Thursday, July 12, 2007

Dway passes away

(မှတ်ချက် - မင်းသား ဒွေး နာရေးသတင်း ပြည်တွင်းပရိသတ် သိပြီးဖြစ်ပါတယ်။ သို့ပေမယ့် ပြည်ပသတင်းသမားတွေဟာ စစ်အစိုးရအကြောင်းတွေချည်းပဲမဟုတ်ဘဲ လူတွေ စိတ်ဝင်စားတဲ့ သိသင့်တဲ့အကြောင်းအရာတွေကိုလည်း ကိုင်တွယ်ပါတယ်ဆိုတာ ပေါ်လွင်အောင်လို့ ကူးပြီးဖော်ပြလိုက်တာပါ။ ဒီနာရေးသတင်းကို သတင်းဦးစားမပေးတဲ့ မိုးမခ က အရင်ဖော်ပြတာ တွေ့ရပါတယ်။ မိုးမခ မတိုင်ခင်ကတော့ ဘီဘီစီမှာ ပါသွားပါတယ်။)

မင်းသားဒွေး ရုတ်တရက်ကွယ်လွန်
ပီတာအောင် / ၁၂ ဇူလိုင် ၂၀၀၇ (ခေတ်ပြိုင်)

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး (ထင်လင်း) သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်၌ ရုတ်တရက် ကွယ်လွန်သွားသည်။

ယမန်နေ့ ညနေ () နာရီခန့်က အိပ်ပျော်နေရင်း ကွယ်လွန်သွားခြင်းဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်းကို အသေအချာ မသိရှိရကြောင်း မင်းသားဒွေး၏ ဈာပနအတွက် စီစဉ်ဆောင်ရွက် ပေးနေသည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောသည်။

၎င်းက “ဒွေးဟာ ကျနော့်အတွက် လုပ်ဖော်ကိုင်ဖက်တဦးလည်းဖြစ်တယ်။ အသက်သခင် ကျေးဇူးရှင် လည်းဖြစ်တယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ချောင်းသာရိုက်ကွင်းမှာ ကျနော် သတိလစ်သွား တုန်းက သူက အသက်ကယ်ဆေး မရရအောင် ရှာပေးခဲ့ဖူးတယ်။ သူအခုလို ဖြစ်သွားတဲ့အချိန်မှာ ကျနော် ပြန်မကူညီလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူကွယ်လွန်သွားတာဟာ ကျနော်တို့ အနုပညာလောကအတွက် အစားထိုးမရတဲ့ ဆုံးရုံးမှုတခုဖြစ်ပါတယ်” ဟု
ပြောကြားသည်။

ကွယ်လွန်ချိန်၌ အသက် (၄၂) နှစ်ရှိပြီဖြစ်သည့် မင်းသားဒွေးသည် 'ကွက်လပ်ကလေးဖြည့်ပေးပါ' ရုပ်ရှင်ဇာတ်ကားကြီးဖြင့် (၁၄) နှစ်သားကတည်းက ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်လောကသို့
ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်နှင့် ဗီဒီယို ကားပေါင်း (၁၀၀) ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၉၇ ခုတွင် 'အမေ့ခြေရာ' ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့ပြီး 'နှင်းဆီမိုးတိမ်' ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးနေစဉ် ကွယ်လွန်သွားခြင်းဖြစ်သည်။

အနုပညာလုပ်ဖော်ကိုင်ဖက် ရဲဘော်တဦး ဆုံးရှုံးသွားသည့်အတွက် အားလုံး စိတ်မကောင်း ဖြစ်ရ ကြောင်း မကြာသေးခင် ရက်ပိုင်းက ဒွေးနှင့် ဗီဒီယိုဇာတ်ကားတကား ရိုက်ကူးပြီးစီးသွားသူ
ဒါရိုက်တာ ကိုအောင်မင်းသိမ်းက ပြောကြားသည်။

သူနဲ့ကျနော်နဲ့က လွန်ခဲ့တဲ့ () ရက်ကပဲ တကားပြီးသွားတာဗျ။ နောက်ဆုံး ကျနော်တို့ရိုက်တာ
'
ဇာတ်လမ်းလေး' ဆိုတဲ့ ဗီဒီယိုကား စိုးမြတ်သူဇာနဲ့။ အဲ့ဒီကား နောက်ဆုံး ရိုက်ကွက် ရိုက်ကြတော့ စိုးမြတ်သူဇာသေလို့ ဒွေးကငိုနေတာ။ သြော် နောက် () ရက်လည်းကြာရော ဒွေးသေသွားလို့ စိုးမြတ်သူဇာက ငိုနေရပြန်ရော” ဟု အမှတ်တရ အဖြစ်အပျက်ကို ပြောပြသည်။

၎င်း၏ ဈာပနကျင်းပမည့် နေ့ရက်ကို သတ်မှတ်ရခြင်းမရှိသေးဘဲ မိသားစုဝင်းများက ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။

မင်းသားဒွေးသည် စက်မှုတက္ကသိုလ်ကျောင်းဆင်းတဦးဖြစ်ပြီး တေးသီချင်းသီဆိုရာ၌လည်း
ဝါသနာထုံလှကာ ၎င်းသီဆိုခဲ့သည့် 'မင်းလေးကိုချစ်လို့' သီချင်းမှာ နာမည်ကျော်ကြား လူကြိုက် များသည်။

ဒွေး ကွယ်လွန်ချိန်တွင် ဇနီးသည် မမိုးမိုးကျန်ရစ်ခဲ့ပြီး အရွယ်မတိုင်မီ ကြွေလွင့်သွားသည့် အနုပညာကြယ်တပွင့်အဖြစ် သူ့အားချစ်ခင်မြတ်နိုးသည့် ပရိသတ်က အစဉ်အမြဲ အမှတ်ရနေမည် ဖြစ်သည်။ ။


No comments: