Sunday, September 30, 2007

Gambari's Burma trip

ကုလအထူးသံတမန် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံရောက်ရှိ NEJ/ ၂၉ စက်တင်ဘာ ၂၀၀၇


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီသည် ယနေ့ ညနေပိုင်းတွင် စင်ကာပူနိုင်ငံမှတဆင့် Silk လေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှ လာသော အေဂျင်စီ သတင်းများတွင် ဖော်ပြသည်။

မစ္စတာဂမ်ဘာရီသည် နေပြည်တော်သို့ ဆက်လက် ထွက်ခွာကာ နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

ဟု သတင်းများတွင် ဖော်ပြသော်လည်း ယခုခရီးစဉ်အတွင်း အခြားမည်သူတို့နှင့် တွေ့ဆုံမည်ဆိုသည် ကိုမူ ဖော်ပြခြင်း မရှိပေ။

မစ္စတာ ဂမ်ဘာရီသည် လာမည့်အောက်တိုဘာလလယ်၌ သွားရောက်ရန် မူလကစီစဉ်ထားသော်လည်း မြန်မာနိုင်ငံ၌ သပိတ်မှောက်ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းနေသည့်အခြေအနေကြောင့် သတ်မှတ်
ချိန် ထက်စော၍ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံရန် မစ္စတာ ဂမ်ဘာရီဘက်က ယခုအချိန်အထိ အကြောင်းကြားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီက ပြောသည်။

အန်အယ်လ်ဒီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ဘက်ကတော့ တွေ့ရင် ပြောရမှာတွေတော့ အဆင်သင့်ရှိပါတယ်။ သို့သော် တွေ့ဖို့ မတွေ့ဖို့ကို အခုထက်ထိမသိရသေးပါဘူး။ သူတို့က ဖိတ်မှပဲတွေ့ရမှာ” ဟုပြောသည်။

မစ္စတာ ဂမ်ဘာရီ မလာရောက်မီကတည်းက ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်အနီးနှင့် ရန်ကုန်မြို့ တွင်း လမ်းများပေါ်၌ ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ ယနေ့ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်နှင့်လုံထိန်းရဲများကလည်း သေနတ်မိုးပေါ်ထောင် ပစ်ခတ်ခြင်းနှင့်ဖမ်းဆီးခြင်းများရှိကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။

၎င်းက “အဓိကဦးဆောင်တာတော့ ကျောင်းသားတွေပဲ။ ခွပ်ဒေါင်းအလံတွေလည်း တွေ့ရတယ်။
သံဃာတော်တွေတော့ သိပ်မတွေ့ရဘူး။ ဖြိုခွဲတဲ့လူတွေကလည်း ဒိုင်းကာတွေနဲ့ရှိတယ်။ လက်နက် တွေနဲ့၊ စပီကာနဲ့ အော်ပြီးဖြိုခွဲတာပဲ။ သူတို့လိုက်လာပြီဟေ့ဆို ကလေးတွေက ရှေ့ကပြေးတယ်။ လူတွေက စုံပြုံပြီး လိုက်အားပေးတယ်” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း အန်အယ်လ်ဒီပါတီဝင်များ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးခံနေရကြောင်း၊ ပြီးခဲ့ သည့်ညက ပါတီ၏သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သူ ဆင်ပေါင်ဝဲမြို့နယ် လွှတ်တော်အမတ် ဦးဟန်ဇော်၊ အရာတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဗလ၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်လဲ့လဲ့ နှင့် မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြ အပါအ၀င် အနည်းဆုံး (၁၀) ဦး ဖမ်းဆီးခံရ ကြောင်း အန်အယ်လ်ဒီပါတီက ပြောကြားသည်။



မူရင်း


khitpyaing.org

No comments: