Friday, September 14, 2007

to show support for NC

အမျိုးသားညီလာခံထောက်ခံပွဲများ
မြန်မာနိုင်ငံအနှံ့ပြုလုပ်ရန် စီစဉ်နေ

NEJ / ၁၄ စက်တင်ဘာ ၂၀၀၇

“ - - - မူဆယ်ခရိုင်တခုလုံးအနေနဲ့လုပ်တာ။ လူစုစုပေါင်း (၁) သောင်း လို့ပြောတာပဲ။ ပြည်ခိုင်ဖြိုးတို့၊ အမျိုးသမီးရေးရာတို့၊ နယ်စပ်ကုန်သည်ကြီးများ အသင်းတို့၊ ဌာန ဆိုင်ရာတို့ သူ့လူတွေချည်းပဲကို ထောင်ပိုင်းရှိနေပြီ - - -”



မကြာသေးမီက ပြီးစီးသွားသော အမျိုးသားညီလာခံအား ထောက်ခံသည့် လူထုစည်းဝေးပွဲများကို ကြံ့ဖွံ့အသင်းက ဦးဆောင်ပြုလုပ်သွားရန် စီစဉ်နေသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားကွင်းအတွင်း စက်တင်ဘာ (၁၅) တွင် အမျိုးသားညီလာခံထောက်ခံပွဲ တက်ရောက်ရန် ရပ်ကွက်အာဏာာပိုင်များနှင့် ကြံ့ဖွံ့အသင်းက လိုက်လံဖိတ်ကြားမှုများ ပြုလုပ်နေကြောင်း ဖိတ်ကြားခံထားရသည့် မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

၎င်းက “အဲဒီပွဲတက်ဖို့ ဗုဒ္ဓဟူးနေ့က လာပြောသွားတာ၊ အရွယ်ရောက်တဲ့လူတိုင်းတော့မဟုတ်ပါဘူး။ တအိမ်တယောက်ဆိုပေမယ့် အချို့အိမ်တွေတော့ ဖိတ်တာမရှိဘူး၊ အချို့အဖိုးကြီး အဖွားကြီးနဲ့ ကလေးတွေပဲ ရှိတဲ့အိမ်မျိုးပေါ့။ မနက် (၆) နာရီ ရယကရုံးကို အရောက်သွားရမှာ၊ အဲဒီကမှ ဘောလုံး ကွင်းကို ချီတက်ရမှာလို့ ကြားတယ်” ဟု ပြောသည်။

အဆိုပါ ထောက်ခံပွဲသို့ တက်ရောက်မည့်သူများသည် လွယ်အိတ်၊ ရေဘူး၊ ကွမ်းယာထုပ်များ
မယူရန်၊ ဦးထုပ်များဆောင်းမလာရန် ဖိတ်ကြားသည့်အချိန်ကတည်းက မှာကြားသွားကြောင်း
၎င်းက ပြောသည်။

“ဖိတ်လို့သာ သွားရမှာကိုး။ အမျိုးသားညီလာခံ စခေါ်ကတည်းက သူတို့လူတွေနဲ့ သူတို့စိတ်ကြိုက် ရေးဆွဲထားမှန်း လူတိုင်းသိနေတာပဲ။ အခုလည်း မနက်စောစောစီးစီး အလုပ်ပျက်အကိုင်ပျက်နဲ့ ဆင်းရဲဒုက္ခခံကြရဦးမှာ” ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

အလားတူ ထောက်ခံပွဲကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဘောလုံးကွင်း၌ စက်တင်ဘာ (၂၇) တွင် ကျင်းပသွားရန်ရှိပြီး ဖိတ်ကြားမှုများပြုလုပ်ရန် မယက၊ ရယကနှင့် ကျေးရွာအုပ်စု ဥက္ကဋ္ဌများကို ဆင့်ခေါ်ပြီး ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြောင်း အာဏာပိုင်များနှင့်နီးစပ်သူ မူဆယ်ဒေသခံက ပြောသည်။

၎င်းက “ဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကို ဦးရေဘယ်လောက်တက်ရမယ်ဆိုပြီး ခွဲတမ်းချတယ် တဲ့၊ အိမ်တိုင်းတော့မဖြစ်ပါဘူး။ မူဆယ်ခရိုင်တခုလုံးအနေနဲ့လုပ်တာ။ လူစုစုပေါင်း (၁) သောင်း လို့ပြောတာပဲ။ ပြည်ခိုင်ဖြိုးတို့၊ အမျိုးသမီးရေးရာတို့၊ နယ်စပ်ကုန်သည်ကြီးများ အသင်းတို့၊ ဌာန ဆိုင်ရာတို့ သူ့လူတွေချည်းပဲကို ထောင်ပိုင်းရှိနေပြီ” ဟု ပြောသည်။

အမျိုးသားညီလာခံထောက်ခံကြိုဆိုပွဲများကို မြန်မာတနိုင်ငံလုံးရှိ ခရိုင်နှင့်မြို့ကြီးများတွင် ပြုလုပ် သွားရန်ရှိပြီး တိုင်းနှင့်ပြည်နယ်အလိုက် ကိုယ်စားလှယ်များဖြင့် ကြပ်ပြေးနေပြည်တော်တွင် အောက်တိုဘာလအတွင်း ပြုလုပ်သွားရန်ရှိသည်ဟုလည်း သိရသည်။

နအဖစစ်အစိုးရက နောက်ဆုံးအကြိမ်ကျင်းပသည့် အမျိုးသားညီလာခံကို ယခုလ (၃) ရက်တွင် အပြီးသတ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန် ညီလာခံက ချမှတ်ပေးထားသည့် အခြေခံ မူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို အဓိကထားရေးဆွဲသွားမည်ဖြစ်ကြောင်း ညီလာခံ ကျင်းပရေးကော်မတီဥက္ကဌ နအဖအတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားသည်။

မြန်မာ့ဒီမိုရေစီရေး လှုပ်ရှားဆောင်ရွက်နေသူများကမူ နအဖညီလာခံမှ ချမှတ်လိုက်သော အခြေခံ မူများသည် စစ်တပ်ကအချိန်မရွေး ၀င်ရောက်စွက်ဖက်ရန် ဥပဒေအရ လမ်းကြောင်းဖွင့်ပေးထား သောကြောင့် ပြည်သူလူထုသဘောထားဆန္ဒကို ကိုယ်စားမပြုသည့် အတုအယောင်မူများအဖြစ် သတ်မှတ်ကြသည်။ ။

( မှတ်ချက် - http://www.khitpyaing.org/news/september_2007/14-9-07i.php ကနေ ယူတယ်။)


No comments: