Tuesday, July 17, 2007

HRDU's successful trainnings

လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ အောင်မြင်ဟု လူ့အခွင့်အရေးပညာပေးဌာန ပြောကြား
NEJ / ၁၇ ဇူလိုင် ၂၀၀၇


" -------------- အရင်က မတရားမှုတွေဟာ ဘယ်တရားရုံး ဘယ်သတင်းဌာနမှ မရောက်ခဲ့ဘူး။ ရောက်ရင်လည်း ဘယ်သူမှ အရေးယူ လုပ်ဆောင်မှုမရှိခဲ့ဘူး။ အခုချိန်မှာတော့
ဒီလိုမျိုးကိစ္စ တိုင်ကြားမှုတွေကို တိုင်ကြားတဲ့လူတွေကလည်း တိုင်ကြားရဲလာတယ်။ တိုင်ကြား သူတွေအချင်းချင်းကြားမှာလည်း ကူညီမှုတွေရှိလာတယ်။ ------------------------ "




လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) အနေဖြင့် (၇) နှစ်တာကာလအတွင်း လူ့အခွင့် အရေး ချိုးဖောက်ခံရမှုဆိုင်ရာကိစ္စများကို လူထု ပါဝင်သည့်နည်းလမ်းနှင့် အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့သည်ဟု အဖွဲ့၏ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယနေ့ကျရောက်သည့် ဖွဲ့စည်းခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြုလုပ်သည့် အခမ်းအနားတွင် ၎င်းက “လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုကိစ္စတွေကို လူထုပါဝင်တဲ့နည်းလမ်းနဲ့

လုပ်ဆောင်တဲ့ လူ့အခွင့်အရေး နည်းပြတွေ တိုင်းရင်းသားဒေသအသီးသီးမှာ မွေးထုတ်နိုင်ခဲ့တယ်။ လူ့အခွင့်အရေးပညာပေးမှုကို အမျိုးသမီးတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့ အောက်ခြေ လူတန်းစားတွေကိုပါ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်” ဟု ပြောသည်။

ပညာပေးမှုကို ယခင်က ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နယ်စပ်တို့အထိ လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေးပညာပေးရေးဌာန (မြန်မာနိုင်ငံ) စတင်ဖွဲ့စည်းချိန်မှစ၍ လူ့အခွင့်အရေးပညာပေးရေး လုပ်ငန်း၊ ကလေးအခွင့်အရေး ပညာပေးရေးလုပ်ငန်း၊ အမျိုးသမီးအခွင့်အရေးပညာပေးရေးလုပ်ငန်း၊ အိမ်တွင်း အကြမ်းဖက်မှုရပ်တံ့ရေး၊ ကလေးစစ်သားအသုံးပြုမှုကိစ္စပပျောက်ရေး၊ ကလေးကူးသန်း ရောင်းဝယ်မှုတားဆီးရေးအစီအစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံသားအများစုသည် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ထွက်ပြေးလာရပြီး ရရာ
အလုပ်ကို လုပ်နေကြသော်လည်း ထိုင်းနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိပြီး အထူး
သဖြင့် ရွှေ့ပြောင်းအလုပ်သမားများကြားတွင် အလုပ်ရှင်များက မတရားအနိုင်ကျင့်မှု ကိစ္စများ ရှိနေကြောင်း၊ တခြားနိုင်ငံသားဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှာလည်း အမျိုးသမီး၊ ကလေးအခွင့်
အရေးများ ချိုးဖောက်ခံနေရသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် လူထုကို အသိအမြင်ပညာပေးရေးလုပ်ငန်းများအဓိက လုပ်ဆောင်လျက်ရှိပြီး လူထုက လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ ကိစ္စရပ်များ တားဆီးနိုင်မည့် လုပ်ငန်းများကို ၎င်းတို့နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း အဖွဲ့၏ဒါရိုက်တာက ရှင်းပြသည်။

“ဥပမာ မဲဆောက်ဒေသမှာ အရင်က မတရားမှုတွေဟာ ဘယ်တရားရုံး ဘယ်သတင်းဌာနမှ မရောက်ခဲ့ဘူး။ ရောက်ရင်လည်း ဘယ်သူမှ အရေးယူ လုပ်ဆောင်မှုမရှိခဲ့ဘူး။ အခုချိန်မှာတော့
ဒီလိုမျိုးကိစ္စ တိုင်ကြားမှုတွေကို တိုင်ကြားတဲ့လူတွေကလည်း တိုင်ကြားရဲလာတယ်။ တိုင်ကြား သူတွေအချင်းချင်းကြားမှာလည်း ကူညီမှုတွေရှိလာတယ်။ ရဲစခန်းရောက်လို့ ဒီကိစ္စအမှုမှန်အတွက် ကူညီလုပ်ဆောင်မယ့် ထိုင်းအဖွဲ့အစည်း ပေါ်ပေါက်လာတယ်။ သက်ဆိုင်ရာ ထိုင်းအန်ဂျီအိုနဲ့
တာဝန်ရှိသူတွေနဲ့ ဆက်သွယ်နိုင်ခဲ့တယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

အမျိုးသမီးအကြမ်းဖက်မှု၊ ကလေးစစ်သား ပပျောက်ရေးကိစ္စများကို ယခုအချိန်တွင် အဖွဲ့အစည်း အတော်များများက ၎င်းတို့အဖွဲ့အစည်း၏ လုပ်ငန်းစဉ်တွင် အများကြီးလုပ်လာကြောင်း၊ ယခင်က ကလေးစစ်သား အသုံးပြုမှု ပိတ်ပင်တားဆီးမှုကို လက်မခံခဲ့သည့် လက်နက်ကိုင် တပ်ဖွဲ့များ ကြားမှာပင် ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင်သွားမည်ဆိုသည့် သံန္နိဋ္ဌာန်ချမှုများ ပေါ်ပေါက်လာသဖြင့် ၎င်းတို့၏ ပညာပေးမှုအောင်မြင်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ။

No comments: