Tuesday, July 17, 2007

Rgn journalists can visit NC

(ဧရာဝတီသတင်း)

ဂျာနယ်နှင့် သတင်းဌာနများကို အမျိုးသားညီလာခံတက်ရန် ဖိတ်ကြား
ကိုသက် | ဇူလိုင် ၁၇၊ ၂၀၀၇

မနက်ဖြန်စတင်မည့် အမျိုးသားညီလာခံကိုတက်ရောက်ရန် ပြည်တွင်းအခြေစိုက် ဂျာနယ် ၂၅ စောင်နှင့် ပြည်ပသတင်းဌာန ၂၀ ကို စစ်အစိုးရက ဖိတ်ကြားထားသည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်က ဧရာဝတီကို ပြောဆိုသည်။

ညီလာခံတက်ရန်ဖိတ်ကြားခံရသည့် ပြည်တွင်းဂျာနယ်များတွင် မြန်မာတိုင်းစ်၊ ရန်ကုန်တိုင်းစ်၊ Weekly Eleven News နှင့် လျှပ်တစ်ပြက်သတင်းဂျာနယ်တို့ပါဝင်ပြီး သတင်းနှင့်ဆိုင်သည့်ဂျာနယ်များကို ဖိတ်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသည့် အယ်ဒီတာတဦးက “ကျွန်တော်တို့ကိုဖိတ်တယ်။ ဖွင့်ပွဲတက်ဖို့ပဲ။ တက်မယ်၊ ပြန်မယ်။
သတင်းစာရှင်းလင်းပွဲ လုံးဝမရှိဘူး။ ဖွင့်ပွဲကြည့်ပြီး ဓာတ်ပုံရိုက်၊ ပြန်ကြပေါ့ဗျာ” ဟု ပြောသည်။

စစ်အစိုးရ၏ မူလအစီအစဉ်မှာ ပြည်ပနိုင်ငံ ၂၀ မှ သတင်းထောက်များအား အမျိုးသားညီလာခံတွင်သတင်းယူရန်
ပြည်ဝင်ခွင့်ဗီဇာကို ဇူလိုင်လ ၁၂ ရက်မှ ၁၈ ရက်အထိပေးရန် စီစဉ်ခဲ့ပြီးနောက် ၂၁ ရက်မှ ၂၇ ကို ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ယခုအခါ ၎င်းအစီအစဉ်များကို ဆိုင်းငံ့ထားသည်။

အခြေခံဥပဒေတရပ်ပေါ်ပေါက်ရေးအတွက်ပြုလုပ်နေသည့် ၎င်းအမျိုးသားညီလာခံသို့ ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားခြင်းမရှိကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ပြောသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံ၏ သတင်းစာရှင်းလင်းပွဲသို့ စစ်အစိုးရက ပြည်တွင်း၊ ပြည်ပမှ သတင်းထောက် ၅၀ ကျော်ကို တက်ရောက်ခွင့်ပြုခဲ့သည်။

ဇူလိုင်လ ၁၈ ရက်တွင်စတင်မည့် အမျိုးသားညီလာခံသည် နောက်ဆုံးအကြိမ်ပြုလုပ်မည့် ညီလာခံဖြစ်သည်ဟု စစ်အစိုးရက ကြေညာထားပြီး ၎င်းညီလာခံကို ၁၉၉၃ ခုနှစ်ကတည်းက စတင်ခဲ့သည်။

No comments: