Sunday, September 23, 2007

daw suu meets monks on strike

ဆန္ဒပြချီတက် သံဃာများကို ဒေါ်အောင်ဆန်းစုကြည် ဖူးမျှော်ခဲ့ရ

ကိုစိုး | စက်တင်ဘာ ၂၂၊ ၂၀၀၇

ဆန္ဒပြချီတက်လာသည့် သံဃာတော်များကို အကျယ်ချုပ်ချခံထားရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူ၏ နေအိမ်ခြံစည်းရိုးထိပ်တွင် ထွက်၍ အရိုအသေပေး ဖူးမျှော်ကြောင်း မျက်မြင် သက်သေများက ပြောသည်။

ယနေ့နေ့လယ် ၃း ၃၀ နာရီခန့်က သံဃာတော် အပါး ၂၀၀ ခန့်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်ရှေ့မှဖြတ်ကာ မေတ္တာသုတ်ရွတ်ဆို၍ ဆန္ဒပြချီတက်သွားရာတွင် ယခုကဲ့သို့ ဒေါ်အောင်ဆန်း စုကြည်ကထွက်၍ ဖူးမျှော်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင် တဦးက ဧရာဝတီသို့ပြောသည်။

“ဒေါ်စုအိမ်ရှေ့က အတားအဆီးတွေကို ဘုန်းကြီးတွေက မေတ္တာသုတ်ရွတ်ရင်းကျော်ဖြတ်ပြီး ဖြည်းဖြည်း လျှောက်သွား ကြတာ၊ သံဃာတွေရော လူတွေကပါ ဒေါ်စုကျန်းမာပါစေ၊ အကျယ်ချုပ်က အမြန်ဆုံးလွတ်ပါစေလို့ အော်ကြတယ်”ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သံဃာတော်များသည် ၁၅ မိနစ်ခန့် တစုံတရာ ပြောဆိုခွင့်ရကြောင်းနှင့် ရာနှင့်ချီသော ပြည်သူလူထုက အားပေးကြည့်ရှုကြကြောင်းလည်း မျက်မြင်သက်သေက ပြောဆိုသည်။

အဆိုပါ သံဃာတော်များသည် တရုတ်သံရုံးဘက်သို့ ဆက်လက်ချီတက်သွားသည်ဟုလည်း သိရသည်။

ရန်ကုန်မြို့မှ သံဃာတော်အပါး ၁၀၀၀ ခန့်ကမူ နံနက် ၁၁း၃၀ နာရီက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်း ဘုရားကြီးမှစတင် ထွက်ခွာခဲ့ပြီး ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့သို့ သွားရောက်၍ ခေတ္တရပ်နားကာ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြချီတက်ခဲ့ကြောင်း ရန်ကုန်မြို့က သံဃာတော်တပါး ပြောသည်။

မန္တလေးမြို့တွင် လည်း သံဃာတော်အပါး ၁၀၀၀၀ ခန့် မန္တလေးမြို့၌ ယနေ့ ဆန္ဒပြ ချီတက်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ယနေ့နံနက် ၉ နှာရီခန့်က မစိုးရိမ် ကျောင်းတိုက်သစ်၊ တိုက်ဟောင်း နှင့် မြတောင် ကျောင်းတိုက်တို့မှ သံဃာတော် များသည် ဈေးချိုဘက်သို့ ဆန္ဒပြချီတက်ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သည့် မစိုးရိမ်တိုက်သစ်မှ သံဃာတပါးက ဧရာဝတီသို့ ပြောသည်။

“သံဃာသုံးပါးက သာသနာ့ အလံကိုင်တယ်၊ ငါးယောက် တတန်းတန်းစီပြီး၊ အလွန် စည်းကမ်းရှိရှိ မေတ္တာ သုတ်ရွတ် ချီတက်နေကြတယ်၊ သံဃာတော်တွေက ပြည်သူတွေ အနှောင့်အယှက် မရှိအောင် အကပ်မခံဘူး၊ ရေသန့်ကပ်တာတောင် အကပ်မခံဘူး၊ အာဏာပိုင်တွေဘက် ကလည်း သံဃာတော် တွေအနားက ကပ်မလိုက် ရဲဘူး၊ လမ်းထောင့်တွေကပဲ ၇ ယောက်လောက်က မှတ်တမ်းယူနေတယ်ဟု”ဟု မန္တလေးမြို့နေ မျက်မြင်တဦး က ပြောသည်။

လမ်းတလျှောက်တွင် ဆန္ဒပြသံဃာများကိုအားပေးသည့် ပြည်သူလူထုမှာ များပြားသောကြောင့် လမ်းပိတ်ထားရ သည်ဟုလည်း ၎င်းကဆိုသည်။
မစိုးရိမ်ကျောင်းတိုက်သစ်ဘက်မှ ၃၈လမ်း၊ ၈၂လမ်း မှ ဈေးချိုဘက်၊ အိမ်တော်ရာ ဘုးရား၊ ထို့နောက် အမှတ်(၅) ကားလိုင်း လမ်းအတိုင်းသွားပြီး မစိုးရိမ်းကျောင်းတိုက် ဟောင်း ဘက်သို့ ပြန်ကြွကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ယနေ့နံနက်ပိုင်း၌ သံဃမဟာနာယကအဖွဲ့ဆရာတော်များနှင့် ဒေသ အာဏာပိုင် များက သံဃာတော်များဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်သော အရေးပေါ်အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို စစ်တွေမြို့ လောကနန္ဒာ ဘုရားတွင်ကျင်းပခဲ့ပြီး သံဃနာယက ဥက္ကဌ ဆရာတော် အပါ အ၀င် ကျောင်းထိုင်ဆရာတော်အပါး ၅၀ ခန့် တက်ရောက်သည်ဟု မြို့ခံ ဆရာတော်တပါးက ပြောသည်။

“အစည်းအဝေးမှာ ဥက္ကဌ ဆရာတော်က သံဃာတွေ ဆန္ဒမပြဖို့ပြောတာ ကျန်တဲ့ ဘုန်းကြီးတွေက လက်မခံတော့ ဆန္ဒပြရင် အကြမ်းမဖက်ဖို့ ညင်ညင်သာသာ ပြဖို့ပြောပြီး အဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်”ဟု အထက်ပါ ဆရာတော်က ပြောသည်။

စစ်ကိုင်းမြို့တွင်လည်း ယနေ့နံနက် ၁၂ နာရီမှ စတင်၍ သံဃာတော် အပါး ၂၀၀ ခန့်သည် စစ်ကိုင်းမြို့ ကျစွယ်ကျောင်းမှ ထွက်ခွာပြီး ချီတက် ဆန္ဒပြ ကြောင်း သိရသည်။

“ရှေ့ဆုံးက ကိုယ်တော်တပါးက သပိတ်ကိုမှောက်ကိုင်လာတယ်၊ သာသနာ့အလံကို သံဃာ ၂ ပါး ကကိုင်လာ တယ်၊ ၂ ပါး တတန်းလျောက်တယ်၊ အစတုန်းက အပါး ၂၀၀ လောက် လျှောက်နေပေမယ့် နောက်ထပ် ၁၀ ပါးလောက်လိုက်လာကြ သေးတယ်” ဟု ဒေသခံ မျက်မြင်တဦးကပြောသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သာအေးက သံဃာများကိုဆန္ဒမပြရန် ထိန်းသိမ်းပေးစေလိုကြောင်း စစ်ကိုင်းမှ ဆရာတော်ကြီးတပါးကို လျှောက်ထားသည်ဟု လည်း သိရသည်။

“ဆရာတော် က သံဃာ ကိစ္စဖြစ်တယ်၊ ၀ိနည်း နဲ့အညီ လုပ်ရခြင်းဖြစ်တယ်၊ ဒါကိုဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ အားလုံးမှာ တာဝန်ရှိတယ်၊ စည်းကမ်း ထိန်းသိမ်းတဲ့ အပိုင်းမှာသာ မဟုတ်ဘူးလို့ပြောတယ်”ဟု ၎င်းဆရာတော်ကြီး နှင့် နီးစပ်သူ ဒေသခံတဦးကပြောပြသည်။

အာဏာပိုင်များဘက် က ဓာတ်ပုံ မှတ်တမ်းများ ရိုက်ယူသည်ဟုလည်း ၎င်းကဆိုသည်။



မူရင်း


irrawaddy.org/bur/news2007/September/sept_22b

No comments: