Tuesday, July 10, 2007

talk with Zin Mel god (177)


ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၇)

ရန်ကုန်သားတာတေ ဇူလိုင် ၄၊ ၂၀၀၇


ယခုတလော ချင်းမိုင်တွင် မိုးရွာသည့်ကြိမ်ရေစိပ်လာသည်။ မြန်မာပြည်ဘက်အခြမ်းတွင်ရွာသည့်မိုးသည် ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ မန္တလေးအဲလိုင်းနှင့်ကပ်၍ ပါလာပုံရသည်။
မနက်က ရာဟူးဆိုက်က ၀ယ်သာဖိုးကပ်စ်မှာ ယနေ့ညနှင့် မနက်ဖြန်ည မိုးရွာမည်ဟု ဖော်ပြထားသည်။ မိုးရွာရုံ သက်သက်ဆိုလျှင် အကြောင်းမဟုတ်။ လေနှင့် မိုး ပေါင်းမိလျှင်မလွယ်။ ဦးရုက္ခစိုးတို့လို ညောင်နန်းတွင်စံမြန်းသည့် နတ်ကောင်း နတ်မြတ်များအတွက် ဘယ်သောအခါကမျှ လေဘေးကယ်ဆယ်ရေးကော်မတီ မပေါ်ဘူးသေး။

မိုးပေါ်ကကျသည့် ရေစက်ရေပေါက်တို့ မကျရောက်ရန်ကို ချင်းမိုင်ရုက္ခစိုး တားနိုင်စွမ်းမရှိသော်လည်း တောင်ပေါ်က စီးဆင်းလာသည့်ရေကိုမူ အတော်အသင့်တော့ တားနိုင်ပါ၏။ ရုက္ခစိုးမင်း၏ တန်ခိုးအာဏာစက်ဖြင့် တားခြင်းကားမဟုတ်။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား ဖို့စ်လေဘာလုပ်၍ ပေါက်ပြား၊ ဂေါ်ပြားတို့ကိုသုံးလျှက် ရေစီးလမ်းကြောင်းလွှဲခြင်းသာ ဖြစ်သည်။ ဖို့စ်လေဘာ ၂ ယောက်၏ မိုးနတ်မင်းသီချင်းသံကြောင့် ဒွိုင်ဆူထေ့တောင်က ငှက်များ ထပြန်ကုန်၏။

ကြွက်စုတ်+ဖိုးရှုပ်။ ။ ညဘက်ညဘက် အိပ်မရ ... မင်းရဲ့အကြောင်းများသတိရ လုံးဝလုံးဝစိတ်မချ ကယ်ကြပါဦး … မိုးနတ်မင်းကြီးရယ် ပြောပေးပါ … မစပါဦးလား မစပါ … ကျနော်မျိုးကြီး သေသင့်ပါတယ် သေသင့်ပါတယ် … ချစ်မိလို့ အိုအို့ …
ဖို့စ်လေဘာ ၂ ယောက်က အတိုင်အဖောက်ညီနေသော်လည်း ၎င်းတို့၏ အသံသေးအသံကြောင်များကြောင့် ရုက္ခစိုးမှာ လွန်စွာစိတ်ပျက်သောလေသံဖြင့် …

ရုက္ခစိုး။ ။ မင်းတို့လုပ်ပုံကကွာ ရာသီဥတုက မကောင်းတဲ့အထဲ မိုးပေါ်ကနတ်မင်းနဲ့ ညောင်ပင်ကရုက္ခစိုးကို ရန်တိုက် ပေးသလိုဖြစ်နေပြီ။ မင်းတို့အသံတွေကြောင့် ငါ့ညောင်ပင်ကို ဟိုကမိုးကြိုးပစ်လိုက်လို့ ရုက္ခစိုးဘုံ ပျောက်နေပါဦးမယ်ကွာ၊ အိမ်ပြိုတာ ပြန်ဆောက်လို့ရတယ်။ သစ်ပင်ပြိုတာ ပြန်စိုက်လို့မရဘူးကွ။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးက ကူညီတာကို ကျေးဇူးမတင်ဘဲ အပြစ်တင်နေပြန်ပြီ။ မိုးကြိုးပစ်ပစ်၊ ညောင်ပင်လိုက်ကြီး ကျွတ်ထွက်ပြီးရေထဲမျောသွားဦး … ကျနော်တို့က ကူညီဦးမှာပါဗျ။

ရုက္ခစိုး။ ။ မင်းတို့ကူညီချင်တယ်ဆိုရင်တော့ ရန်ကုန်သာပြန်သွားလိုက်ကိုယ့်လူ။ ဟိုမှာ မိုးတွေကသည်း လေတွေလည်း တိုက်လွန်းလို့ ဘိုကလေးဈေးနားက နှစ်တရာကျော်သက်တမ်းရှိတဲ့ မဟော်ဂနီပင်ကြီးတွေနဲ့ ပြည်လမ်းမကြီးပေါ်က သစ်ပင်ကြီးတွေလဲသွားတယ်။ အဲဒီအပင်တွေက ရုက္ခစိုးတွေ ဘုံပျောက်နေလို့ ကူညီကြဖို့ အွန်လိုင်းနယူးတခုမှာ ရေးထားတာ ဖတ်လိုက်ရတယ်။

ဖိုးရှုပ်။ ။ ဒါလေးများ ဦးရုက္ခစိုးရယ် လောလောလတ်လတ် တောင်ဒဂုံမှာဖွဲ့ထားတဲ့ လေဘေးကယ်ဆယ်ရေး ကော်မတီနဲ့ ဆက်သွယ်ပေးလိုက်ပေါ့။
ဖိုးရှုပ်၏ စကားကြောင့် ရုက္ခစိုးကြီးက မျက်နှာကို မဲ့ရွဲ့၍ …

ရုက္ခစိုး။ ။ အဲဒီ ကယ်ဆယ်ရေးကော်မတီတော့ တော်ပါမောင်ရယ်။ သူတို့က တအိမ်လုံးဗုန်းဗုန်းလဲသွားတဲ့ မိသားစုတွေ ကိုမှ လေဘေးဒုက္ခသည်တွေလို့ သတ်မှတ်ပြီး ကူညီတာကွ။ အိမ်တိုင် တတိုင်ကျန်နေရင်တောင် ဘာအထောက်အပံ့မှ မရဘူးဆိုပဲ။

ကြွက်စုတ်။ ။ ဒါတင်ဘယ်ကမလဲဗျ။ ကယ်ဆယ်ထောက်ပံ့ရေးဝန်ကြီးက အပြိုအပျက်တွေကို လာကြည့်သွားပြီး နောက်တခါ အိမ်ဆောက်ရင် ခိုင်ခန့်အောင်ဆောက်ဖို့ မှာသွားသေးတယ်တဲ့ဗျ။

ဖိုးရှုပ်။ ။ အတော်လဲ ကရုနာစိတ်ကြီးတဲ့ ၀န်ကြီးမင်းပါပဲ။ နေပြည်တော်က အဆောက်အဦတွေပြိုတဲ့ ပျက်တဲ့အခါ အဲဒီဝန်ကြီးကိုလွှတ်ပြီး နောက်တခါ ခိုင်အောင်ဆောက်ဖို့ ထပ်ပြောခိုင်းပေါ့။

ကြွက်စုတ်။ ။ ဟုတ်တယ်ကွ၊ စစ်အစိုးရအာဏာပိုင်တွေ အပြောအဆိုမတတ်တာတွေကတော့ တထောင့်တည ပုံပြင်လို ဘယ်တော့မှ ပြောကုန်မယ်မထင်ဘူး။

ဖိုးရှုပ်။ ။ အပြောအဆိုတင် ဘယ်ကမလဲကွ။ အနေအထိုင်ပါ မတတ်တာ။ လောလောလတ်လတ် ကြားထားတဲ့ စာချိုးလေးတခု ပြောရဦးမယ်။ အခုရန်ကုန်မှာ လူပြောများနေတဲ့ ဟာသလေးတခုပေါ့ကွာ၊ “ပညာရေးဝန်ကြီး အကြံပေး ဗိုလ်ချုပ်မှူး မြေး” တဲ့ကွ။
ဖိုးရှုပ်စကားကို ရုက္ခစိုးကြီးနှင့် ကြွက်စုတ်တို့ လွန်စွာစိတ်ဝင်စားသွားပြီး ဦးရုက္ခစိုးက …

ရုက္ခစိုး။ ။ မြေးတော်လေးက ဘယ်လိုကဘယ်လို ပညာရေးဝန်ကြီးရဲ့ အကြံပေးဖြစ်သွားရတာတုန်း။ ဆယ်တန်းကို အောဒီနဲ့အောင်ပြီး တနိုင်ငံလုံးမှာ ဒုတိယချိတ်လို့ အဲဒီရာထူးပေးလိုက်တာလား။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလဲ မြေးတော်လေးက ဒီတင်ဘယ်ကမလဲ။ အီးပါပါတာဗျ။
ဦးရုက္ခစိုးက သူထင်ရာသူပြော၊ ကြွက်စုတ်ကတမှောင့် ၀င်နှောင့်နေသောကြောင့် ဖိုးရှုပ်က စိတ်မရှည်သံဖြင့် …
ဖိုးရှုပ်။ ။ ကဲကဲ ကျုပ်ပြောတာ နားထောင်မှပေါ့။ ဒီလိုဗျ … ဟိုတနေ့က ပညာရေးဝန်ကြီးက ရန်ကုန်မြို့ထဲက အထက (၁) ဒဂုံ၊ လသာ (၂) နဲ့ အထက (၁) လမ်းမတော် ကျောင်းတွေကို လိုက်စစ်တော့ မြေးတော်လေးလဲ ပါတယ်ဗျ။

ရုက္ခစိုး။ ။ ပါသွားရုံနဲ့တော့ အကြံပေးလို့ မပြောနဲ့လေကွာ။ သူလဲ ပူပူနွေးနွေး ဆယ်တန်းအောင်ထားပြီး နောက်ဆို ဘင်္ဂလားဒေ့ရှ်ဆိုလား၊ အာဖဂန်ဆိုလားသွားပြီး အရောင်းအ၀ယ်လုပ်နည်း သွားသင်မှာဆိုတော့ အထက်တန်းကျောင်း တွေကို ခရီးမထွက်ခင် လိုက်လည်တာဖြစ်မှာပေါ့။

ကြွက်စုတ်။ ။ စင်ကာပူမှာ အီကိုသွားသင်မှာပါဗျ။ အဲဒီသတင်းလဲကြားရော မြန်မာပြည်က ဆေးနဲ့ စက်မှုတက္ကသိုလ်က ဆရာ၊ ဆရာမတွေ အရမ်းဝမ်းသာနေကြတာဗျ။

ဖိုးရှုပ်။ ။ သူ့ဟာသူ သင်ချင်ရာသင်ဗျာ … ဒီမှာ စကားမဆုံးသေးဘူး။ ဒီလို … မြေးတော်လေးက ပညာရေး ၀န်ကြီးနဲ့ လိုက်သွားပြီး အဲဒီကျောင်းတွေမှာ ဟိုဟာညွှန်ကြား၊ ဒီဟာညွှန်လိုက်လုပ်လို့ “ပညာရေးဝန်ကြီး အကြံပေး ဗိုလ်ချုပ်မှူး မြေး” ဆိုပြီး ပြောနေကြတာကို ပြောတာဗျ။ သိကြပြီလား။

ရုက္ခစိုး။ ။ ဒီလိုဆို ကိုယ်တော်လေးက တန်ခိုးအတော်ထွားနေတာပေါ့။

ဖိုးရှုပ်။ ။ ထွားတာတော့ ပြောမနေနဲ့ အသက်နဲ့တောင်မလိုက်ဘူး။

ကြွက်စုတ်။ ။ ပြီးခဲ့တဲ့အပတ်က ဓာတ်ပုံထဲတွေ့တုန်းက လူကောင်က ခပ်ညှပ်ညှပ်ပါကွ။ ဟို ဂျပန်ကလာတဲ့ ဘောလုံး သမားနဲ့ တွဲရိုက်ထားတာလေ။ နေ့ချင်းညချင်း ဘာဆေးတွေစားပြီး ထွားသွားတာလဲ။

ဖိုးရှုပ်။ ။ တန်ခိုးထွားတာကိုပြောတာကွ။

ရုက္ခစိုး။ ။ အဲဒီကျောင်းတွေကို သွားရှုပ် … အဲ အဲ သွားကြည့်တုန်းကကော ဘယ်လိုတန်ခိုးတွေ ပြလိုက်သေးလဲ။
ဖိုးရှုပ်။ ။ ဘာတွေ ဘယ်လောက်ထွားသလဲတော့ မသိဘူး … လသာ (၂) က မုန့်စားဆောင်ကို ညစ်ပတ်တယ် ပြောခဲ့လို့ အခုကျောင်းအုပ်ကြီး မျက်ခုံးလှုပ်နေတယ်တဲ့ဗျ။

ရှုက္ခစိုးတို့သုံးဦး စကားကောင်းနေစဉ် မိုးစက်မိုးပေါက်များသည် တောင်ပေါ်ပြေးဆင်းလာသည့်လေကို တွဲလောင်းခိုလျက် လိုက်ပါလာ၏။

ရှုက္ခစိုး။ ။ ဒါပေါ့လေ … သူလဲ မင်းပြစ်မင်းဒဏ် သင့်မှာစိုးလို့ မျက်ခုံးလှုပ်နေတာပေါ့။ ငါလဲ ဒီညောင်ပင်ကြီး သဘာဝ ဘေးဒဏ်သင့်မှာစိုးလို့ မျက်ခုံးရော မျက်မှန်ရောလှုပ်နေရပြီကွ။ အခုလို ညောင်ပင်ကို တည့်တည့်ကြီး ပြေးတိုက်နေတဲ့ ရေးစီးကြောင်းကို လမ်းလွှဲပေးတဲ့တွက် ကျေးဇူးတင်ပါတယ်ကွာ။ မိုးတွေလဲထပ်ရွာနေပြန်ပြီ။ မင်းတို့လဲ အအေးပတ်ကုန် ကြတော့မယ်။ အချိန်မလင့်ခင် ပြန်ကြတော့ကွာ။

ရုက္ခစိုး၏စကားကြောင့် သူကောင်းသား ၂ ယောက် တယောက်မျက်နှာတယောက်ကြည့်ကာ …

ကြွက်စုတ်။ ။ ကဲ … ရဲဘော်ကြီး ရာသီဥတုကတော့ အားကစားသမား အကြိုက်ပဲဟေ့။ အိမ်ပြန် ရေမိုးချိုးပြီး ဆုံနေကြ နေရာလေးမှာပဲ တို့ ၂ ယောက် ပြန်ဆုံကြတာပေါ့။ နောက်မကျစေနဲ့နော်။ ။

No comments: