Thursday, September 20, 2007

letters from students' leaders?

အကျဉ်းကျ ကျောင်းသားခေါင်းဆောင်များ မိသားစုထံ စာရေးခွင့်ရ

Irrawaddy ကိုစိုး | စက်တင်ဘာ ၂၀၊ ၂၀၀၇

စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၄ ဦးက ၎င်းတို့၏ ကိုယ်ပိုင်လက်ရေးဖြင့် စိုးရိမ်စရာမရှိ ကျန်းမာစွာရှိကြောင်း မိသားစုများထံသို့ စာရေးပို့လိုက်သည်ဟု သိရသည်။


၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ နှင့်ကိုမာကီး (ခ) ကိုကျော်ကျော်ထွေးတို့ ၄ ဦးသည် အင်းစိန်အကျဉ်းထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းနှင့် စစ်ကြောရေး စခန်းတွင် အာဏာပိုင်များက ပြင်းထန်စွာနှိပ်စက်စစ်ဆေးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အာဏာပိုင်များက ယခုကဲ့သို့ စာများ ပေးပို့လာခြင်းဖြစ်သည်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချိုနှင့် ကိုပဏ္ဍိတ်ထွန်းတို့၏ မိသားစုများထံသို့ အာဏာပိုင် များမှတဆင့် ယခုကဲ့သို့ စာပေးပို့လာခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ယနေ့နေ့လယ်ပိုင်းတွင် ခရိုင်မှူးအဆင့်ရှိ အာဏာပိုင်နှင့်အဖွဲ့က ကိုပဏ္ဍိတ်ထွန်း၏ လက်ရေးဖြင့်ရေးသားထားသောစာကို လာပို့သွားသော်လည်း မည်သည့် နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုမူ ပြောဆိုခြင်းမရှိဟု ကိုပဏ္ဍိတ်ထွန်း၏ ညီမက ဧရာဝတီသို့ ပြောသည်။

ကိုပဏ္ဍိတ်ထွန်း၏ အမည်နှင့် လက်မှတ်ထိုးထားသော စာတွင်အဆင်ပြေ နေကောင်းကြောင်း၊ အမှုစစ်ဆေးဆဲ ဖြစ်ကြောင်း နှင့် စိတ်မပူရန်ပါရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“အခုလိုမျိုး စာလာတယ်ဆိုတော့ စိုးရိမ်နေတာ နည်းနည်းတော့သက်သာသွားတာပေါ့၊ အစကဆိုရင် ဘာဖြစ် နေမှန်းကို မသိရဘူးလေ၊ လက်ရေးကတော့ အကိုကြီး လက်ရေးပါ၊ စိတ်ကတော့ ပူနေဆဲပါပဲ၊ ဘယ်လို စစ်ဆေး နေသလဲ ဆိုတာကိုပေါ့”ဟု ကိုပဏ္ဍိတ်ထွန်း၏ ညီမက ပြောပြသည်။

ကိုပြုံးချို၏ ဖခင် ဖြစ်သူ ဦးဝင်းမောင်ကလည်း ရဲ ၂ ဦးနှင့် ရယက များက ၎င်းထံသို့ ဗုဒ္ဓဟူးနေ့က စာလာပို့သွားပြီး စာလက်ခံရရှိကြောင်းကို မှတ်တမ်းပြုသွားသည်ဟု ပြောသည်။

“ဒီစာတွေပို့တာကတော့ အိုင်စီအာစီရဲ့ တွန်းအားကြောင့်ပို့ပေးတယ်လို့ ယူဆပါတယ်” ဟုလည်း ဦးဝင်းမောင်က ပြောသည်။

အာဏာပိုင်များက ကိုအံ့ဘွယ်ကျော်၏စာကို ကိုအံ့ဘွယ်ကျော်၏ မိခင်ထံသို့လည်း ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့ ကြောင်း မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။

ကိုမင်းကိုနိုင်၊ ကိုဂျင်မီ အပါအ၀င် တခြားသောကျောင်းသားခေါင်းဆောင်များ၏ မိသားစုများထံသို့ အာဏာပိုင်များက စာပေးပို့ခြင်းရှိ မရှိကိုမူ မသိရသေးပေ။

သြဂုတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခံထားရသည့် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ နှင့်ကိုမာကီး(ခ) ကိုကျော်ကျော်ထွေးတို့ ၄ ဦးသည် အင်းစိန်အကျဉ်းထောင် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မကြာသေးခင်က အင်းစိန်ထောင်မှ လွတ်လာသူ တဦးကပြောသည်။

အဆိုပါ ၄ ဦးကို ထောင်ဆေးရုံတွင် တခြားသော အကျဉ်းသားများ မမြင်စေရန် လိုက်ကာများ ကာထားပြီး ၎င်းတို့ အနားသို့လည်းမည်သူ့ကိုမျှ သွားခွင့်မပြုဟု ၎င်းကပြောသည်။

ယင်းကျောင်းသားခေါင်းဆောင်များကို စစ်ကြောရေးစခန်းတွင်အာဏာပိုင်များက ပြင်းထန်စွာနှိပ်စက်စစ်ဆေးမှု များ ရှိခဲ့သည်ဟုလည်း အင်းစိန်ထောင်က လွတ်လာသူကဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ သော ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၁၃ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ သတင်းစာများကမူ ဆူပူမှုဖြစ်စေရန်လှုံ့ဆော်သောကြောင့် ဖမ်းဆီးထိန်းသိမ်း ရခြင်းဖြစ်သည်ဟု ရေးသားထားသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် လောင်စာဆီးဈေးနှုန်းများကို စစ်အစိုးရက အဆမတန်မြှင့်တင်လိုက်သည့်အတွက် ဘတ်စ်ကားခ နှုန်းထားများလည်း ၂ ဆခန့်တက်သွားသောကြောင့် ၈၈ မျိုးဆက်ကျောင်သားများဦးဆောင်သည့် လူ ၁၀၀ ကျော်က သြဂုတ်လ ၁၉ ရက်နေ့တွင်စတင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



မူရင်း

irrawaddy.org/bur/news2007

No comments: