Sunday, May 29, 2011

သံလွင်အိပ်မက်မှ အမေးအဖြေ

0 comments
မဖြူဖြူသင်းနှင့် အင်တာဗျူး
www.thanlwin.com

AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ မြန်မာနိုင်ငံကို နှိပ်စက်နေတဲ့ ရောဂါကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ တတိယကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ရောဂါတိုးပွားမှုနှုန်း မြင့်တက်လာနေတာကို ထိမ်းသိမ်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ သနားစရာကောင်းတဲ့ ဝေဒနာရှင်တွေကို စောင့်ရှောက်ကြဖို့အတွက် အစိုးရကိုချည်း မှီခိုမနေဘဲ ပရဟိတသဘောနဲ့ အဖွဲ့အစည်းလေးတွေဖွဲ့ပြီး တတ်နိုင်သလောက် ဆောင်ရွက်နေကြသူတွေထဲမှာ တောင်ဒဂုံမြို့နယ်က မဖြူဖြူသင်းနဲ့ အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ပြီး ဝေဒနာရှင်တွေကို စိတ်ရောကိုယ်ပါ နွေးထွေးကျန်းမာလာအောင် စောင့်ရှောက်မှုပေးနေတဲ့ မဖြူဖြူသင်းက သံလွင်အိပ်မက်ရဲ့ မေးခွန်းတွေကို အခုလို ဖြေကြားပေးခဲ့ပါတယ်။


မေး - အစ်မတို့ ဒီလုပ်ငန်းလေး ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ - ဒီလုပ်ငန်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၂ ခုနှစ်မှာ ကျမတို့ လူငယ် ၂၀ ကို UNDP က ပြုလုပ်တဲ့ ခုခံအားကျဆင်း ကာကွယ်တားဆီးတိုက်ဖျက်ရေး သင်တန်းစေလွှတ် တက်ခိုင်းကတည်းက စတင်လုပ်ကိုင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။



မေး - ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ သူ အထိန်းသိမ်းခံကာလ ပြီးဆုံးတော့ အစ်မတို့ဆီကို အလည်လာပြီး အားပေးစကားတွေ ပြောခဲ့တယ်နော်။ ဒေါ်အောင်ဆန်းစုကြည် လာပြီးတဲ့ အချိန်နဲ့ အရင်က အချိန်တွေ ဘာကွာခြားသွားသေးလဲခင်ဗျ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးချိန်နဲ့ လွတ်မြောက်ပြီး အစ်မတို့အိမ်ကိုလာတဲ့ အခြေနေဟာ အစစအရာရာ ကွာခြားတယ် ပြောရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် မလာခင်ကအခြေနေက ပတ်ဝန်းကျင်ကလည်း မကြည်ဖြူ၊ လှုဒါန်းမယ့်သူကလည်း နည်းပါးဆိုသလို ဒုက္ခအမျိုးမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ အခုတော့ အနည်းငယ် အသက်ရှုချောင်လာပြီလို့ ပြောရင်ရပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။


မေး - ဟုတ်ကဲ့ပါ။ အစ်မတို့က ဝေဒနာရှင်တွေကို လက်တွေ့ကူညီနေတာဆိုတော့ မြန်မာနိုင်ငံမှာ AIDS ဝေဒနာရှင် ဘယ်လောက်လောက်ရှိပါသလဲ။ တစ်နှစ်ကို ဘယ်လောက်နှုန်းနဲ့ တိုးပွားလာနေပါသလဲ သိပါရစေ။

ဖြေ - ဒီမေးခွန်းဟာ အင်မတန်ဖြေရခက်တဲ့မေးခွန်းပါ။ လက်ရှိတိုင်းပြည်ကို ချုပ်ကိုင်အုပ်စိုးထားတဲ့ အာဏာပိုင်များတောင် ဒီစာရင်းကို သေချာမကောက်ယူနိုင်ပါဘူး။ ပျမ်းမျှကို ပြောပါဆိုရင်တော့ အစိုးရက ထုတ်ပြန်တဲ့စာရင်းကိုပဲ ပြောရမှာ ဖြစ်နေပါတယ်။ အစိုးရကလည်း အမြဲတစေ လျော့ပါးနေပြီလို့ ပြောသလို အစိုးရဖက်လိုက်ပြီး လျော့သွား ပြီပြောတဲ့ အန်ဂျီအိုတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် တိကျခိုင်လုံမှုနည်းပါးလို့ မဖြေပါရစေနဲ့။


မေး - ကျွန်တော်တို့ သိရသလောက်တော့ နိုင်ငံတကာအနေနဲ့ ရောဂါဖြစ်နှုန်းလျော့သွားပြီပေါ့နော်။ မြန်မာပြည်မှာတော့ ဆက်ပြီးတိုးပွားလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - ဒါက သက်ဆိုင်ရာ အစိုးရတွေနဲ့သာ ဆိုင်တယ်ထင်ပါတယ်။ အစိုးရက ပိတ်ပင်ထားလေ ဒီရောဂါဖြစ်နှုန်း တိုးလာလေ ဖြစ်မှာပါ။ အခြားအချင်းအရာတွေကို ပြောရရင်တော့ အချက်လက် တော်တော်လေးများပါတယ်။ မိရိုးဖလာယဉ်ကျေးမှု အရှက်တရား၊ စီးပွားရေးကျပ်တည်းမှု၊ အသိပညာနည်းပါးမှု၊ အထူးသဖြင့်တော့ ကျန်းမာရေး အသိညဏ် မပွင့်လင်းမှုတွေဟာ ဒီရောဂါကို လက်ဆင့်ကမ်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရောဂါဖြစ်နှုန်း လျော့သွားပြီဆိုပေမယ့် မြန်မာပြည်မှာ ဆက်လက်တိုးပွားနေတာ ဖြစ်ပါတယ်။


မေး - ဒီလိုဆို အခုလို တိုးပွားလာနေတာကို ဘယ်လို ကာကွယ်ရပါမလဲ။

ဖြေ - ဒါကတော့ လူသားမျိုးနွယ်တစ်ခုလုံးနဲ့ကို သက်ဆိုင်ပါတယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ တံခါးမရ၊ှိ ဓားမရှိဆိုသလို သွားရောက် အလုပ်လုပ်ကိုင်နေရလို့ပဲ ဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ဆိုတာ အဓိကတာဝန်အရှိဆုံး အစိုးရက စနစ်တကျ လုပ်ကိုင်မှသာ လျော့နည်းသွားမှာပါ။ ဒါပေမယ့် ဒီတိုင်းပြည်မှာတော့ အစိုးရကလုပ်မှာ မဟုတ်တဲ့အတွက် ကျမတို့ပြည်သူလူထု၊ ပြည်သူလူုထုဆိုရာမှာ ပြည်ပရောက်နေသူများကိုလည်း ဆိုလိုပါတယ်။ လူမှုဝန်ထမ်း အဖွဲ့စည်းတွေ အသိသတိရှိရှိ တိုက်ဖျက်ပါလေမှ လျော့နည်းကျဆင်းသွားလိမ့်မယ်လို့ ပြောပါရစေ။

မေး - မြန်မာနိုင်ငံအတွင်းမှာ အစ်မတို့လို လုပ်နေတဲ့ အဖွဲ့အစည်းပေါင်း ဘယ်လောက် ရှိပါသလဲ။

ဖြေ - မြန်မာပြည်မှာ HIV နဲ့ပတ်သက်လို့ လုပ်နေတဲ့အဖွဲ့စည်း နှစ်ရာနီးပါးရှိပါတယ်။ ဒါပေမယ့် အစ်မတို့လို အစိုးရနဲ့ အကင်းဆုံးအဖွဲ့ကို ပြပါဆိုရင်တော့ ကျမတို့အဖွဲ့ရယ်၊ ကိုကျော်သူ၊ မရွှေဇီးကွက်မသန်းမြင့်အောင်တို့ပဲ ရှိတယ်ပြောရမှာပါ။


မေး - ခုလောလောဆယ် အစ်မတို့ဆီမှာ လူနာ ဘယ်နှယောက်လောက် ရှိပါသလဲ။

ဖြေ - ၂၀၀၂ ကနေ ဒီကနေ့ အထိလူနာ ငါးထောင်ကျော် ရှိသွားပါပြီ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ ဂေဟာတွေမှာ လာရောက်ဆေးကုသသူ၊ ဆေးထုတ်သူ အရေတွက်ကတော့ နေ့စဉ် တစ်ရာ့နှစ်ဆယ်ကနေ တစ်ရာ့ငါးဆယ်ကြားရှိပါတယ်။www.thanlwin.com


မေး - မနည်းလှတဲ့ အရေအတွက်ပါ အစ်မရေ။ ဒီလူမှုကူညီရေးလုပ်ငန်းလေးအတွက် တစ်လတစ်လကုန်ကျစရိတ်က ဘယ်လောက်လောက် ရှိပါသလဲ။

ဖြေ - လူနာဆေးဖိုး၊ အာဟာရ၊ လမ်းစရိတ်၊ ဆေးခန်းပြခ အစရှိတာတွေ ပေါင်းလိုက်ရင် တစ်လကို သိန်းတစ်ရာ့သုံးဆယ်ကျော်ကုန်ပါတယ်။


မေး - ဒီတော့ အဓိက ဘယ်က ၀င်ငွေတွေနဲ့ လည်ပတ်နေပါသလဲ။ တကယ်လို့ အလှူငွေတွေ ရပ်တန့်သွားမယ်ဆိုရင် ဘယ်လိုဆက်လက် ရပ်တည်မယ်မှန်းထားပါသလဲဗျာ။

ဖြေ - ကျမတို့ အဓိက အလေးထားတာကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေပဲ ဖြစ်ပါတယ်။ အလှုငွေရပ်တန့်သွားမယ်ဆိုတဲ့ အတွေးမျိုးကိုတော့ မတွေးမိသေးပါဘူး။ မေးခွန်းကို ဖြေရရင်တော့ ကျမတို့ အခြားသော လူနာဖွံ့ဖြိုးရေးတွေ လုပ်ထားတာတော့ ရှိပါတယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်သွားမယ် စိတ်ကူးထားပါတယ်။


မေး - အလုပ်လုပ်နိုင်စွမ်းရှိနေသေးတဲ့ လူနာတွေအတွက် အသေးစား လက်မှုလုပ်ငန်းလေးများ ဖန်တီးပြီး အဖွဲ့အတွက် ရန်ပုံငွေရှာမယ့် အစီအစဉ်မျိုး ရှိပါသလား။

ဖြေ - အဲ့ဒီအစီစဉ်ကို အစောကြီးကတည်းက လုပ်ထားပေးပါတယ်။ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းလိုဟာမျိုး၊ ဥပမာစက်ချုပ်သင်ပေးပြီး အလုပ်ရှာပေးတာမျိုးတွေ၊ မွေးမြူရေုးလုပ်ငန်းတွေ အရင်းနှီးထုတ်ပြီး ဈေးရောင်းစေတာမျိုးတွေကို မပြတ်လုပ်ဆောင်ထားပေးပါတယ်။

မေး - ဟုတ်ကဲ့ပါ။ နောက်တခုက လူနာတစ်ယောက်အတွက် တစ်ရက်စာ ဆေးဖိုးဝါးခက ဘယ်လောက်ရှိပါသလဲ။

ဖြေ - ရောဂါအလေးပေါ့ပေါ် မူတည်ကုန်ကျနေတာဖြစ်လို့ ဒီမေးခွန်းကို တိတိကျကျ ဖြေလို့မရပါဘူး ဒါပေ မယ့် အကြမ်းဖျင်း ကုန်ကျစရိတ် အမြင့်ဆုံးလူနာအတွက် စရိတ်က သိန်းနဲ့ချီ ကုန်ကျပြီးတော့ အနည်းဆုံး လူနာကတော့ သောင်းဂဏန်းရှိပါတယ်။


မေး - AIDS ထိန်းဆေးအကြောင်းလေး အတိအကျ ပြောပြပေးပါလား။

ဖြေ - ဒီဆေးကို ဗမာပြည်မှာတော့ အလွယ် သုံးမျိုးပေါင်းလို့ ခေါ်ဆိုနေကြတာပါ။ ရောဂါဖြစ်ပြီး စီဒီဖိုး အကောင့်နည်းတဲ့ လူနာတွေ သောက်ရတာပါ။ lamivudine 30mg + stavudine150mg + nipravine200mg ပါဝင်တဲ့ဆေးကို စတင် သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးတန်ဖိုးက သုံးသောင်းဝန်းကျင်ရှိပြီး မြန်မာပြည်မှာ အလွယ်တကူ ၀ယ်လို့ရပါ တယ်။ ဒီဆေးဝါးအာနိသင်ဟာ တစ်လုံးကို ဆယ့်နှစ်နာရီခံတာဖြစ်ပြီး အချိန်တိတိကျကျ သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးသောက်သုံးမှု နှစ်ကြိမ်ထက် ပိုပြီးပျက်ကွက်ရင် ဒုတိယအဆင့်ဖြစ်တဲ့ ဆေးဝါးတွေကိုသောက်သုံးရမှာပါ။ ဒီဒုတိယအဆင့်ဆေးဝါးတွေကိုလသောက်သုံးရရင်တော့ သုံးသိန်းအထက်ဖြစ်ပြီးတော့ ဆေးကလည်း ၀ယ်ဖို့မလွယ်ကူပါဘူး။


မေး - လူနာတွေ အတွက် အဓိက လိုအပ်ချက်တွေက ဘာတွေပါလဲ။

ဖြေ - လူနာတွေကတော့ အဓိက၊ သာမည ကွဲပါတယ်။ တော်တော်ဆင်းရဲတဲ့ လူနာဆိုရင်တော့ အစစအရာရာ ကျမတို့က ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက်တစ်ခု ပြောပါဆိုရင်တော့ ဆေးဝါးသာဖြစ်ပါတယ်။


မေး - လူနာတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေတဲ့အရာတွေကရော။

ဖြေ - လူနာအချင်းချင်းအားပေးခြင်းဟာ သူတို့စိတ်ဓာတ်ကို မြှင့်တင်ရာ ရောက်ပါတယ်။ နောက် သူတို့စိတ်ဝင်စားတဲ့ ရုပ်ရှင်ကြည့်တာ၊ သူတို့ကြိုက်တဲ့ အဆိုတော်တွေ သီချင်းနားထောင်တာနဲ့ လူကောင်းတွေက သူတို့အပေါ် နွေးထွေးပေးတာ၊ သူတို့ကို နားလည်မှု အပြည့်ပေးတာမျိုးတွေဟာ သူတို့စိတ်ဓာတ်ခွန်အား တက်စေတဲ့အရာတွေ ဖြစ်ပါတယ်။

မေး - ဟုတ်ပါပြီ အစ်မရေ။ နောက်တစ်ခု မေးချင်တာက ဒီလုပ်ငန်းလေးအတွက် အဓိက အဟန့်အတား အခက်အခဲတွေက ဘာတွေပါလဲ။

ဖြေ - အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှုက လုပ်ငန်းလုပ်ရာမှာ အင်မတန် အခက်တွေ့စေပါတယ်။ ကူညီမှုမရတဲ့အပြင် တောက်လျောက် နှောင့်ယှက်နေတာက အကြီးမားဆုံး အခက်ခဲဖြစ်ပါတယ်။


မေး - ပြည်တွင်းက ကူညီချင်တဲ့လူတွေ ရှိရင် အစ်မကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းလို့ ရပါသလား။ ပြည်ပကဆိုရင်ရော ဆက်သွယ်လှူဒါန်းလို့ ရနိုင်မယ့်လူများ ရှိပါလား။

ဖြေ - ကျမ အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ၊ ကျမ ဒီလူနာတွေ အသက်ဆက်ဖို့ အလှုငွေကို လက်ခံသွားမှာပါ။ ကျမဆီ တိုက်ရိုက်လှူလည်း ရပါတယ်။

မေး - အခုလို သံလွင်အိပ်မက်ရဲ့ အင်တာဗျူးကဏ္ဍမှာ ဖြေကြားပေးခဲ့တဲ့ မဖြူဖြူသင်းကို စာဖတ်ပရိသတ်ကိုယ်စား အရမ်းကျေးဇူးတင်ပါတယ်။ အစ်မတို့လုပ်ငန်းလည်း ကြိုးစားသလောက် အရာထင်အောင်မြင်ပြီး လူနာတွေကို အကောင်းဆုံး စောင့်ရှောက်ပေးနိုင်ပါစေလို့ သံလွင်ဝိုင်းတော်သားတွေက ဆုမွန်တောင်းအပ်ပါတယ်ခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ ကျမကလည်း နိုင်ငံခြားကို ရောက်ရှိနေပေမယ့် မြန်မာပြည်အကြောင်းတွေကို စိတ်ဝင်တစား မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မဖြူဖြူသင်းနဲ့အဖွဲ့ စောင့်ရှောက်ထားတဲ့ ဝေဒနာသည်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင်ဖြင့် ဒီလိပ်စာတွေကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

အမှတ် ၆၃၁၊ ၁၁လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
အမှတ် ၃၇၆၊ ကမ္ဘောဇ ၂လမ်း၊ ၁၈ဘီရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၆၉ ၃၄၆၊ ၀၉၅၀ ၂၄၀ ၅၆။

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၃)

0 comments
ဖြူဖြူသင်း
မေ ၂၈၊ ၂၀၁၁ - Moemaka

လူထုခေါင်းဆောင် လွတ်မြောက်လာပြီးနောက် အတွင်ကျယ်ဆုံး စကားလုံးကတော့ ကွန်ယက်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ကွန်ယက်ဆိုတာက လူ့အဖွဲ့စည်းမှာက အထူးဆန်းမဟုတ်ပေမယ့် ကွန်ယက်ကို ဘယ်လိုဖွဲ့တည်မလဲဆိုတာကတော့ အနည်းငယ်ပြောစရာလို ဖြစ်နေတာပါ။

တူရာတူရာ အုပ်စုတွေ အလုပ်တူရာတူရာတွေ ပေါင်းစပ်မှုကို ကွန်ယက်လို့ အလွယ်ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့် မတူရာတွေပေါင်းစပ်ဖို့ ကြိုးစားလာကြတာကလည်း ကွန်ယက်ဖွဲ့တယ် ဆိုကြပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ လူအများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ်လို့ ထင်မှတ်နေကြတာ ဖြစ်ပါတယ်။ အမှန်တကယ်တမ်းကတော့ လူထုခေါင်းဆောင် မျှော်လင့်ထားတာက ဦးဆောင်သူရယ် မထားရှိဘဲနဲ့ လုပ်နိုင်စွမ်းရှိသူတွေ၊ လက်တွဲသင့်တယ်ထင်တဲ့လူတွေကို ပူးပေါင်းဆောင်ရွက်ခိုင်းတာသာ ဖြစ်ပါတယ်။


နောက်တခုက အများစုကြီး သတိမထားမိတာက လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရာမှာ ပူးပေါင်းဆောင်ရွက်မှု အနည်းနဲ့အများဆိုသလို ရှိကြတာချည်းပါပဲ။ ဒါပေမယ့်လို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲဆိုတာနဲ့ ဘာတွေကို လက်တွေ့ကျကျ ဆောင်ရွက်နေသလဲ ဆိုတာပေါ်မှာ တည်မှီနေတာပါ။ လူမှုရေးလှုပ်ရှားနေသူများက လူမှုရေးကွန်ယက်၊ လူ့အခွင့်ရေးဆောင်ရွက်နေသူများက လူ့အခွင့်အရေးကွန်ယက် အစရှိတာတွေက ရှိနှင့်ပြီးသား အဖွဲ့စည်းတွေပါ။ ဒါတွေကို ထပ်ပြီးတိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လူငယ်တွေကြားထဲမှာလည်း လူချင်းမတွေ့ဆုံနိုင်ပေမယ့် အွန်လိုင်း ချက်တင်တွေကနေပြီးတော့ စကားပြောဆိုနေကြတာလည်း တနည်းအားဖြင့် ကွန်ယက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီလိုကွန်ယက်တွေရဲ့ အားသာမှုတခုကတော့ သတင်းစီးဆင်းမှု မြန်ဆန်လာတာကိုကြည့်ယုံနဲ့ သိသာလှပါတယ်။ ခုကမ္ဘာပေါ်မှာ အဖြစ်ပျက်တခုဖြစ်တိုင်း အချိန်နဲ့အမျှဆိုသလို သိရှိကြပြီးတော့ ဒီ ကောင်းမွေ၊ ဆိုးမွေတွေကလည်း တမဟုတ်ချင်းဆိုသလို ပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။ ဒီလိုအားသာချက်တွေ အများကြီးတည်ရှိနေတဲ့အတွက် ကွန်ယက်တည်ဆောက်ဖို့ဆိုတာ လွယ်လည်း လွယ်ကူလာပါတယ်။ အရေးကြီးတာက မတူညီတဲ့လူတွေဖြစ်နေတော့ သဘောထားကြီးပြီး အမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။ နောက် အပြန်လှန်ထိန်းညှိပေးပြီးသားလည်း ဖြစ်သွားမှာပါ။ တူတာတွေလုပ်နေချိန်မှာ မတူတာတွေကို မပြတ်ညှိနှိုင်းနေနိုင်ပြီးတော့ သဘောထားတူပြီဆိုတာနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ဖို့ပဲရှိတော့ လုပ်ငန်းတွေ ပိုမိုမြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။

ဒီလို ကွန်ယက်နဲ့ပတ်သက်ပြီး လူငယ်ကွန်ယက်တခုဟာလည်း ပေါ်ပေါက်လာအုံးမှာ ဖြစ်ပါတယ်။ လူငယ်တွေကို ကွန်ယက်ဖွဲ့စည်းမယ်ဆိုရင်တော့ ပိုမိုအားကောင်း မြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။ ဒီလို လူငယ်ကွန်ယက်နဲ့ပတ်သက်ပြီးတော့ လူငယ်တယောက်က …

“ကျနော့်အမြင် ပြောရရင်တော့ဗျာ ဒီလိုကွန်ယက်ဖွဲ့တာ အရင်ကတည်းက လုပ်သင့်တာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကွန်ယက်ဖွဲ့စည်းပြီးလုပ်တာဟာ တဦးချင်းတဖွဲ့ချင်းလုပ်တာထက် ပိုပြီးမြန်ဆန်ပြီး ထိရောက်ပါတယ်။ အခုဆိုရင် ကျနော်တို့ဆီကလူငယ်တွေဟာ လွန်ခဲ့တဲ့လေးငါးနှစ်ကထက်စာရင် ဆက်သွယ်ရေးနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် သုံးနေ ကြပြီ။ ဒီလို တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကျိုးကိုသာ တဦးချင်းမှသည် အဖွဲ့အစည်းများအထိ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် သေချာ ဖော်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။

ဥပမာအနေနဲ့ပြောရရင်တော့ အရင် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ကြိုးစားတဲ့နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တခုထဲကိုပဲ အားထားနေရတယ်။ အခုလိုမျိုး ကွန်ယက်တွေဖွဲ့ပြီး ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ လူတိုင်းဟာ မိမိတို့ကြုံတွေ့နေကြတဲ့ နေ့စဉ်ဘဝတွေကို အချိန်နဲ့တပြေးညီ အခြားသူများ သိအောင်၊ ပြည်သူများ သိအောင် ဆောင်ရွက်လာနိုင်မှာပါ။ အခု ဒီလိုမျိုးလုပ်ရင်းနဲ့ တဦးနဲ့တဦး နားလည်မှုတွေ ရလာမယ်၊ နောက်ဆုံး ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”

ဒီကနေ့ လူငယ်တွေအနေနဲ့ ဆက်သွယ်ရေး နည်းပညာအသစ်တွေနဲ့ ဆက်သွယ်နေကြတာ အားရစရာ ကောင်းလှပါတယ်။ တဦးတယောက်ထက်ပိုတဲ့ ကိစ္စရပ်တွေ လုပ်ဆောင်နေတာလည်း ကြားရ မြင်နေရပါတယ်။ ဖေ့စ်ဘွတ်ကတော့ လူသုံးအများဆုံး နည်းပညာဖြစ်နေတော့ ဒီလို အင်တာနက် အွန်လိုင်းတွေ သုံးကြဖို့လည်း လိုအပ်လှပါတယ်။

နည်းပညာသုံးပြီးတော့ ကိုယ်ယုံကြည်ရာ ဒါမှမဟုတ် တိုင်းပြည်ကောင်းဖို့ အားလုံးနဲ့ ချိတ်ဆက်မိသွားရင် ကိုယ့်ပန်းတိုင်ကိုမြင်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ အစစ်အမှန် ထွန်းကားအောင် လုပ်ဆောင်ကြပါ။ ဆက်သွယ်ရေးလမ်းကြောင်းသစ်တွေ ရှာဖွေပြီးကောင်းမွန်တဲ့ အိုင်ဒီယာတွေနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ပါရစေ။

ကျမ မဖြူဖြူသင်းပါ။

(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)

Monday, March 7, 2011

ဂုဏ်ယူတယ်ဆို ကူကြပါ

0 comments
ဖြူဖြူသင်း 

HIV/AIDS လူနာတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းမှာ ဘာအခက်ခဲတွေ ရှိသလဲဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ အမေးခံရ ပါတယ်။ ကျမလည်း ဖြေစရာစကား မရှိသလိုတောင် ဖြစ်ဖြစ်နေပါပြီ။ အကုန်လုံး လိုအပ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြလေမလား မသိဘူး။

“ဆယ့်ရှစ်အိမ်” လို့ ကျမတို့ အလွယ်ခေါ်ကြတဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၁၈ ရပ်ကွက်က ဂေဟာမှာ လူနာ တချို့က ကျမတို့ကို ပြန်ကူညီနေကြပါတယ်။

တခါတော့ သူတို့က ကျမကို ထူးဆန်းတဲ့ မေးခွန်းတခု မေးပါတယ်။ “လူနာတွေကို မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ ပိုက်ဆံရှိတယ်၊ တည်းစရာနေရာ ရှိတယ်လို့ မပြောဖို့ ခြိမ်းခြောက်ထားသလား” တဲ့။ ဒီလို လုပ်စရာ မလိုပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ “လာသမျှ လူနာတွေက ဘာမှမပါဘူး၊ ဘယ်မှမသွားတတ်ဘူး၊ ဘယ်မှာမှ နေစရာမရှိဘူး၊ ဘာမှ မလုပ်တတ်ဘူး၊ ဘာ စားစရာမှမပါဘူး ဆိုတာချည်း ပြောပြောနေလို့ပါ” တဲ့။ ဒါဟာ ရင်းနှီးခင်မင်လာတဲ့ သူတို့က မွန်းကျပ်စရာ အခြေအနေနဲ့ ကြုံချိန်မှာ နောက်ပြောင်ပြောတာဖြစ်လို့ ကျမ သက်ပြင်းချရင်း ရယ်မောမိပါတယ်။

တကယ် လက်တွေ့မှာတော့ အခြေအနေတွေက ရယ်မောစရာ နည်းပါးပြီး ရင်မောစရာတွေပဲ များပါတယ်။ ကျမက ပင်ကိုအားဖြင့်တော့ အဆင်ပြေတာ၊ မပြေတာကို ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် ဒါဇင်နဲ့ချီပြီး များလှတဲ့ လူနာတွေကို စောင့်ရှောက်ရင်းမှ ကျမလည်း ညည်းတတ်တဲ့ အကျင့် ပါလာသလား မသိပါဘူး။ မညည်းမိအောင် ထိန်းသိမ်းနေရင်းကကို ညည်းညူမိနေတာပါ။

ကျမတို့ကို ထောက်ပံ့သူတွေကလည်း နိုင်သလောက်၊ စွမ်းသလောက် လှူနေကြတာပါ။ ဒါပေမယ့် မလောက်ငှဘူး ဆိုတဲ့ စကားတခွန်းတောင် ထပ်တိုး ပြောရမလိုပါပဲ။

ဒီလောက်ဆိုရင်တော့ ဒီခုခံအားကျဆင်းမှု ရောဂါနဲ့ ပတ်သက်လို့ ကျမတို့ တိုင်းပြည်မှာ ဘယ်လောက် အခက်အခဲ ဖြစ်နေသလဲ၊ အကူအညီ အကာအကွယ် မဲ့နေသူ ဘယ်လောက် များသလဲ ဆိုတာ အနည်းအကျဉ်းတော့ ပေါ်လွင် ထင်ရှားမယ်လို့ ထင်ပါတယ်။ ကျမတို့ ကူညီနိုင်တဲ့ အ၀န်းအ၀ိုင်းလေးမှာတောင် ဒီလောက် ခက်ခဲမှု၊ ကျပ်တည်းမှု ဖြစ်နေတယ်ဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ဆို ဘယ်လောက်တောင်များ ခက်ခဲနေသလဲ၊ ဘယ်လောက်များ လူတွေ သေနေသလဲဆိုတာ တွေးမိပြီး ကျမ စိတ်ဆင်းရဲကြီးစွာ ဖြစ်ရပါတယ်။

တနေ့တနေ့ ဒီ ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ကုသရေး ဆေးရုံတွေမှာ လူဘယ်လောက် သေနေလဲဆိုတာ ကျမ မျက်မြင် ကိုယ်တွေ့ပါ။ ဒီဆေးရုံတွကို ကျမအပြစ် မမြင်၊ မပြောချင်ပါဘူး။ ဒီဆေးရုံ ဆေးခန်းတွေမှာ ၀န်ထမ်း အင်အားကလည်း မလုံလောက်၊ နောက် ဆေးဆိုရင်လည်း ပဋိဇီဝဆေးလောက်သာ ပေးနိုင်ပြီး တခြားဆေးဝါးတွေက မရှိသလောက် ဆိုတော့ လူနာတွေက ဆေးရုံဆို တယ် မသွားချင်ကြလှပါဘူး။

လူတွေမှာ “အားကိုးမရဘူး” ဆိုတဲ့ အသိ ၀င်နေတာက အတော်လေး ခက်ပါတယ်။ မဖြစ်လွန်းမှ ဆေးရုံတင်ကြ၊ ဆေးရုံရောက်ချိန်မှာလည်း ခြေလွန်လက်လွန် ဖြစ်နေကြ၊ နောက် ဆေးဖိုးဝါးခကလည်း မတတ်နိုင် ဆိုတာနဲ့ လုံးချာလည်၊ အသက် ဆုံးရှုံးနေသူ အများကြီးပါပဲ။ တကယ်တော့ တာဝန်ရှိသူ ဘယ်သူလဲ မေးရင်တော့ ရွှေသမင်ဘယ်ကထွက် ဆိုတာပါပဲ။ တကယ် တာဝန်ရှိသူ အစိုးရကမှ ဂရုမစိုက်ဘူးဆိုရင် သူတို့လက်အောက်မှာ တာဝန် ထမ်းဆောင်နေသူတွေကတော့ ပြောစရာ မရှိလောက်အောင်ပါပဲ။ သူတို့မှာ ဘယ်လောက် ကောင်းတဲ့ စိတ်စေတနာ ရှိတယ် ဆိုဆို ဘာမှ လုပ်မရပါဘူး။

ဒါတွေဟာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတွေပါ။ ကျမတို့ လူမျိုးတွေဟာ မဖြစ်ခင်ကတော့ ဘာမှမဖြစ်ပါဘူး၊ ဖြစ်ပြီးရင်တော့ ပြာပြာသလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တည့်တည့်ရင်ဆိုင်ရမယ့် ဟာမျိုးကို ရှောင်ပါတယ်။

ဒီလို အကူအကယ် မဲ့နေတာကိုလည်း အစိုးရ တာဝန်ရှိသူ၊ အောက်ခြေဆေးရုံအုပ် အစရှိသဖြင့် မတင်ပြရဲပါဘူး။ အဖြစ်မှန်ပြောရင် အလုပ်ပြုတ်မယ် ဆိုတာကို တွေးပြီး မပြောတာ ဖြစ်ပါတယ်။

မကြာသေးခင်က ပဲခူးမှာ လူငယ်နှစ်ယောက်ကို ကလေးစစ်သားက သေနတ်နဲ့ ပစ်သတ်တာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ ဒါပေမယ့် လူတွေ မရိပ်မိတာကတော့ သေနတ်သံ မထွက်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်နေတာတွေ ရှိပါတယ်။ ဒါကတော့ စစ်အစိုးရက လူတွေ သေကြေနေတာကို လျစ်လျူရှုနေတယ် ဆိုတဲ့ အချက်ပါပဲ။

ဒီအကျိုးဆက်ဟာ နောင် လေးငါးခြောက်နှစ်လောက် အထိ ကုစားဖို့ မလွယ်ပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲလွန် ကာလတွေမှာလည်း တခြားနိုင်ငံရေး အာဏာလုပွဲတွေပဲ လုပ်နေဦးမယ် ဆိုရင်တော့ လူတွေ ဒီထက်မက သေကြဦးမှာပါ။ ဒီတော့ တာဝန်ရှိတဲ့ အစိုးရကတော့ ဘာတာဝန်မှ မယူပါဘူး။ ကျမတို့ နိုင်သလောက် တာဝန်ယူကြရမှာပါ။

ကျမ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတဲ့ စကားက လောကြီးပြီး ပြောလိုက်မိတာပါ၊။“တရားမ၀င်ငွေလည်း ယူမယ်” ဆိုတာပါ။ အမှန် ကျမ ဆိုလိုရင်းက အစိုးရက အသိမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ဘယ်အဖွဲ့စည်း ဘယ်နိုင်ငံက ငွေကြေးမဆို ကျမ လက်ခံပြီး လူနာတွေအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုလိုချင်တာပါ။

ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။ ကျမလည်း ဒီလို အပြောခံရတာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။ ဒီ အကာကွယ်မဲ့ လူသားတွေကိုရော ဘယ်လို ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။

ဒါကြောင့် ဂုဏ်ယူကြတယ်၊ ဒီထက်မက ဂုဏ်ယူချင်တယ်ဆိုရင် အထိရောက်ဆုံး ၀ိုင်းဝန်းကူညီကြတာဟာ အကောင်းဆုံးပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။


(၂၀၁၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဧရာဝတီတွင် ဖော်ပြပြီး)

Tuesday, January 11, 2011

Senator visited the shelter

1 comments
မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု
  http://www.naytthit.net/?p=6388

ယနေ့ နံနက် ၈ နာရီခွဲခန့်က တောင်ဒဂုံ ၁၈ ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ HIV/AIDS ဝေဒ နာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr. Paul Gorve နှင့် ရန်ကုန်မြို့ အမေရိကန် သံရုံး ယာယီတာဝန်ခံ Mr Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်တဲ့အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့က လုပ်ဆောင်နေတဲ့ လက်ရှိအခြေအနေများနှင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေး ခဲ့ပြီး Senate အဖွဲ့ဝင် Mr Paul Gorve နှင့် အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲပါတယ်။

မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာတွေကို လိုက်လံကြည့်ရှု အားပေးစကားတွေ ပြောပြခဲ့ပါ တယ်။ Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှရရှိတဲ့ အချက်အလက်တွေကို အမေရိကန်နိုင်ငံကို ပြန် ရောက်ရင် ကော်မတီိသို့ အစီရင်ခံ တင်ပြသွားပေးမှာဖြစ်ပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာကို ကော်မတီ က ဆုံးဖြတ်ပါမယ်လို့ ပြောဆိုသွားခဲ့ပြီး၊ မနက် ၉ ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဒီမိုဝေယံမှ ကူးယူဖေါ်ပြပါသည်။
Tags: aids, hiv, NLD, phuy phuy thin, ဖြူဖြူသင်း
2 Responses to “မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု”

1.
khin lin January 12, 2011

Congratulation ma Phyu Phyu Thin & team! You are doing amazing job.
Reply
2.
julie January 12, 2011

so admirable lady , May God Bless you
Reply