Wednesday, July 18, 2007

NC conclusion

အမျိုးသားညီလာခံ ပြန်လည် စတင်
ကိုစိုး/ ဧရာဝတီ ဇူလိုင် ၁၈၊ ၂၀၀၇

မြန်မာစစ်အစိုးရ၏ ယနေ့ပြန်လည်စတင်သည့် အမျိုးသားညီလာခံဖွင့်ပွဲတွင် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်က ယခင်သဘောတူညီ ချက်များကို ပြင်ဆင်မှုမပြုလုပ်ရန် သတိပေးပြောကြားလိုက်ကြောင်း သိရသည်။

ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုကျင်းပသည့် ညီလာခံသည် ဒီမိုကရေစီလမ်းပြမြေပုံ၇ ဆင့်၏ ပထမ အဆင့်ဖြစ်သည့်အတွက် အလွန်အရေး ကြီးကြောင်း ညီလာခံကိုယ်စားလှယ်များကို ပြောကြား လိုက်ပြီး “အခု ကျင်းပတဲ့ ညီလာခံဟာ နောက်ဆုံးအကြိမ် ဖြစ်တဲ့အတွက် ကိုယ်စားလှယ်များအနေနဲ့ လမ်းညွှန်ချမှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကနေ သွေဖီပြီး ဆွေးနွေး မေးမြန်းတာမလုပ်ဖို့ ပြောကြားလိုပါတယ်”ဟု ထည့်သွင်း ပြောကြားသွားကြောင်း အေပီ သတင်းဌာက ဖော်ပြသည်။


ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကလည်း ညီလာခံကိုအချိန်တလခွဲနှင့် အပြီးသတ်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုသည်ဟု သိရသည်။
“သတင်းထောက်တွေက ညီလာခံပြီးရင် ဘယ်တော့ လူထုဆန္ဒခံယူပွဲလုပ်မလဲ၊ ဘယ်တော့ ရွေးကောက်ပွဲ လုပ်မလဲလို့ မေးကြတာကို ဗိုလ်မှူးချုပ် ကျော်ဆန်းက မြန်မှာပါ၊ အချိန်သတ်မှတ်ချက်တော့ မပြောနိုင်ပါဘူးလို့ ပြောတယ်” ဟု အမျိုးသား ညီလာခံဖွင့်ပွဲသို့ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့သည့် ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ယင်း ညီလာခံသို့တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို ဖိတ်ကြားခြင်းမပြုဟု ဗိုလ်မှူးချုပ် ကျော်ဆန်းက ထည့်သွင်းပြောကြားသွားကြောင်းလည်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်းတွင် ကျင်းပသော ယနေ့မနက် ၉ နာရီတွင် စတင်သည့် အမျိုးသားညီလာခံ ဖွင့်ပွဲတွင် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြား၍ ဗိုလ်မှူးချုပ် ကျော်ဆန်းက အခမ်းနားမှူးပြုလုပ်ပြီး ဖွင့်ပွဲ အခမ်းနားကို အကျဉ်းချုံးပြုလုပ်သွားသည်ဟု သိရသည်။

“ညီလာခံကို နှောင့်ယှက်ဖျက်ဆီးသူတွေကို တည်ဆဲဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမယ်၊ ညီလာခံ ကိုယ်စားလှယ်တွေအနေနဲ့လည်း သတိရှိဖို့ ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွင့်မိန့်ခွန်းမှာ ထည့်ပြောသွားတယ်”ဟု ရန်ကုန် အခြေစိုက် သတင်းထောက်က ပြောသည်။
စစ်အစိုးရက ယခု ပြန်လည်ကျင်းပသည့် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်ပေါင်း ၁ ထောင်ကျော် တက်ရောက်လျှက် ရှိပြီး အများစုမှာ စစ်အစိုးရက လက်ရွေးစဉ်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ ဖြစ်သည်။

ယင်းညီလာခံ၌ မူလက နိုင်ငံ ၂၀ မှ သတင်းထောက်များအား သတင်းယူရန်ပြည်ဝင်ခွင့် ဗီဇာကို စစ်အစိုးရက ဇူလိုင် ၁၂ ရက် မှ ၁၈ ရက်နေ့အထိ ပေးရန်စီစဉ်ခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်သို့ ပြောင်းလဲသတ်မှတ်၍ ဆိုင်းငံ့ထားခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သည့် အမျိုးသားညီလာခံမှ စတင်၍ အခြေခံဥပဒေသစ်ကိုရေးဆွဲ နေခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခြေခံဥပဒေကိုရေးဆွဲနေသည် မှာ ပြီးစီးလုနီးပြီဖြစ်ကြောင်း စစ်အစိုးရကထုတ်ဖော် ပြောကြားထားသည်။စစ်အစိုးရ၏ အမျိုးသားညီလာခံသည် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကန့်ကွက် သပိတ်မှောက်ခဲ့သည်။

No comments: