Monday, September 10, 2007

activists' mobile phone went dead

ဒီမိုကရေစီရေး လှုပ်ရှားသူများ ဖုန်းအဖြတ်ခံရ
Irrawaddy ကိုစိုး | စက်တင်ဘာ ၁၀၊ ၂၀၀၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင်တချို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ လက်ကိုင်ဖုန်းများကို စစ်အစိုးရက ဖြတ်တောက်ထားကြောင်း သိရသည်။

၎င်းကိုင်ဆောင်လျှက်ရှိသော လက်ကိုင်ဖုန်းကို ယနေ့ မနက်ပိုင်းက စတင်၍ အ၀င်၊ အထွက် နှစ်မျိုးစလုံး ပိတ်ထားသော ကြောင့် အသုံးပြု၍ မရကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက အန်အယ်လ်ဒီ ရုံးချုပ်ဖုန်းမှတဆင့် ဧရာဝတီသို့ လက်ခံဖြေကြားသည်။


ဧရာဝတီက ဦးမြင့်သိန်း၏ လက်ကိုင်ဖုန်းသို့ ခေါ်ဆိုရာတွင် “လူကြီးမင်းခေါ်ဆိုသည့် တယ်လီဖုန်းအား အ၀င် ခေါ်ဆိုမှု ပိတ်ထားပါတယ်”ဟု ပြန်လည်ဖြေကြားသည်ကို ကြားရသည်။

ဦးမြင့်သိန်းအပါအ၀င် မဖြူဖြူသင်း၊ မစုစုနွေး၊ ကိုတိုးကျော်လှိုင်၊ ကိုထွန်းမြင့်အောင်၊ ကိုလှမျိုးနောင်နှင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုကော်မတီ (MDC) အဖွဲ့မှ ကိုစိုးမြင့်ထိန် စသည်တို့၏ လက်ကိုင်ဖုန်းများကို ပိတ်ထားသည်ဟု သိရှိရသည်။ ကိုတိုးကျော်လှိုင်၊ ကိုထွန်းမြင့်အောင်နှင့် ကိုလှမျိုးနောင်တို့သည် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များ ဖြစ်သည်။

“ကျနော့်ဖုန်းက ဘေလ်ဆောင်ထားပြီးသား ၊အကြွေးမကျန်ဘူး၊ ပိတ်ထားတာကို အခု နေ့ခင်း ၁ နာရီလောက်ကမှ သိတယ်၊ ၂ နာရီလောက်မှာ ဖုန်းရုံးကိုမေးဖို့သွားတော့ မမီတော့ဘူး၊ ရုံးက ပိတ်သွားပြီ”ဟု ကိုစိုးမြင့်ထိန်ကလည်း ပြောသည်။

အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို စောင့်ရှောက်နေသည့် အန်အယ်လ်ဒီ လူငယ်အဖွဲ့မှ မဖြူဖြူသင်းနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးတို့သည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ စတင်ပြုလုပ်သည့် လောင်စာ ဆီဈေးနှုန်း ကျဆင်းရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြရာတွင် ဦးဆောင်
ပါဝင်ခဲ့သူများဖြစ်ပြီး စစ်အစိုးရက ဖမ်းဆီးရန် လိုက်လံရှာဖွေနေမှုကြောင့် ရှောင်တိမ်းနေရသူများ ဖြစ်သည်။

လွန်ခဲ့သည့် မေလအတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့၏ လက်ကိုင်ဖုန်းများကို ပြည်ပခေါ်ဆိုခွင့်ပိတ်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တချို့၏ လက်ကိုင်ဖုန်းများကို ပြည်ပမှခေါ်ယူသည့်အခါ လက်ခံစကားပြောခွင့် ၂ ရက်ခန့် ပိတ်ထားခဲ့ဖူးသည်။

မန္တလေး အန်အယ်လ်ဒီအဖွဲ့၏ ပြောဆိုချက်အရ ၎င်းတို့ရုံး၏ တယ်လီဖုန်းလိုင်းကိုလည်း အစိုးရက အသံခိုးဖမ်းထားသည်ဟု သိရသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/September/sept_10_07.html ကနေ ယူတယ်။)

No comments: