Wednesday, September 12, 2007

ILO asks for the freedom of 6 young men

နှစ်ရှည်ထောင်ဒဏ် ချခံရသူများ လွှတ်ပေးရန် အိုင်အယ်လ်အို တောင်းဆို
ဧရာဝတီ | စက်တင်ဘာ ၁၂၊ ၂၀၀၇


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)က ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး သောကြာနေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့် ၆ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စစ်အစိုးရကို ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယခုချမှတ်သည့် ပြစ်ဒဏ်များသည် စွပ်စွဲချက်မျှဖြင့် ချမှတ်ခြင်းဖြစ်သည်ဟု အိုင်အယ်လ်အို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလိုပြစ်ဒဏ်တွေကို ချမှတ်တာဟာ အကြောင်းမဲ့တော့ မဟုတ်နိုင်ပါဘူး၊ အဓမ္မလုပ်အားခိုင်းစေမှု ဆန့်ကျင်ရေး ညှိနှိုင်းဆောင်ရွက်မှုတွေကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တခုလို့ ဆိုရပါမယ်”ဟု ထုတ်ပြန်ချက်တွင် ဂျနီဗာ အခြေစိုက် အိုင်အယ်လ်အို အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကာရီ တက်ပီအိုလာ က ပြောဆိုသည်။

ပြီးခဲ့သည့် မေလ (၁) ရက်နေ့က ရန်ကုန်မြို့အမေရိကန်စင်တာတွင် ပြုလုပ်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်း အမှတ် ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ၆ ဦး မှာ ကိုကျော်ကျော်၊ ကိုညီညီဇော် ၊ ကိုဝေလင်း၊ ကိုမျိုးမင်း၊ ကိုကျော်မင်း နှင့် ကိုသူရိန်အောင်တို့ ဖြစ်သည်။

အဆိုပါ ၆ ဦးကို ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးမှ ဒု ခရိုင် တရားသူကြီး ဦးအေးလွင်က အင်းစိန်ထောင် အတွင်းတွင် အထူးရုံးဖွင့်၍ သီးသန့်ရုံးထိုင် စစ်ဆေးကာ အမိန့်ချခဲ့ခြင်းဖြစ်သည်။

သောကြာ နေ့က ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုမျိုးမင်း နှင့် ကိုကျော်မင်းတို့ကို ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၇ (၁) နှင့်
လူဝင်မှုကြီးကြပ်ရေး (လ ၀ က) အရေးပေါ်ပြဌာန်းချက် ဥပဒေ ၁၃ (၁) အရ စုစုပေါင်း ထောင်ဒဏ်၂၈ နှစ် ချမှတ်လိုက်ပြီး ကိုကျော်ကျော်နှင့် ကိုညီညီဇော်တို့ကိုမူ ပုဒ်မ ၁၂၁ (က) အရ တကျွန်းနှင့်ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။

ပုဒ်မ ၁၂၄ (က)သည် အစိုးရကို အကြည်ညိုပျက်စေသည်ဟူသည့် ပုဒ်မဖြစ်ပြီး တကျွန်းနှင့်ဒဏ်ငွေ ကျပ် ၁၀၀၀ ၊ ပုဒ်မ ၁၇(၁)မတရားသင်းနှင့် ဆက်သွယ်သည်ဆိုသည့်ဥပဒေအရ ထောင်ဒဏ် ၅ နှစ်၊ လ ၀ ကအရေးပေါ်ပြဌာန်း ချက် ဥပဒေ ပုဒ်မ ၁၃(၁) အရ ထောင်ဒဏ် ၃ နှစ်ဟူသောပြစ်ဒဏ်များသတ်မှတ်၍ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ရှင်းပြသည်။

ယင်းပုဒ် ၁၂၄ (က)နှင့်စွဲဆိုအရေးယူခြင်းနှင့် ပတ်သက်ပြီး ဦးအောင်သိန်းက ပြစ်တင်ရှုတ်ချလိုက်သည်။

“ဒီလို ပုဒ်မမျိုးက အခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ အစိုးရကသာ ကျင့်သုံးနိုင်တာ၊ အခု အစိုးရက အခြေခံ ဥပဒေအရ ပေါ်ပေါက်လာတာမှ မဟုတ်ဘဲ”ဟု ၎င်းက ပြောဆိုသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး မိသားစုများနှင့်အတူ အကျဉ်းကျသူများ လွတ်မြောက်ရေးအတွက် အယူခံအဆင့်ဆင့် တက်သွားမည်ဖြစ်သည်ဟုလည်း ဦးအောင်သိန်းကပြောသည်။

ယနေ့ထုတ်ပြန်သည့် အိုင်အယ်လ်အို၏ ကြေညာချက်တွင် ၈၇ ကြိမ်မြောက် အိုင်အယ်လ်အို ညီလာခံ ဆုံးဖြတ်ချက်အရ မြန်မာအစိုးရသည် အိုင်အယ်လ်အို အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် စံနှုန်းများနှင့် ဆန့်ကျင်နေကြောင်း ထောက်ပြ ထားသည်။


( ဒီသတင်းကို http://www.irrawaddy.org/bur/news2007/September/sept_12c_07.html ကနေ ယူတယ်။)


No comments: