Wednesday, August 1, 2007

Ten Burmese Migrants Dead in Ferry Sinking

ကော့သောင်းအနီး မြန်မာအလုပ်သမားများ လှေမှောက်သေဆုံး
ဧရာဝတီ သြဂုတ် ၁၊ ၂၀၀၇

ပင်လယ်လှိုင်းကြီးသည့်အတွက် ခရီးသည်တင်လှေတစင်း တိမ်းမှောက်ရာတွင် မြန်မာနိုင်ငံသား အလုပ်သမား ၁၀ ဦး သေဆုံးကြောင်း သိရသည်။


တင်္နလာနေ့ညက လှေသူကြီးအပါအ၀င် လူ ၂၅ ဦးသည် မြန်မာနိုင်ငံ ကော့သောင်းဘက်မှ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း မြို့သို့ လှေဖြင့် တရားမ၀င် ၀င်ရောက်ရန်ကြိုးစားရာမှ လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“လှေကို မဆယ်နိုင်ခင်မှာ လူ ၈ ဦး သေသွားတယ်၊ တခြား သားအမိ ၂ ဦးကတော့ ကယ်ဆယ်ခဲ့ပြီးမှ သေသွားတာ”ဟု ရနောင်းမြို့နေ ခရီးသည်လှေ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။
“အဲဒီလှေ မှောက်တာက ရာသီဥတုမကောင်းတဲ့အချိန် ညဘက်မှာ ထွက်လာတဲ့အပြင် ခံနိုင်ဝန်ထက်ပိုတဲ့ အလေးချိန်ကို တင်လာလို့မှောက်ရတာ”ဟုလည်း ၎င်းက ပြောသည်။

ပုံမှန်အားဖြင့် ကော့သောင်းမှ ရနောင်းမြို့ သို့ ကူးသည့် ယင်းခရီးသည်တင်လှေများသည် လူ ၁၀ ဦးမှ ၁၅ ဦးအထိသာ တင်ဆောင်သည်ဟုလည်း ဆိုသည်။

လှေပေါ်တွင် ပါလာသည့် လူအများစုသည် မွန်ပြည်နယ်ရှိ ၎င်းတို့ နေအိမ်များသို့ အလည်သွားရာမှ ဆန်ခလ ခရိုင် ဟတ်ရိုင်မြို့ရှိ ရာဘာ စိုက်ပျိုးရေးလုပ်ငန်းခွင်သို့ ပြန်လာကြသူများဖြစ်ကြောင်း သိရသည်။
တရားမ၀င် လှုပ်ရှားနေသူများဟု သံသယရှိ၍ ယင်းလှေစီးခရီးသည်များနောက်သို့ မြန်မာစစ်တပ်က ဖမ်းဆီးရန် လိုက်ခဲ့သေးသည်ဟုလည်း အထက်ပါ ဒေသခံကပြောသည်။

ပုန်းရှောင်နေသူ ၁၅ ဦးကို ဒေသအာဏာပိုင်များက ရှာဖွေလျှက်ရှိသည်ဟု ရနောင်းမြို့ခံတဦးကလည်း ပြောပြသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းကလည်း မလေးရှားနိုင်ငံသို့ အလုပ်ရှာဖွေရန်သွားရောက်မည့် ချင်းတိုင်းရင်းသား အများစု ပါဝင်သော တရားမ၀င်အလုပ်သမား ၂၀၀ ခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

ယင်းဖမ်းဆီးမှုသည် ကော့သောင်းမြို့၌ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်စပြီးနောက်ပိုင်းတွင် ဖြစ်သည်။ဒေသခံများ၏ ပြောပြချက်အရ နေ့စဉ် လူ ၅၀၀ ခန့်သည် အလုပ်အကိုင် ရှာဖွေရန်အတွက် မြန်မာနိုင်ငံ ကော့သောင်းမြို့ ဘက်မှ နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လျှက်ရှိကြောင်း သိရသည်။

No comments: