Friday, September 14, 2007

ပြည်သူများထံမှ ဆန်နှင့်ဆီ ကောက်ခံ၍
နအဖ အလှူလုပ်

NEJ / ၁၄ စက်တင်ဘာ ၂၀၀၇

ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းရန်ဟုဆိုကာ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများထံမှ ဆန်နှင့်ဆီများ ကောက်ခံစုဆောင်းခိုင်းနေကြောင်း မွန်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး မော်လမြိုင်မှ
ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အရှေ့တောင်တိုင်း တိုင်းမှူးရဲ့အမိန့်နဲ့ မြို့နယ် (၁၀) မြို့နယ်စလုံးကို ဘုန်းကြီးကျောင်း
တွေမှာ သွားပြီး ဆန်နဲ့ဆီလှူဖို့မြို့နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ညွှန်ကြား ထားတယ်” ဟု ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုတစုလျှင် ဆန် (၂) အိတ်နှင့် ဆီ (၁) ပုံးစီ
ပေးရန် မြို့နယ်မယကမှ တောင်းခံကြောင်း၊ ထို့ပြင် သက်ဆိုင်ရာရပ်ကွက် ကျေးရွာအိမ်ထောင်စု အလိုက် ငွေကောက်ခံမှုများပြုလုပ်နေကြောင်း၊ ပေါင်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၆) စုရှိကြောင်း ပေါင်မြို့မှ လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့လုပ်ငန်းရှင်တွေကလည်း အနည်းဆုံးဆန်နှစ်အိတ် ဆီတပုံးပေးရတယ်။ အခုလို ပြည်သူတွေ လုပ်ငန်းရှင်တွေဆီက ကောက်ခံရထားတဲ့ ဆန်နဲ့ဆီတွေကို သက်ဆိုင်ရာ မယကအဖွဲ့
ဝင်တွေက ဘုန်းကြီးကျောင်းတွေကို သွားလှူမှာဖြစ်ပါတယ်” ဟုပြောသည်။

နအဖစစ်အစိုးရသည် ပခုက္ကူမြို့တွင် သံဃာတော်များမေတ္တာပို့ စီတန်းလမ်းလျှောက်သည်ကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း အစိုးရပိုင်သတင်းစာနှင့်ရုပ်မြင်သံကြားမှ သံဃာတော်များအား အကြမ်းဖက်မှုမရှိခဲ့ကြောင်း ကြေညာပြောဆိုနေသကဲ့သို့ တဘက်မှလည်း ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များကို ဆန်ဆီများ လှူဒါန်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၉) ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေ ဦးစီးပြီး ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးနှင့် သီလရှင် စာသင်တိုက်များသို့ ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် အလှူငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများဟု ခေါင်းစဉ်တပ်လှူဒါန်းခဲ့သည်။

အဆိုပါ ဆန်၊ ဆီစသည့် လှူဖွယ်ပစ္စည်းများကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/september_2007/14-9-07g.php ကနေ ယူတယ်။)


No comments: