Wednesday, September 26, 2007

strike diary ( irrawaddy sept 26 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၆၊ ၂၀၀၇


အလုံမြို့နယ်-ရန်ကုန် -
အလုံတွင် အပစ်ခံရသောကြောင့် သံဃာ ၃ ပါး ပျံတော်မူသည်ဟု မြို့ခံတဦးက ပြောသည်။ လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

ရန်ကုန် - နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သောကြောင့် အနည်းဆုံး အရပ်သား ၂ ဦး အပစ်ခံရကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးကပြောသည်။

ယင်းအပစ်ခံရသူ ၂ ဦးထဲမှ တဦးသေဆုံးသည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။ဆက်လက်၍ စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

အလုံမြို့နယ်-ရန်ကုန် -
ယနေ့ နံနက်က အလုံမြို့နယ်ရှိ ဇောတနာရာမကျောင်းတိုက်မှ သံဃာတော် ၂ ပါးကို ဆွမ်းခံ မကြွရန် ရဲများက ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ယင်းကျောင်းတိုက်မှဆရာတော်က မြို့နယ်မှူး ဦးတင့်ဝေကို သွားရောက် မေးမြန်းရာ အမိန့်အရလုပ်ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ပြောသည်။

“အမိန့်လို့သာ ပြောတာ၊ ဘာအမိန့် ဆိုတာလည်း သေသေချာချာမသိဘူး၊ သေချာ ထုတ်ပြန်ထားတာရှိလား အဲဒီ အမိန့်စာရွက်ကို ပြလို့မေးတော့ မဖြေနိုင်ဘူး။ နောက်ဆုံးမှ ဆွမ်းခံလို့ ရပါတယ်လို့ပြောတယ်”ဟု ၎င်းဆရာတော်က ပြောသည်။ဇောတနာရာမကျောင်းတိုက်နှင့် အောင်မင်္ဂလာကျောင်း နှစ်ကျောင်းကြားတွင်လည်း ပြင်ပနှင့် အဆက်အသွယ် မလုပ်နိုင်ရန် လုံခြုံရေ တင်းကျပ်စွာချထားသည်ဟုလည်း သိရသည်။

မိုးညှင်းမြို့-ကချင်ပြည်နယ် -
ယမန်နေ့ည ၁၀ နာရီ ခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ သံဃာတော် ၁၂ ပါးခန့်ကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူများတွင် သံဃာတော်များမှာ ပျော်ဘွယ်ကျောင်းတိုက်မှ ဦးစံဒေါ၊ ဇိနလင်္ကာရ ကျောင်းမှ ဦးသီဟရာန၊ တတ်ကုန်းကျောင်းမှ ဦးဥတ္တရနှင့် ဦးသိက္ခာတို့ပါဝင်သည်ဟု ဒေသခံတဦးကပြောသည်။ယမန်နေ့က သံဃာတော်များ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပြီးနောက် အာဏာပိုင်များက မိုးညှင်းတမြို့လုံး တယ်လီဖုန်း လိုင်းများဖြတ်ထားသောကြောင့် ယခုသတင်းကို တခြားမြို့မှ တယ်လီဖုန်းဖြင့် ပြောရကြောင်း အထက်ပါ ဒေသခံက ဧရာဝတီသို့ပြောသည်။

မိုးကုတ်မြို့-မန္တလေးတိုင်း -
ယမန်နေ့ညက အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် ကိုမင်းသူ၊ မပွင့်ဖြူနှင့် မသင်းသင်းတို့ ၃ ဦး အဖမ်းခံရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများမှတဆင့်သိရသည်။့

မန္တလေး-မန္တလေးတိုင်း -
နေ့လယ် ၁၂ နာရီ ၀န်းကျင်က မန္တလေးမြို့ မြတောင်ကျောင်း၊ ဘုရားကြီးကျောင်းတိုက်၊ မစိုးရိမ် ကျောင်းတိုက်၊ ဦးပွားဘုရား စသည်တို့တွင် စစ်တပ်နှင့်လုံထိန်းရဲ များက သံဃာတော်များ ထွက်ခွင့်မရရန် ကျောင်းပတ်လည်ကိုဝိုင်းထားသည်ဟု မျက်မြင်များက ပြော သည်။

ဘုရားကြီးမြောက်ဘက် ကွင်းပြင်တွင်လည်း စစ်တပ်၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကို ကွင်း အပြည့်ချထားပြီး ရွေကျီးမျှင် ဘုရားအနှီးတွင် တပ်မ ၉၉ ကို ချထားသည် ဟုလည်း သိရ သည်။ လူစည်းကားရာ အရပ်များတွင်လည်း ရဲများကို ချထားသည်ဟု ဆိုသည်။

“ဘုရားကြီးကျောင်း တောင်ဘက် အာနန္ဒာဘုရားမှာလည်း သံဃာတော်တွေက စာကပ်ထားတယ်၊ စာထဲမှာ “သပိတ်မှောက် ထားသည် လက်နက်ကိုင်များ ဖြတ်သန်းသွားလာခွင့် မပြု” လို့ စာရေး ကပ်ထားတယ်” ဟု မျက်မြင်တဦးကလည်း ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်တွင် အသက် ၂၅ နှစ်ခန့်ရှိသော လူ ၃၀ ခန့်ကို အောင်မြေသာဇံ ရှိ ကြံ့ဖွံ့ရုံးတွင် နံပတ် ၇က/၉၁၉၉ ကားဖြင့် လာရောက်ချသွားကြောင်း သိရသည်။

ရန်ကုန် -
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် သံဃာတော်အပါး ၅၀ ခန့်ကို လုံထိန်းများက ရိုက်နှက်၍ မျက်ယိုဗုံးများဖြင့် ပစ်ခတ် ဖြိုခွဲကြောင်း မျက်မြင်များက ပြောသည်။
ရွှေတိဂုံ အလယ်ပစ္စယံတွင်လည်း သံဃာအပါး ၅၀၀ ခန့်နှင့်ပြည်သူများကို စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရသည်။

ရေတာရှည်လမ်းဘက်တွင် ပိတ်မိနေသူတဦးက ရွှေတိဂုံဘုရားဘက်တွင် မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်သည်ကိုမြင်ရသည်ဟု ပြောသည်။ ယင်းပိတ်မိနေသော သံဃာများနှင့် ပြည်သူများက မေတ္တာသုတ်များ ဆက်လက်ရွတ်ဆိုနေကြောင်း သိရသည်။ယင်းသို့ မျက်ယိုဗုံးဖြင့် ပစ်ခတ် ဖြိုခွဲစဉ် အမေရိကန် သံရုံးမှ ကားတစီးရောက်လာသည်ဟုလည်း ဆိုသည်။

ရန်ကုန် -
ညတနာရီတွင် လူရွှင်တော် ဇာဂနာ၏နေအိမ်ကို ရှာဖွေပုံစံဖြင့် ၀င်ရောက်ရှာဖွေကာ ည ၂ နာရီကျော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ သူ၏လက်ကိုင်ဖုန်းကိုလည်း အာဏာပိုင်က သိမ်းထားလိုက်သည်ဟုလည်း သိရသည်။

အမျိုးသားရေး ဦးဝင်းနိုင်ကိုလည်း ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယမန်နေ့ညတွင် စစ်အစိုးရက ည ၉ နာရီမှ မနက် ၅ နာရီအထိ ရက်ပေါင်း ၆၀ ညမထွက်ရ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကို သံဆူးကြိုး ၃ ထပ်ဖြင့်ပိတ်ထားလိုက်ပြီး စက်သေနတ် တလက်လည်း တပ်ဆင်ထားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် လုံထိန်းရဲ၊ စစ်သား ၁၀၀ ကျော်နှင့် ဘုရားပေါ်တွင် ၅၀၀ ကျော်ကို လုံခြုံရေးချထားကြောင်းလည်း စုံစမ်းသိရှိရသည်။

မန္တလေး-မန္တလေးတိုင်း -
ယမန်နေ့ ညပိုင်းတွင် မန္တလေးမြို့မှ ဆန္ဒပြချီတက်ရာ၌ ပါဝင်အားပေးသူ အနည်းဆုံး ၄ ဦး ခန့်ကို စစ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ည ၂ နာရီခန့်က လူရွှင်တော် ပါပါလေးအပါအ၀င် အန်အယ်လ်ဒီပါတီမှ မန္တလေး အနောက်မြောက်မြို့နယ် လွှတ်တော် အမတ် ဦးတင်အောင်၊ မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးခင်မောင်သောင်း၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်နှင့် အနောက်တောင် မြို့နယ် လွှတ်တော်အမတ် ဦးမျိုးနိုင်တို့ကို ဖမ်းဆီးသွားကြောင်း မန္တလေး အန်အယ်လ်ဒီနှင့် နီးစပ်သူတဦး၏ ပြောဆိုချက် အရ သိရသည်။

အန်အယ်လ်ဒီမှ ဖမ်းဆီးခံရသူများသည် အဖွဲ့ဝင် ၁၇ ဦးနှင့်အတူ ဆန္ဒပြသံဃာများ ဆွမ်းကွမ်းဝေရာဝစ္စအတွက် စည်းရုံး အလှူခံသူများဖြစ်ပြီး လူရွှင်တော် ပါပါလေးသည်လည်း သံဃာတော်များအတွက် အလှူခံ ဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

မန္တလေး အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုကျော်စွာဦး၏ အခန်းကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေ၍ စာရွက်စာတမ်း အထောက်အထားတချို့ကို သိမ်းဆည်းသွားသည်ဟု သိရသည်။လက်ရှိအခြေအနေအရ မန္တလေးတွင် ယမန်နေ့ညက စစ်အစိုးရက ညမထွက်ရ အမိန့်ထုတ်ထားပြီး မြို့အနှံ့တွင် စစ်သားများက စောင့်ကြပ်နေသည်။

No comments: