Saturday, July 21, 2007

No compensation for injury

ဧရာဝတီသတင်း
မတော်တဆထိခိုက်ဒဏ်ရာရသူ စက်ရုံအလုပ်သမား နစ်နာကြေးမရ
ကိုသက် ဇူလိုင် ၂၀၊ ၂၀၀၇

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ဟောင်ကောင်ကြာဆံစက်ရုံမှအလုပ်သမားတဦး လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် မတော်တဆထိခိုက်ဒဏ်ရာရမှုကြောင့် ညာဘက်လက်သန်းပြတ်သွားသော်လည်း စက်ရုံပိုင်ရှင်ထံမှ နစ်နာကြေးတစုံတရာ မရရှိကြောင်း ဒေသခံများက ဆိုသည်။

လွန်ခဲ့သည့်လ ၂၀ ရက်နေ့က လှိုင်သာယာမြို့နယ် ၁၈ ရပ်ကွက်၊ ကင်းဝန်မင်းကြီး ၄ လမ်းတွင်နေထိုင်သည့် မောင်ရန်နိုင်ထွန်းသည် လုပ်ငန်းခွင်အတွင်း ကြာဆံနန်းစွဲနေစဉ် မတော်တဆထိခိုက်ဒဏ်ရာရသဖြင့် ညာဘက်လက်သန်း ပြတ်သွားခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတဦးက “စက်ရုံပိုင်ရှင်က တော်ရုံတန်ရုံဆေးကုပေးပြီး အလုပ်ကနေ ထုတ်လိုက်တယ်။ ရော်ကြေးတွေဘာတွေ လုံးဝမပေးဘူး” ဟု ပြောသည်။

ဟောင်ကောင်ကြာဆံစက်ရုံပိုင်ရှင် ဦးကောင်းစိန်က “အဆင်ပြေအောင်လုပ်ပေးလိုက်တာပေါ့။ ဆေးကုပေးတာပေါ့” ဟု ဧရာဝတီကိုပြောဆိုသော်လည်း နစ်နာကြေးနှင့်ပတ်သက်၍မေးသောအခါ ဆက်လက်ဖြေကြားခြင်းမရှိပေ။

မောင်ရန်နိုင်ထွန်း၏ အသက်သည် ၁၇ နှစ် ဖြစ်ပြီး ဟောင်ကောင်ကြာဆံစက်ရုံတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညဆိုင်းအလုပ်ကို လုပ်သူဖြစ်သည်။ တလလျှင် လစာငွေကျပ်နှစ်သောင်းရသည်ဟုလည်း သိရသည်။

မောင်ရန်နိုင်ထွန်း၏ ထိခိုက်ဒဏ်ရာရမှုမတိုင်မီ တလကျော်ကလည်း ကိုရဲထွန်းအမည်ရှိ အလုပ်သမားတဦး ၎င်းကြာဆံ စက်ရုံတွင် ထိခိုက်ဒဏ်ရာရသောကြောင့် လက်ချောင်း ၄ ချောင်း ပြတ်သွားခဲ့ဖူးပြီး နစ်နာကြေး မရခဲ့ကြောင်း လှိုင်သာယာ ဒေသခံက ပြောသည်။

၎င်းအမှုနှင့်ပတ်သက်ပြီး လှိုင်သာယာမြို့နယ် အလုပ်သမားရုံးနှင့် လူမှုဖူလုံရေးအဖွဲ့များသို့ ကြာဆံစက်ရုံ၏ တာဝန်ရှိသူ များက လာရောက်အကြောင်းကြားခြင်းမရှိသေးကြောင်း ၎င်းရုံးများမှ တာဝန်ရှိသူများက ပြောသည်။
မြို့နယ်အလုပ်သမားရုံးနှင့် လူမှုဖူလုံရေးအဖွဲ့တို့သည် အလုပ်သမားဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့များ ဖြစ်ကြသည်။

လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက “ထိခိုက်မှုဆိုရင်တော့ ကျနော်တို့ဆီကို အချိန်မီ အကြောင်း ကြားရတာပေါ့။ စက်ရုံကအကြောင်းမကြားတော့ မသိလိုက်ဘူးပေါ့။ ကျနော်တို့ဆီက စစ်ဆေးရေးမှူးကို စုံစမ်းခိုင်းပြီး ရသင့်ရထိုက်တဲ့အကျိုးခံစားခွင့်တွေရအောင် ဆက်လက်ဆောင်ရွက်ပေးရမှာပေါ့” ဟု ဧရာဝတီကိုပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားရုံး၏ တာဝန်ရှိသူကလည်း “မတရားတာတော့ မဖြစ်စေရဘူး။ မှတ်တမ်း မှတ်ရာနဲ့ အလုပ်သမားရပိုင်ခွင့်တွေ သေသေချာချာလုပ်ပေးမှာပါ” ဟု ဧရာဝတီကို ပြောသည်။လှိုင်သာယာအလုပ်သမားရုံးက လွန်ခဲ့သည့်နှစ်က အလုပ်သမားပြဿနာ အမှုပေါင်း ၁၆၀ ကျော်ကို ဖြေရှင်းပေးခဲ့ပြီး ယခုနှစ်အတွင်း အမှုပေါင်း ၈၀ ခန့် ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းအရာရှိက ပြောသည်။

No comments: