Saturday, July 21, 2007

any suggections? :D

ဧရာဝတီသတင်း
ဝေဖန်အကြံပြုရန် စစ်အစိုးရ သတင်းစာများ ဖိတ်ခေါ်
ကိုစိုး ဇူလိုင် ၂၀၊ ၂၀၀၇

စစ်အစိုးရ သတင်းစာများအား စာဖတ်သူများက ဝေဖန်အကြံပြုပေးရန်နှင့် အကောင်းဆုံး ဝေဖန်အကြံပြုပေးနိုင်သူများကို ဆုကြေးငွေများပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်သတင်းစာများတွင် အချပ်ပိုများ ညှပ်ထည့်၍ ဖိတ်ခေါ်ကြေညာထားကြောင်း သိရသည်။

အဆိုပါ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းက ထုတ်ပြန်သော ကြေညာချက်တွင် သတင်းစာများကို အကောင်းဆုံး ဝေဖန် အကြံပြုနိုင်သူများအား ပထမဆု ကျပ် ၃ သိန်း၊ ဒုတိဆု ကျပ် ၂ သိန်း ၊ တတိယဆု ကျပ် ၁ သိန်းနှင့် နှစ်သိမ့်ဆု ကျပ် ၅ သောင်း ပေးမည်ဟု ဆိုသည်။

ပုံနှိပ်ဖော်ပြခြင်းမဟုတ်ဘဲ A4 ဆိုဒ်ခန့်ရှိသော ဝေဖန်အကြံပြုရန် စည်းကမ်းချက်များပါရှိပြီး ဖြည့်စွက်ရန်ပုံစံ ပြုလုပ်ထား သည့်ဖိတ်ခေါ်စာများကို ယနေ့ထုတ် အစိုးရသတင်းစာများတွင် ညှပ်ထည့်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

“သူတို့ တကယ် အပြောင်းအလဲလုပ်မယ်ဆိုရင် သတင်းကို လွတ်လွတ်လပ်လပ် ရေးတာမျိုး၊ ဘက်မလိုက်ဘဲ ရေးတာမျိုးကို အပြောင်းအလဲ လုပ်နိုင်မလား၊ အစိုးရဘက်ကပဲ ရေးနေတာ၊ ဒါ အားလုံးသိနေတာကို သူတို့က ပြည်သူ့အာဘော်တွေ ဘာတွေ လုပ်ချင်ပုံရတယ်၊ တခုတော့ရှိတယ်၊ အဲဒါမျိုး အရင်ကတော့ တခါမှ မလုပ်ဖူးဘူး၊ လူတွေကတော့ နည်းနည်း စိတ်ဝင်စားပုံရတယ်”ဟု အထက်ပါ အယ်ဒီတာက ပြောသည်။

ယခင်က သတင်းစာဖတ်ပရိသတ်အများစုသည် သတင်းစာကို စိတ်ဝင်စားမှုနည်းသောကြောင့် ပြောင်းလဲလိုသည့်သဘော ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့နေ စာရေးဆရာ တဦးကလည်း ပြောသည်။
“အရင်က သိတဲ့အတိုင်းပဲ၊ သတင်းစာကို နာရေးတို့၊ စီးပွားရေးကြော်ငြာတို့ကို အဓိကထားဖတ်ကြတာ၊ အဲဒီထက် ဆွဲဆောင်မှုရှိအောင် အပြောင်းအလဲလုပ်မလို့ ထင်တာပဲ”ဟု ၎င်း စာရေးဆရာက ပြောသည်။
သတင်းစာများတွင် ရေးသားဖော်ပြနေခြင်းများသည် လက်ရှိအစိုးရ အကြိုက်များဖြစ်ပြီး ထိုရေးသားချက်များကို ကိုယ့် အမြင်အရဝေဖန်ပါက လက်ခံမည်ဟု မထင်မြင်ကြောင်း၊ ယခုကိစ္စသည် အပေါ်ယံ ဟန်ပြလုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း လည်း မဂ္ဂဇင်း အယ်ဒီတာက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က သင်္ကန်းကျွန်းမြို့နယ် ၁၆/၃ ရပ်ကွက် ဓမ္မာရုံလမ်းနေ အသက် ၆၅ နှစ်ရှိ ဦးသိန်းဇံက လက်ရှိ ကြုံတွေ့နေရသည့် စားဝတ်နေရေး အခက်အခဲများကို မကျေနပ်၍ အစိုးရသတင်းစာပါ ဆောင်းပါးများအပေါ် တုံ့ပြန်ရေးသားထားသည့် စာများကို နေအိမ်ခြံစည်းရိုးတွင် ကပ်ထားသောကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ဧပြီလအတွင်းက ပြန်လည်လွတ်မြောက်ခဲ့သည်။

သတင်းစာတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်းများကို သတင်းစာဆောင်းပါးရှင်များက ရေးသားကြရန် ဦးသိန်းဇံက သူကပ်သည့်စာတွင် ရေးသားအကြံပြုထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေနေသော အစိုးရသတင်းစာများမှာ စောင်ရေ ၁ သိန်းကျော်ရှိမြန်မာ့အလင်း (မြန်မာ) သတင်းစာ၊ စောင်ရေ ၁ သောင်းကျော်ရှိ မြန်မာ့အလင်း (အင်္ဂလိပ်) နှင့် စောင်ရေ ၂ သိန်းကျော်ရှိ ကြေးမုံသတင်းစာ ၃ မျိုး ထုတ်ဝေ လျက်ရှိသည်။

စစ်အစိုးရက ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ကို ပိတ်ပင်ထားပြီး ထုတ်ဝေခွင့်ရသော သတင်းဂျာနယ်များသည်လည်း ပုံမနှိပ်မီ စာပေစိစစ်ရေးဌာနသို့ တင်ပြ၍ စိစစ်ခံရသည်။
ထို့ကြောင့်ပင် မြန်မာနိုင်ငံကို သတင်းစာ လွတ်လပ်ခွင့်မရှိဟု နိုင်ငံတကာ အသိုင်းအ၀န်းနှင့် သတင်းလွတ်လပ်ခွင့်အဖွဲ့ များက သတ်မှတ်ခဲ့ကြသည်။

မြန်မာအစိုးရ သတင်းစာများ၌ ဖော်ပြပါရှိသော နိုင်ငံခြားသတင်းအများစုတွင် သတင်းရင်းမြစ်ဖော်ပြမှု၊ ဓာတ်ပုံမူရင်း ဖော်ပြမှုများ မတွေ့ရှိရသောကြောင့် သတင်းစာ ကျင့်ဝတ်နှင့် မညီညွတ်ကြောင်း ဂျပန်သတင်းထောက်တဦးက ပြောသည်။“ဒါဟာ ခိုးယူတာလို့ ပြောရပါမယ်”ဟု ယင်း ဂျပန်သတင်းထောက်က ပြောဆိုသည်။

No comments: