Monday, July 9, 2007

conflict between some journalists in Rgn

မီဒီယာသမားများအကြား တရားစွဲဆိုမှုဖြစ်ပွား
ကိုသက် ဧရာဝတီ ဇူလိုင် ၉၊ ၂၀၀၇

Eleven ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမြတ်သစ်က Forever အားကစားဂျာနယ်တွင်ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဦးမာဂျေ၏ သရော်စာကို မကျေနပ်သဖြင့် အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ ၎င်းအမှုကို ယနေ့မှစ၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံး၌ စတင်အမှုရင်ဆိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။

မေလ ၁ ရက်နေ့ထုတ် Forever အားကစားဂျာနယ်တွင် ပါရှိသည့် “ဦးလေးနဲ့ ဆာတေး” ဆောင်းပါးတွင် ဦးလေးဟူသည့် အသုံးအနှုန်းသည် အယ်ဒီတာ ဦးမြတ်သစ်အား ရည်ညွှန်းသည်ဟုစွပ်စွဲကာ အသရေ ပျက်စေသဖြင့် တရားစွဲခံရခြင်း ဖြစ်သည်ဟု ဦးမာဂျေက ဧရာဝတီကို ပြောဆိုသည်။

“ဦးလေးနဲ့ ဆာတေး” တွင် ဆောင်းပါးရှင်က ကမ္ဘာ့ဘောလုံးလောက၏ မသမာမှုများနှင့် ဒိုင်လူကြီးများ၏ သမာသမတ် မကျပုံများကို ဝေဖန်ထားသည်။ ဘောလုံးလောကကြီး သန့်ရှင်းလာရန် ဆောင်းပါးရှင်၏မိတ်ဆွေ ဦးလေးကြီးတဦးက ဘိုးတော်နည်းဖြင့် ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပုံကို ဟာသနှောပြီး စာတင်ထားသည်။
“တနေ့မှာ သတင်းတခုကြားရပါတော့တယ်။ သတင်းကတော့ ဦးလေးကြီးတယောက် ဗိုလ်တထောင်က တရုတ်မလေး တယောက်အိမ်ကို ညတိုင်း နံကင်တွေ၊ ဆာတေးတွေ၊ ခေါက်ဆွဲတွေ ၀ယ်ဝယ်ပို့နေတယ်။ ဒီသတင်းကြားတော့ အားလုံးက မေတ္တာပို့နေကြတယ်။ ငါတို့ကျ တခါမှမကျွေးဘူးပဲ ဘယ်ကကောင်မလေးကို သွားပြီးသဒ္ဓါနေသလဲပေါ့” ဆောင်းပါးတွင် ဖော်ပြထားသည်။

၎င်းအပြင် “အထူးသဖြင့် ဥရောပသားတွေ ကစားတဲ့ပွဲတွေမှာ လုပ်ပွဲတွေ၊ ခေါက်ဆွဲပွဲတွေ သိပ်များနေတယ်။ ဒီတော့ ဒါတွေကို တန်ပြန်ဓာတ်ဆင်ရမယ်။ ငါ့အသိထဲမှာ ဥရောပသားမရှိဘူး ဒီတော့ လူမျိုးခြားအသားဖြူတဲ့ တရုတ်မလေး တယောက်ကို ခင်အောင်ပေါင်းပြီး ခေါက်ဆွဲကျွေးတယ်။ ဒါက ခေါက်ဆွဲမစားအောင်လို့ ကက်ကင်းရိုက်တာ” ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနားက) “အချင်းချင်းဖြစ်တဲ့ ပြဿနာကို စာမျက်နှာပေါ် တင်မလာသင့်ဘူး။ ပြည်သူအများပိုင်တဲ့ စာမျက်နှာပေါ်ကို သယ်ဆောင်မလာကြနဲ့ပေါ့။ စာဖတ်နာတဲ့ ပရိသတ်ကလည်း စာရေးသူတွေအပေါ်မှာ အထင်အမြင်သေးစေတယ်” ဟု ဝေဖန်သုံးသပ်သည်။
တဘက်နှင့်တဘက် အပြန်အလှန်ရေးသားနေကြမည်ဆိုလျှင်လည်း ထိုသို့ပြုလုပ်ခြင်းက စာဖတ်သူများအား စော်ကားရာ ရောက်သောကြောင့် စာမျက်နှာပေါ်တင်မလာဘဲ တရားရုံးတွင် ထိပ်တိုက်ဖြေရှင်းခြင်းကို ၎င်းအနေဖြင့် မနှစ်သက် သော်လည်း စာဖတ်သူအတွက် ပိုပြီးအကျိုးရှိနိုင်သည်ဟုလည်း ပြောဆိုသည်။
“ကျနော်တို့အားလုံး ပြေပြေလည်လည်ဖြစ်ဖို့ ဦးတည်နေတဲ့အချိန်မှာ မီဒီယာသမားတွေ အချင်းချင်း ပြဿနာ ဖြစ်နေကြရင် သိပ်မကောင်းဘူးပေါ့” ဟု ဦးခင်မောင်ထွေးက ပြောသည်။


၂၀၀၇ ခုနှစ်အတွင်း စာနယ်ဇင်းသမားအချင်းချင်း တရားစွဲဆိုသည်အမှုအခင်းများ တဖြည်းဖြည်း စိပ်လာသော်လည်း ယခင်ကထိုသို့ဖြစ်ခဲသည်ဟု အမည်မဖော်လိုသည့် သတင်းစာဆရာကြီးတဦးက ပြောသည်။

“ဟိုတုန်းကတော့ ကျနော်တို့က ကိုယ့်စံနှုန်းနဲ့ ကိုယ်သွားကြတာပဲ။ ပုဂ္ဂလိကတုန်းက ကြေးမုံကလည်း သူ့စံနဲ့သူ၊ အထောက် တော်ကလည်း သူ့စံနဲ့သူ စသဖြင့်ပေါ့။ ပြည်သူကို တကယ်ကိုယ်စားပြုတဲ့ မီဒီယာတွေကတော့ ညီညွတ်ဖို့လိုတယ်ဗျ” ဟု ဆက်ပြောသည်။

ဦးမြတ်သစ်နှင့် ဦးမာဂျေတို့၏ အမှုကို တရားရုံးက ဇူလိုင်လ ၁၆ ရက်နေ့၌ ဆက်လက်ပြီး ရင်ဆိုင်ကြရန် တရားရုံးက ချိန်းဆိုထားကြောင်း စုံစမ်းသိရှိရသည်။ဧရာဝတီက ဦးမြတ်သစ်ထံ၏ တုံ့ပြန်ချက်တစုံတရာကိုရရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

No comments: