Thursday, August 23, 2007

irrawaddy news

၈၈ ခေါင်းဆောင်နေအိမ်များ စောင့်ကြည့်ခံနေရ

ကိုသက် irrawaddy.org/bur သြဂုတ် ၂၃၊ ၂၀၀၇


စစ်အစိုးရက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့၏ နေအိမ်များကိုလည်း ဆက်လက်၍ စောင့်ကြည့်နေသောကြောင့် မိသားစုဝင်များ စိတ်အနှောင့်အယှက် ဖြစ်နေသည်ဟု သိရသည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကိုဖမ်းဆီးပြီးနောက် နေအိမ်ကိုအသေးစိတ် ရှာဖွေခဲ့ပြီးဖြစ်သော်လည်း အာဏာပိုင် တို့က ကိုမင်းကိုနိုင်၏နေအိမ်အား တရားခံအိမ်ကဲ့သို့ နေ့၊ ည စောင့်ကြည့်နေသောကြောင့် မိသားစုမှာ စိတ်အနှောင့် အယှက်ဖြစ်နေသည်ဟု ထိုအိမ်သို့သွားရောက်ခဲ့သူ မစုစုနွေးက ဧရာဝတီကို ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ နေအိမ်ဘေးတွင်လည်း ရဲတပ်သား ၂ ဦး စောင့်နေသည်ကို တွေ့ရသည်ဟု မစုစုနွေးက ပြောသည်။

“ကိုကျော်ကျော်ထွေး အိမ်ရှေ့မှာလည်း စက်ဘီးတစီးက ဟိုဘက်ဒီဘက် ဖြတ်သွားနေတယ်။ မနက် ၅ နာရီခွဲ လောက်မှာ အိမ်ထဲကလူရိပ်မြင်တာနဲ့ ဆက်မသွားတော့ဘဲ အိမ်ရှေ့တည့်တည့်ကနေ လာကြည့်နေတယ်။ လူတွေကိုလဲဖမ်းထားပြီး အိမ်မှာကျန်နေတဲ့ မိသားစုတွေကိုလည်း ဥပဒေမဲ့စာနဲ့ ခြိမ်းခြောက်နေတယ်လို့ ပြောရမှာပဲ”ဟုလည်း မစုစုနွေးက ပြောသည်။

ယမန်နေ့ညပိုင်းကလည်း အဖမ်းခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဏိတ်ထွန်း၏နေအိမ်သို့ အာဏာပိုင် အဖွဲ့အစည်းမှ ဆယ်ဦးကျော် တတိယအကြိမ်မြောက် ၀င်ရောက်ရှာဖွေခဲ့သည်ဟု မိသားစုဝင်တဦးက ပြောသည်။

“တနေ့တည်း ၃ ကြိမ်ဝင်ရှာတာ။ အံဆွဲတွေ၊ သေတ္တာတွေ၊ ဘီရိုတွေအကုန်ရှာတယ်။ သူတို့လိုချင်တဲ့ စာရွက်စာတမ်းတွေ အကုန်ယူသွားတယ်။ ကွန်ပျူတာကိုလည်း ဖွင့်ကြည့်ပြီး စီဒီတွေနဲ့အတူ သိမ်းသွားတယ်။ ပဏ္ဍိတ်ထွန်းကို ဘယ်မှာ ဖမ်းထားလဲလို့မေးတော့ မသိဘူးလို့ဖြေသွားတယ်”ဟု ကိုပဏ္ဍိတ်ထွန်း၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောဆိုသည်။

စစ်အစိုးရက ၈၈ မျိုးဆက်ကျောင်းသား ၁၃ ဦးအား ဆူပူမှုဖြစ်အောင် လှုံ့ဆော်သည်ဟူသော အကြောင်းပြချက်ဖြင့် ၂၁ ရက်နေ့ညက ဖမ်းဆီးကြောင်း ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

၂၂ ရက်နေ့ နံနက် ၅ နာရီတွင် ဒဂုံသစ်မြို့နယ်မြောက်ပိုင်း ၄၅ ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမြင်တိုင် မြို့နယ် ဥက္ကဌဟောင်း ဦးကျော်သန်း၏နေအိမ်ကို စစ်တပ်ဖြင့်ဝိုင်း၍ ဒေသခံအာဏာပိုင်တို့က ဧည့်စာရင်းစစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများကိုဦးဆောင်သည့် ကိုထင်ကျော်အား လာရောက်ရှာဖွေသည်ဟု ဦးကျော်သန်း၏ မိတ်ဆွေတဦးက ဧရာဝတီကိုပြောသည်။

အာဏာပိုင်တို့က ဦးကျော်သန်းအား ကိုထင်ကျော်ကိုထုတ်ပေးရန်နှင့် ၎င်းအားလာဖမ်းခြင်းမဟုတ်ကြောင်း၊ တိုင်းမှူးက ဆွေးနွေးရန် ခေါ်ခိုင်းခြင်းဖြစ်ကြောင်းပြောဆိုကာ ဦးကျော်သန်း၏အိမ်ကို အသေးစိတ်ရှာ ဖွေသည်ဟုလည်း သူက ပြောသည်။

ကိုထင်ကျော်က ပြည်သူလူထု တရပ်လုံးပါဝင်သည့် လောင်စာဆ်ီဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲတရပ်ကို ပြည်သူလူထုနှင့် အတူပူပေါင်းလုပ်ဆောင်မည်ဟု ကြေညာထားသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_23_07.html ကနေ ယူတယ်။ )

No comments: