Wednesday, May 21, 2008

phyu phyu thin is in irrawaddy

0 comments
မဖြူဖြူသင်းနှင့်အဖွဲ့ မုန်တိုင်းဒုက္ခသည်များကို သွားရောက်ကူညီ
ခင်နှင်းထက် ဒီမိုကရက်တစ်မြန်မာ့အသံ
၂၀-၀၅-၀၈
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က လူသူအရောက်နည်းတဲ့ ကျေးလက်ဒေသတွေက မုန်တိုင်းဘေး ဒုက္ခသည်တွေဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မရဘဲ ခက်ခက်ခဲခဲ နေထိုင်စားသောက်နေကြရတယ်လို့ အဲဒီဒေသကနေပြန်လာတဲ့ မဖြူဖြူသင်းက ပြောပါတယ်။
အိတ်ခ်ျအိုင်ဗွီအေ့ဒ်စ် ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ခဲ့ပြီး မကြာသေးမီကမှ အာဏာပိုင်တွေ ထိန်းသိမ်းထားရာက ပြန်လွတ်လာတဲ့ မဖြူဖြူသင်းနဲ့ ရှေ့နေဦးအောင်သိန်းတို့အဖွဲ့ ဟာ ဒေးဒရဲမြို့နယ် ပင်လယ်ဝမှာရှိ ရေဖြန်းကုန်းရွာကို တနင်္ဂနွေနေ့က သွားရောက်ကူညီကြပါတယ်။ သူတို့က အ၀တ်အထည်၊ ဆေးဝါးနဲ့ အိုးခွက် ပန်းကန်တွေကို ပေးအပ်ကူညီခဲ့ပါတယ်၊ ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံး ဦးစားပေးဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။
ဒုက္ခသည်တွေရဲ့အခြေနေနဲ့ပတ်သက်ပြီး မဖြူဖြူသင်းရဲ့ ရှင်းပြချက်၊
“အဲဒီရွာမှာက လမ်းပန်းဆက်သွယ်ရေးကလည်းနဲနဲခက်တယ်၊ မြို့နဲ့လှမ်းတော့ သွားပြီးကူ ညီပေးတဲ့သူလည်း သိပ်မရှိဘူး၊ ကျမတို့သွားတဲ့နေကျမှပဲ ၁၅ ရက်ရှိပြီပေါ့နော်၊ သူတို့ရွာကို အကူ အညီ ပေးမယ့် သူတွေ မရောက်သေးဘူး၊ အဲနေ့ကမှ စရောက်တာပါ၊ ရွာမှာတော့ အသေအပျောက်လည်း ရှိတယ်၊ အိမ်ခြေတော်တော်များများကလည်း ပျက်စီးသွားတယ်၊ ရွာက တံငါရွာဖြစ် တဲ့အတွက် အရင်ကတော့ တော်တော်လေးတော့ စီးပွားရေးပြေလည်တာပေါ့၊ အခုတော့ ဘာမှမရှိတော့ဘူး၊ အိမ်တွေအကုန်ပြိုသွားတယ်။
ရွာမှာ စာသင်ကျောင်း နှစ် ကျောင်းရှိတယ်၊ နှစ်ကျောင်းလုံးပြိုသွားတယ်၊ အဲမှာရှိတဲအိမ်က တရွာလုံးမှ သုံးလေးအိမ်ပဲကျန် တော့ အကုန်လုံးက လမ်းဘေးမှာပဲ နေနေရတဲ့အခြေအနေပေါ့၊ အဲဒီရက်နေ့ကမှ သူတို့အကူအညီ ရတဲ့အတွက် တော်တော်လေးတော့ အခက်အခဲဖြစ်နေတာပေါ့၊ ရွာမှာ လူပေါင်း ၅၀၀ ကျော်လောက်ရှိတာ ၁၂၆ ယောက်သေတယ်၊ ဘာအကူအညီမှ မရသေးဘူး။
အိမ်တွေကလည်း ပြိုပျက်သွားတယ်ဆိုတော့ ဘယ်လိုနေပြီး ဘယ်လို စားသောက်နေကြပါသလဲ၊
အဲဒီမှာတော့ ကျန်ခဲ့တဲ့အိမ်က ပြန်ကြည့်ကြတယ်။ ရွာထဲမှာ ဘုန်းကြီးကျောင်းက လုံးဝ ပျက်ပြီး တော့ နည်းနည်းပါးပါးတော့ နေလို့ရတာပေါ့နော်၊ အဲဒီဘုန်းကြီးကျောင်းမှာ အကုန်လုံးကပ်ပြီးနေ နေကြတယ်။ ကလေးတွေက တော်တော်များတယ်၊ လူကြီးတွေက အဲဒီရွာကထွက်သွား ပြီး တခြားနေရာမှာ ရှာဖွေပြီး သူတို့ ရွာကိုပြန်လာပြီး စားသောက်ကြတယ်။ နောက် အရင်က သူ တို့မှာကျန်တဲ့ ရေစိုတဲ့ဆန်တွေကို နေလှန်းပြီးတော့ ဒီတိုင်းပဲ ချက်ပြုတ်စားသောက်နေကြတယ်။
သူတို့ရွာက သေသွားတဲ့လူတွေရဲ့ အလောင်းတွေကိုရော မြင်တွေ့ခဲ့ရပါသလား။
ကျမတို့သွားတဲ့ရက်က ၁၀ ရက်ကျော်ပြီ၊ အဲဒီအချိန်ထိတောင်မှပဲ ကမ်းစပ်တွေမှာ ကျန်နေသေးတဲ့ အလောင်းတွေရှိတယ်၊ နောက်ပြီး ကျွဲနွားတွေ ဒီတိုင်းပဲ ရေထဲမှာမျှောနေတာတွေ တွေ့ခဲ့သေးတယ်။ ပင်လယ်ဝအထိကတော့ အနံ့တွေရှိနေသေးတယ်ရှင့်။
ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေနေနဲ့ ပတ်သက်လို့ ဘယ်လိုတွေ့ခဲ့ရပါသလဲ။
အခုလက်ရှိတွေ့ခဲ့ရတာဆိုရင် တချို့နေရာမှာဆိုရင် လမ်းပေါ်မှာ စိတ်ဖောက်ပြန်သွားတဲ့ အမျိုးသမီးတွေ တွေ့ခဲ့ရတယ်၊ တချို့ကလေးတွေဆိုလည်း ကြောင်တောင်တောင်လေးတွေနဲ့ မိဘတွေ မရှိတော့ဘူး၊ လမ်းမှာဆိုရင် အမျိုးသမီးတယောက်ဆိုရင် ရူးပြီးတော့ အဲလို လျှောက်ပြေးနေတာတွေရှိတယ်၊ “ဆရာမရေ မြန်မြန်လာပါ။ မြန်မြန်လာပါ”နဲ့ အဲလိုမျိုး လိုက်အော်နေတာတွေ တွေ့ခဲ့ရတယ်။
စိတ်ပေါ်မှာကော အကုန်လုံးထိတာပေါ့နော်၊ ကလေးတွေဆိုရင်လည်း မျက်လုံးလေးတွေက ကြောင်နေတယ်၊ ကြည့်သာကြည့်နေတာ ဘာမှမသိတဲ့ပုံစံမျိုးလေး တွေပေါ့နော်၊ သူတို့အတွက် အဓိကလိုအပ်တာတော့ လောလောဆယ် သူတို့ရဲ့စိတ်အခြေအနေတွေကိုလည်း ပြန်ကုသပေးဖို့လည်း လိုအပ်တယ်။ အခုလက်ရှိ နေထိုင်စားသောက်ရေးလည်း ပြင်ဆင်ပေးဖို့ လိုသလို ပြန်လည်ထူထောင်ရေး တွေလည်း အများကြီး လုပ်ပေးဖို့ လိုနေတာလည်း တွေ့ရပါတယ်။