Monday, September 3, 2007

strike diary ( irrawaddy sept 3 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၃၊ ၂၀၀၇

ကျောက်ဆည်-မန္တလေးတိုင်း
ယနေ့နံနက်ပိုင်း၌ ကျောက်ဆည်မြို့တွင် စာပေသမား ၁၄ ဦးက လမ်းလျှောက်ဆန္ဒပြပွဲတရပ်ပြုလုပ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် စာရေးဆရာ ညွန့်လွင် (စက်မှုတက္ကလိုလ်) က ပြောသည်။


ကျောက်ဆည်မြို့၏ လူစည်ကားရာလမ်းများကို အာဏာပိုင်တို့က ရဲ၊ ကြံဖွံ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသော ကြောင့် ဆန္ဒပြပွဲသမားများသည် လူနေအိမ်ခြေနည်းပါးသည့် မြို့ပတ်လမ်းမှတဆင့် အရဟံ စေတီသို့လမ်းလျှောက်ကာ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများလွတ်မြောက်ရေးကို ဆုတောင်းခဲ့သည်ဟုလည်း ဦးညွန့်လွင်က ပြောသည်။

“ည ၁၁ နာရီလောက်က ကဗျာဆရာ ကျော်သူမိုးမြင့်နဲ့ အရပ်သားတယောက် အဖမ်းခံရတယ်။ ဒီနေ့လုပ်မယ့်အစီအစဉ် အာဏာပိုင်က ကြိုသိသွားတယ်။ တမြို့လုံးအကြီးအကျယ်လုပ်ဖို့စီစဉ်ထားတာလည်း မလုပ်လိုက်ရဘူး။ မြို့ထဲမှာ ရဲတွေ၊ အချုပ်ကားတွေ စောင့်နေလို့ အကျဉ်းရုံးအစီအစဉ်ပြောင်းလိုက်ရတာ” ဟု ဦးညွန့်လွင်က ရှင်းပြသည်။

လမ်းလျှောက်ဆန္ဒပြပွဲတွင် ကျောက်ဆည်မြို့မှ ကဗျာဆရာများဖြစ်ကြသည့် တင်လတ်ကို၊ ဘိုဘိုကျော် (ကျောက်ဆည်) နှင့် ဇင်ပိုင်ကျော်တို့လည်း ပါဝင်သည်။
ဆန္ဒပြသမားများသည် ယန္တယားတပ်အတွင်းမှလည်း ဖြတ်၍လမ်းလျှောက်ကြရာ စစ်ဖက်အရာရှိများက ရုံးသို့ခေါ်ယူ ဆွေးနွေးပြီးနောက် ဆက်လက်လမ်းလျှောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့သည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇာတိမြို့ဖြစ်သည်။


လပ္ပတ္တာ-ဧရာဝတီတိုင်း

အန်အယ်လ်ဒီပါတီဝင်ဟောင်းများဖြစ်ကြသည့် ကိုအောင်မိုးဝင်း၊ ဦးကြည်သန်းနှင့် ဦးဌေးဝင်းတို့ကဦးဆောင်၍ လောင်စာ ဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ယနေ့နံနက် ၈ နာရီတွင် လပ္ပတ္တာမြို့မှ ရန်ကုန်သို့ ချီတက် ဆန္ဒပြကြကြောင်း သိရသည်။

ချီတက်ဆန္ဒပြပွဲကို လပ္ပတ္တာမြို့ရှိ သပိတ်ကြိုဘုရားမှစတင်ခြင်းဖြစ်ပြီး ပြည်သူလူထု ၂၀၀၀ ခန့်က ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ ဆန္ဒပြပွဲကိုဦးဆောင်သူများက ချီတက်ရာလမ်းတလျှောက်ရှိပြည်သူများကို ၃ ကြိမ် တရားဟောကြောင်းလည်း သိရသည်။

ဆန္ဒပြသမားများ မြောင်းမြကားဂိတ်အနီးသို့ရောက်ချိန်တွင် ဒေသအာဏာပိုင်၊ ရဲနှင့် ကြံ့ဖွံ့များက ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးပြီးမြောင်းမြသို့ခေါ်ဆောင်သွားကြောင်းနှင့် လမ်းလျှောက်ချိန် မိနစ် ၃၀ ခန့်ရရှိကြောင်း စုံစမ်းသိရှိရသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


No comments: