Tuesday, July 31, 2007

Court defers defamation hearing against Weekly Eleven

Weekly Eleven အမှုတွဲ ကြားနာ စစ်ဆေးရန် ရက်ထပ်မံရွှေ့ဆိုင်း
နန်းဒေ၀ီ်/
မဇ္ဈိမသတင်းဌာန
ဇူလိုင် ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။


နအဖ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်း သုတေသန ဦးစီးဌာနက အပတ်စဉ်ထုတ် ဂျာနယ် Weekly Eleven ကို မမှန်သတင်း ရေးသားသည်ဟု စွပ်စွဲကာ တရားစွဲဆိုထားရာတွင် အမှုနှင့် စပ်လျဉ်း၍ ကြားနာ စစ်ဆေးမှုကို ယနေ့တွင် ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှ လာမည့်လသို့ ရက်ရွှေ့ဆိုင်း လိုက်သည်။

၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ဝေသည့် Weekly Eleven ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရန် ခရီးသွား လုပ်ငန်းအချို့မှ ပုဂံ ရှေးဟောင်း နယ်မြေရှိ ဂူဘုရားများ ပေါ်တွင် (Temple Dinner) ညစာစားပွဲ ကျင်းပခြင်းသည် ရေရှည်တွင် ဗုဒ္ဓအဂါရ၀ပြုမှု ဖြစ်စေသည်ဟု ရေးသား ဖော်ပြခဲ့ရာ၌ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ဂျာနယ်ကို မမှန်မကန် သတင်းများကို ဖော်ပြသည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့ ပြီးနောက် ယနေ့တွင် အမှု ရင်ဆိုင်ရန် ဖြစ်သော်လည်း တာမွေမြို့နယ် တရားရုံးတော်က သြဂုတ်လ ၁၃ ရက်နေ့သို့ ရက် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။


ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ညွှန်ချုပ်က “မမှန်ကန်သည့် သတင်းများကို Weekly Eleven ဂျာနယ်တွင် ရေးသား ဖော်ပြသည်” ဟုဆိုကာ တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ဂျာနယ်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။


စာပေစိစစ်ရေး အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးနောက် ထုတ်ဝေခွင့် ရခဲ့သော Weekly Eleven ဂျာနယ်ကို ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ယခုလို တရားစွဲဆိုမှု အပေါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ နားမလည်ကြောင်းနှင့် လာမည့် တရားရုံး ရက်ချိန်းတွင် Weekly Eleven မှ စာပေ စိစစ်ရေး ဌာနကို သက်သေ အဖြစ် တရားရုံးတွင် တင်သွင်းရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး Weekly Eleven မှ အယ်ဒီတာ တဦးက “အခြေအနေတွေကို ပြောဖို့ စောနေသေးတယ် ပေါ့နော်။ လောလောဆယ် မပြောနိုင်သေးပါဘူး။ အမှု ရင်ဆိုင်တုန်း မို့ပါ” ဟု မဇ္ဈိမကို ပြောသည်။


နေပြည်တော်ရှိ နအဖ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်တွင် တည်ရှိသည့် ရှေးဟောင်း သုတေသန ဦးစီးဌာနကို အကျိုးအကြောင်း သိရှိရန်အတွက် ဆက်သွယ် မေးမြန်းရာတွင်လည်း တာဝန်ကျ ၀န်ထမ်းတဦးက “လူကြီးများ မရှိကြောင်းနှင့် မိမိတွင် ပြောရေးဆိုခွင့် မရှိကြောင်း” တုံ့ပြန် ပြောဆိုခဲ့သည်။

No comments: