Friday, September 14, 2007

authority trying to stop the religious sanction

ပတ္တနိကုဇ္ဇန ကံဆောင်ပွဲများမဖြစ်အောင် လုံခြုံရေးပိုမိုတင်းကျပ်

ဧရာဝတီ | စက်တင်ဘာ ၁၄၊ ၂၀၀၇

သံဃာတော်များ၏ ပတ္တနိကုဇ္ဇန ကံဆောင်ပွဲများနှင့် လူထုလှုပ်ရှားမှုများ မဖြစ်ပွားအောင် မြန်မာနိုင်ငံ မြို့နယ်အသီးသီးတို့၌ စစ်အစိုးရက လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားကြောင်း ဒေသခံများက ပြောဆိုကြသည်။

မန္တလေးမြို့ ကျုံးပတ်ပတ်လည်တွင် ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ အယောက် ၂၀ ခန့်လျှင်တစု ၀တ်စုံ ပြည့်ဖြင့် အစောင့်ချထားသည်ဟု မန္တလေးမြို့ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။

ယခုလ ၆ ရက်နေ့မှစ၍ နေပြည်တော်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး ပုံမှန်ထက် လုံခြုံရေး ပိုမိုတင်းကျပ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကော့သောင်မြို့တွင်လည်း တစုလျှင် ၆ ဦးခန့်ပါသည့် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မြို့အနှံ့ချထားသည်ဟု ကော့သောင်မြို့ခံ ကိုမောင်ထူးက ပြောသည်။

လွန်ခဲ့သည့်အပတ်က မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ၏ လမ်းလျှောက်ဆန္ဒပြပွဲကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သောကြောင့် ၎င်းလုပ်ရပ်အား ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် သံဃာတော် များက တောင်းဆိုထားသည်။ ၎င်းတို့၏တောင်းဆိုမှုကို မလိုက်လျှောပါက ပတ္တနိဇ္ဇန ကံဆောင်မည်ဟုလည်း သံဃာတော်များက ကြေညာထားသည်။

ပတ္တနိကုဇ္ဇန ကံဆောင်ခြင်းဆိုသည်မှာ ရဟန်းသံဃာများကို စော်ကားသူ၊ အမျိုးဘာသာ သာသနာကို စော်ကားသူများအား သံဃာများက သာရေး၊ နာရေးတို့တွင် ဆက်ဆံမှုမပြု၊ အလှူကိုလည်း လက်မခံသည့် သပိတ်မှောက်ခြင်းကို ခေါ်သည်။

မန္တလေးရှိ အန်အယ်လ်ဒီလူငယ်အချို့ကို သံဃာတော်များ ကံဆောင်မည့် ကြေညာချက်များ ဖြန့်ဝေသောကြောင့် အာဏာပိုင်တို့က လိုက်လံဖမ်းဆီးလျက်ရှိရာ ရှောင်ပုန်းနေရသည်ဟု မန္တလေး အန်အယ်လ်ဒီအဖွဲ့ဝင်က ပြောသည်။

ယမန်နေ့ည ၉ နာရီကျော်တွင် ပဲခူးမြို့၌ ညဘက်အပြင်ထွက်သည့် သံဃာများက အာဏာပိုင်တို့က မေးမြန်းစုံစမ်းသဖြင့် အကျေမနပ်ဖြစ်ကာ ရယက ရုံးကို ကျောက်ခဲများဖြင့် ၀ိုင်းပေါက်ကြသည်ဟု ပဲခူး အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို အာဏာပိုင်တို့က အမြဲစောင့်ကြည့်နေသည်ဟုလည်း ၎င်းကဆက်ပြောသည်။

( ဒီသတင်းကို http://www.irrawaddy.org/bur/news2007/September/sept_14_07.html ကနေ ယူတယ်။)


No comments: