Wednesday, July 25, 2007

Wa ethnic to be relocate

ဝ လူမျိုးများကို မူရင်းဒေသသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်
ဧရာဝတီ ဇူလိုင် ၂၅၊ ၂၀၀၇

ရှမ်းပြည်တောင်ပိုင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ ၀ လူမျိုးများအား ၎င်းတို့၏မူရင်းဒေသဖြစ်သည့် တရုတ်နိုင်ငံ နယ်စပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန် စစ်အစိုးရကအမိန့်ထုတ်သည်ဟု ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (တောင်ပိုင်း) ခေါင်းဆောင် ဗိုလ်မှူးကြီး ယော့ဆတ်က ပြောဆိုကြောင်း ရှမ်းသံတော်ဆင့်သတင်းစဉ်တွင် ဖော်ပြထားသည်။

အဆိုပါ ၀လူမျိုးများကို သြဂုတ်လ ၁ ရက်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရန်ညွှန်ကြားထားပြီး နအဖ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ညွှန်ကြားစာတွင် လက်မှတ်ထိုးထားကြောင်းဗိုလ်မှူးကြီး ယော့ဆတ်က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုသည်။

စစ်အစိုးရက သဘောတူညီမှုတခုကို လိုက်လျောရန်ရည်ရွယ်ချက်ကြောင့် ၀လူမျိုးများအား ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး ၎င်းသဘောတူညီချက်သည် မြန်မာနိုင်ငံတွင် စစ်တပ်တတပ်တည်းထားရှိရန် ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ယော့ဆတ်က သုံးသပ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ညွှန်ကြားချက်တွင် ရှမ်းပြည်တောင်ပိုင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုလည်း မူရင်းဒေသဖြစ်သည့် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ ပန်ဆန်း ဒေသသို့ ပြန်လည်အခြေချရန် ပါရှိသည်။

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့သည် ၁၉၈၉ ခုနှစ်ကတည်းက နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်ကစ၍ ရှမ်းပြည်တောင်ပိုင်းတွင် အခြေချနေထိုင်ခွင့် ရခဲ့ကြသည်။
၎င်းဒေသတွင် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ လက်နက်ကိုင်အင်းအား ၃၅၀၀ မှ ၄၅၀၀ အထိ အခြေစိုက်ပြီး ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (တောင်ပိုင်း) အခြေစိုက်ရာဒေသလည်း ဖြစ်သည်။တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ရှမ်းပြည်တောင်ပိုင်းတွင် ၀လူမျိုးများ သည် စီးပွားရေး၊ စိုက်ပျိုးရေးကအစ အခြေကျနေပြီဖြစ်သောကြောင့် မူရင်းဒေသသို့ ပြန်လည် ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

No comments: