Monday, September 10, 2007

religious against the authorities

စစ်အစိုးရတောင်းပန်ရန် သံဃာ့တပ်ပေါင်းစု တောင်းဆို

Irrawaddy အေးလဲ့ | စက်တင်ဘာ ၁၀၊ ၂၀၀၇

မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာတောာ်များ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို စစ်အစိုးရ အာဏာပိုင်များနှင့် စစ်တပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များက ပြင်းပြင်းထန်ထန် အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအနေနှင့် သံဃာတော် များက ကျေအေးခွင့်လွှတ်သည်အထိ ၀န်ချတောင်းပန်ပေးရန် အပါအ၀င် တောင်းဆိုကြေညာချက်များကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် လက်ရှိကုန်ဈေးနှုန်းမြင့် တက်မှုများကို ချက်ချင်း လျော့ချပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးနှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံထားရသူများကို ချက်ချင်းလွတ်ပေးရန်၊ လူထု၏ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖမှ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ရန် စသည်ဖြင့် တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များကို စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ပေးရန်၊ ၎င်းရက်တွင် ဆောင်ရွက်မှု မပြုလုပ်ပါက ပတ္တနိကုဇ္ဖ န ကံဆောင် သပိတ်မှောက်ခြင်း ပြုလုပ်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပတ္တနိကုဇ္ဖန ကံဆောင်ခြင်းကို ၁၉၉၀ ခုနှစ်က မန္တလေးသံဃာတော်များက ပြုလုပ်ခဲ့ကြပြီး စစ်အစိုးရက နိုင်ငံတ၀န်း သံဃာ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

“ကုသိုလ်လည်း နားမလည်၊ အကုသိုလ်လည်း နားမလည်၊ ဘုန်းကြီး ရဟန်းသံဃာများကိုလည်း နားမလည် စတဲ့ ရိုင်းစိုင်းပြီး သံဃာတွေကို စော်ကားတဲ့လူတွေကို သံဃာတော်များအနေနဲ့ သာရေးနာရေး ဘာမှ မဆက်ဆံတော့ဘူး၊ ဆွမ်းလည်း အလှူမခံတော့ဘူး၊ အဲဒါ ကံဆောင်တာပါပဲ၊ ၀ိနည်းတော်နဲ့အညီ ကံဆောင်ခြင်းဖြစ်တယ်”ဟု ရန်ကုန်မြို့ စာသင်တိုက် တတိုက်မှ စာချဆရာတော်တပါးက ပြောကြားသည်။

စက်တင်ဘာ ၅ ရက်က ပခုက္ကူ ဆန္ဒပြသံဃာတော်များကို စစ်တပ်က သေနတ်ဖြင့် ၁၀ ချက်ခန့် ခြောက်လှန့် ပစ်ခတ်ခဲ့ပြီး ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက သံဃာတော်တချို့ကို ကြိုးကွင်းပစ် ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးဖြင့်တုပ်၍ ရိုက်နှိက်ခြင်း များကို ပြုလုပ်ခဲ့ကြသည်။ သံဃာတပါးမှာ ပြင်းထန်သည့် ရိုက်နှက်ခံရမှုကြောင့် ဆေးရုံတွင်ဆေးကုသမှု ခံယူရပြီး ပျံလွန်တော်မူသွားသည်ဟူသည့် သတင်းများပင် ထွက်ပေါ်ခဲ့သည်။

ပခုက္ကူ သံဃာများ ဆန္ဒပြမှုနောက်ပိုင်း စစ်အစိုးရက မြို့ကြီးများအပါအ၀င် နိုင်ငံတ၀န်း လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

“ဦးပဉ္ဖင်းတို့ တောင်ကြီးမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ မှာ လုံခြုံရေးတွေချထားတယ်၊ ရဲတွေကပဲ စောင့်ကြည့်နေ ပါတယ်”ဟု တောင်ကြီးမြို့မှ သံဃာတော် တပါးက ပြောသည်။

မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် သံဃာလှုပ်ရှားမှု ရှိနိုင်သည်ဟူသော သတင်းများကြောင့် အစိုးရဘက်က စောင့်ကြည့် နေကြောင်း အထက်ပါတောင်ကြီးမြို့မှ သံဃာက ပြောသည်။

သံဃာအများ၏ ဆန္ဒအရ သံဃာတော်များ အားလုံးက လုပ်ဆောင်မည်ဆိုက ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

သို့ရာတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်မှ ဦးပဉ္ဖင်းတပါးကမူ “မန္တလေးမှာတော့ ဘာမှ လှုပ်လှုပ်ရှားရှား မရှိသေးဘူး။ အားလုံးကတော့ စာဖတ်၊ စာကျက်နေကြတယ်၊ ဦးပဉ္ဖင်းအနေနဲ့ကတော့ တိုင်းပြည်အနေနဲ့  လမ်းမှန်ကမ်းမှန် ချပေးမယ့်လူ ရှိရင်၊ တကယ်လည်း တိုင်းပြည်တိုးတက် ကောင်းမွန်မယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ၀န်မလေးဘူး ဆန္ဒကတော့ရှိတယ်၊ ဖြစ်မယ်ဆိုရင်ပေါ့”ဟု ဧရာဝတီကို ပြောဆိုသည်။


( http://www.irrawaddy.org/bur/news2007/September/sept_10c_07.html ကနေ ယူတယ်။)

No comments: