Friday, July 13, 2007

Thai police used GAS to catch Burmese workers

မြန်မာအလုပ်သမားများကို ထိုင်းရဲက ဓာတ်ငွေ့သုံးဖမ်းဆီး
ပီတာအောင် / ၁၃ ဇူလိုင် ၂၀၀၇ (ခေတ်ပြိုင်)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများနေထိုင်ရာ တိုက်ခန်းတခုတွင် ထိုင်းရဲက ဓာတ်ငွေ့အသုံးပြု၍ ၀င်ရောက်ဖမ်းဆီးသဖြင့် အလုပ်သမားများ ဓာတ်ငွေ့ဒဏ် ခံလိုက်ရကြောင်း ကိုယ်တွေ့ကြုံသူတို့က ပြောသည်။ ယနေ့နံနက် (၅) နာရီခန့်၌ ထိုင်းရဲအချို့ လာရောက်ကာ အဆိုပါ တိုက်ခန်းတွဲ၏နံရံရှိ အုတ်ပန်း အပေါက်များနှင့်တံခါးကြားမှ ဓာတ်ငွေ့များလွှတ်ကာ အလုပ်သမားများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မြန်မာအလုပ်သမားတဦးက ပြောသည်။

၎င်းက “ကျနော် ညက (၁၁) နာရီခွဲအလုပ်ကပြန်တယ်။ လူက နုံးနုံးနဲ့အိပ်နေတာ။ သူတို့လာလုပ်တာ (၄) နာရီခွဲလောက်ရှိသွားပြီ။ ကျနော် အသက်ရှူလို့မ၀ ဖြစ်လာတာပေါ့။ ဟ ဘာလဲကွဆိုပြီး ကျနော် ထကြည့်တာ ဘာမှကျနော်ကြည့်လို့ မမြင်တော့ဘူး။ ဟိုယိုင်ထိုး၊ ဒီယိုင်ထိုးနဲ့ပေါ့။ မျက်ရည်တွေ ထွက်လာတာ အရမ်းပဲ။ ဒီမှာ လူလည်း စိုးရိမ်စိတ်နဲ့တုန်နေတာပေါ့။ အဲဒါ မနေနိုင်တော့ တခါးကို ဖွင့်တာ၊ ကျနော်ဖွင့်လိုက်တာနဲ့ ပုလိပ်တယောက် ဟိုဘက်အခန်းက လူတယောက်ကို ကုပ်ကဆွဲပြီး ခေါ်ချသွားတာ ကျနော်မြင်လိုက်တယ်” ဟု ပြောသည်။ ယင်းတိုက်ခန်း၌ အခန်းငယ်ပေါင်း (၃၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၅၀) ခန့်နေထိုင်ကြကာ ဓာတ်ငွေဒဏ် ခံလိုက်ရသူအားလုံး မျက်လုံးများနီကာ မျက်ရည်များကျခြင်း၊ နှာရည်ယိုခြင်း အသက်ရှူကြပ်ခြင်းတို့ ခံစားခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

အခြားအလုပ်သမားတဦးက “ကျနော်က လုံးဝ တံခါးကို မဖွင့်ရဲဘူး။ မျက်နှာသုတ်ပ၀ါကို ရေဆွတ်ပြီး မျက်နှာပေါ် အုပ်ပြီးနေနေတာ။ ကျနော်အုပ်ပြီးတော့ တမိနစ်လောက်တောင်မကြာဘူး ဘေးအခန်းက လူတွေက မခံနိုင်လို့ ချောင်းတွေဆိုးပြီး အတင်းတံခါးတွေ ဖွင့်ထွက်လာတာ။ ကြွက်တွင်းထဲကို အဆိပ်ငွေ့ မှုတ်ထည့်သလိုပေါ့” ဟု ပြောသည်။ ယခင်က မြန်မာအလုပ်သမားတို့၏ နေအိမ်တံခါးများကို ထိုင်းရဲများက ရိုက်ဖျက်ကာ ၀င်ရောက် ဖမ်းဆီးမှုများ ရှိသော်လည်း ယခုကဲ့သို့ ဓာတ်ငွေ့အသုံးပြု၍ ၀င်ရောက်ဖမ်းဆီးခြင်းမျိုး မကြုံတွေ့ ရဘူးပါဟု မြန်မာအလုပ်သမားများက ပြောသည်။

အလုပ်လုပ်ခွင့် လက်မှတ်မရှိသူများအား ဥပဒေအရ ဖမ်းဆီးမှုကို လက်ခံသော်လည်း နည်းလမ်း မှန်မှန်ကန်ကန် ဆောင်ရွက်သင့်ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးထိခိုက်နိုင်ပြီး ဓာတ်ငွေ့သုံး၍ ဖမ်းဆီးခြင်းမျိုးသည် မလုပ်သင့် မလုပ်ထိုက်သည့်ကိစ္စဖြစ်ပြီး အလုပ်သမားများ၏ အခြေခံ အခွင့် အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ တာဝန်ခံ ဦးမိုးဆွေက ယင်းဖြစ်ရပ်အပေါ်သုံးသပ်သည်။ ယနေ့နံနက် ဖမ်းဆီးမှုတွင် အဆိုပါတိုက်ခန်းမှ အလုပ်သမားလက်မှတ် (ဘတ်) မရှိသူနှင့် သက်တမ်း မတိုးရသေးသူ (၈) ဦးခန့် ဖမ်းဆီးခံရပြီး ၎င်းတို့ကို အခြားဖမ်းဆီးထားသည့် အလုပ်သမားများအား တင်ဆောင်လာသည့်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

No comments: