ပြည့် ကျောင်းမှ သံဃာများကပြောသည်။

သြဂုတ်လ ၂၈ ရက်က စစ်တွေမြို့တွင် သံဃာတော် အပါး၂၀၀ ကျော် လမ်းလျှောက်ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့ကဆိုသည်။

“ဒီမှာအရေးအခင်းဖြစ်ပြီးတော့မှ ထုတ်လိုက်တာ၊ နိုင်ငံတော် သံဃနာယက အဖွဲ့ကထုတ်တာ”ဟု ဂန္ဓာရုံကျောင်း သံဃာတော်က ပြောသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က စက်တင်ဘာ ၆ ရက် ညဉ့်လယ်မှ စတင်၍ အရေးပေါ်ကာလအဖြစ် မြန်မာနိုင်ငံတ၀န်း ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ထုတ်ပြန်ကြေညာထားကြောင်း သတင်းရရှိသည်။

ယင်းကြေညာချက်တွင် ထူးခြားမှုဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ သတင်းပို့ရန်၊ အရေးပေါ်ကာလရုတ်သိမ်း မည့် ရက်အား အကြောင်းကြားမည်ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်အား အလေးထားလိုက်နာ ဆောင်ရွက်သွားရန် တို့ပါရှိသည်။

မကြာသေးခင်က ပခုက္ကူတွင်ဖြစ်ပွားသည့် သံဃာ ဆန္ဒပြမှုနှင့်ပတ်သက်ပြီး ပဲခူးမြို့ဘုန်းတော်ကြီး ကျောင်းများသို့ A4 ဆိုက်ခန့်ရှိ စာများ ဝေသည်ဟု လည်း သိရသည်။

“စာတွေလည်းဝေတယ် အတွင်းသိ ကရေးတဲ့ပုံစံမျိုး၊ ဘုန်းကြီးတွေက လွန်တာဆိုပြီးတော့၊ ဒါပေမယ့် လူတွေက ရေဒီယိုတွေ သတင်းဌာနတွေကနေ အကုန်လုံး သိပြီးနေပြီ၊ မဟုတ်တာလုပ်တယ် ကလိန်ကျတယ်ဆိုပြီး လူတိုင်း လိုကလည်း ပြောနေကြတယ်”ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

ယင်းစာများသည် စစ်အစိုးရလိုလားသူများက အာဏာပိုင်များဘက်က ဖြေရှင်းထားသည့် စာများဖြစ်သည်ဟု လည်း ဆိုသည်။

စက်တင်ဘာ ၅ ရက်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်းဆန္ဒပြ သံဃာ များအား ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

နောက်တနေ့ စက်တင်ဘာ ၆ ရက်တွင် ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်) ကျောင်းသို့ လာရောက် သော အစိုးရအဆင့်မြင့် အရာရှိ ၁၃ ဦးခန့်ကို သံဃာတော်များက အလယ်တိုက် ကျောင်းဝင်းအတွင်း၌ပင် ၆ နာရီခန့် ထိန်းသိမ်းထားခဲ့သည်။

မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာတောာ်များ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို စစ်အစိုးရ အာဏာပိုင် များနှင့် စစ်တပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များက ပြင်းပြင်းထန်ထန် အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအနေ နှင့် သံဃာတော် များက ကျေအေးခွင့်လွှတ်သည်အထိ ၀န်ချတောင်းပန်ပေးရန် အပါအ၀င် တောင်းဆိုကြေညာ ချက်များကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မကြာသေးခင်က ထုတ်ပြန်ခဲ့သည်။

ယင်းတောင်းဆိုချက်များကို စက်တင်ဘာလ ၁၇ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ပေးရန်နှင့် ၄င်းရက်တွင် ဆောင်ရွက်မှု မပြုလုပ်ပါက ပတ္တနိကုဇ္ဖ န ကံဆောင် သပိတ်မှောက်ခြင်း ပြုလုပ်သွားမည်ဟုလည်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် တနင်္လာနေ့ကမူ ပခုက္ကူသို့ သာသနာရေး ၀န်ကြီး ဗိုလ်မှူးချုပ် သူရ မြင့်မောင်ရောက်ရှိလာကြောင်း ပခုက္ကူ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ သံဃာတပါးက ပြောသည်။

“သူလာတာက လာတောင်းပန်တာမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို လာရှင်း ပြတာ၊ ဆရာတော်တွေကို လှူဖွယ်ဝတ္ထုတချို့လည်း ကပ်သွားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ သာသနာရေးဝန်ကြီးက ပခုက္ကူမြို့ ပေါက်လမ်းရှိ သာသနာ့ဗိမာန်တွင် မဟာဝိဇယာရာမ(အရှေ့တိုက်) ကျောင်း၊ မဟာဝိသုတာရာမ(အလယ်တိုက်) ကျောင်း၊ မန္တလေးကျောင်း(အနောက်တိုက်)နှင့် ဗောဓိမဏ္ဍိုင် ကျောင်းတိုက်တို့မှ ဆရာတော် အပါး ၂၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ ပခုက္ကူတွင် သံဃာတော်များနှင့် အာဏာပိုင်တို့၏ ပဋိပက္ခဖြစ်ပွားပြီး ချိန်မှ စတင်၍ ပခုက္ကူ၊ မန္တလေး၊ ပဲခူးနှင့် စစ်တွေမြို့များတွင် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် တင်းကျပ်ခဲ့ခြင်းဖြစ်သည်။

( မှတ်ချက် - http://www.irrawaddy.org/bur/news2007/September/sept_12_07.html ကနေ ယူတယ်။)


No comments: