Friday, August 31, 2007

burma's pp day in mdy & moulmein

နိုင်ငံရေးအကျဉ်းသားများနေ့ မန္တလေးနှင့် မော်လမြိုင်ထောင်တွင်ကျင်းပ
ဒီဗွီဘီ ။ ၂၆ ။ သြဂုတ် ။ ၂၀၀၇
မောင်တူး ။ ဒီဗွီဘီ သတင်းထောက် ။ ထိုင်း

(ဘလော့ဂါ့မှတ်ချက် - သတင်းကတော့ အသစ်စက်စက်မဟုတ်ပါ။ သို့ပေမယ့် စွန့်စားလုပ်ကိုင်သူတွေကို ဂုဏ်ပြုခြင်းအားဖြင့် တင်လိုက်ပါတယ်/ မော်လမြိုင်ထောင်ထဲ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပါကြောင်း။ )

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများနေ့ အခမ်းအနားကို မန္တလေးတိုင်း၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်နဲ့ မော်လမြိုင်အကျဉ်းထောင်တွင်းတို့မှာ ဒီကနေ့ ကျင်းပပါတယ်။
မော်လမြိုင်ထောင်မှာ ဗိုလ်ကြီးဟောင်း ၀င်းဘို ကျဆုံးခဲ့တဲ့ သြဂုတ်လ (၂၆) ရက် နေ့ကို သတ်မှတ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဦးစီး ကျင်းပခဲ့တာပါ။

ဒီကနေ့ အမရပူရမြို့ မဟာဂန္ဓာရုံတိုက်မှာ နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ် ထောင်တွင်းကျဆုံးခဲ့တဲ့ ဗိုလ်ကြီးဟောင်းဝင်းဘိုနဲ့ တကွ အကျဉ်းသားအားလုံးအတွက် ဆွမ်းကပ်အမျှဝေပွဲကို အခုလို ပြုလုပ်ခဲ့ပါတယ်။

“ဒကာ ကိုဝင်းဘိုနှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဒီမှာ လာပြီးတော့ လှူဒါန်းပူဇော်ကြတယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများတင်မက ယခု ဦးဇင်းတို့တတွေရော၊ ဒကာဒကာမအပေါင်း သူတော်ကောင်းတို့တတွေဟာ အကျဉ်းထောင်ထဲမှာ ကျနေကြတာ၊” မဟာ ဂန္ဓာရုံတိုက်ဆရာတော်ကြီး ဟောကြားသွားတာပါ။

ဒီကနေ့ အကျဉ်းသားနေ့ အခမ်းအနားအတွင်း ဗိုလ်ကြီးဟောင်း ၀င်းဘိုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေကိုလဲ အလေးပြုခဲ့ကြပါတယ်၊ အခမ်းအနားအတွင်းကနေ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ငြိမ်းသစ်က ဗိုလ်ကြီးဟောင်းဝင်းဘိုကျဆုံးတဲ့ နေ့ကို အကျဉ်းသားများနေ့အဖြစ် ဘာကြောင့် သတ်မှတ်ခဲ့သလဲဆိုတာကို အခုလို ရှင်းပြပါတယ်။ “(၂၀၀၀) ခုနှစ်။ သြဂုတ်လ (၂၆) ရက်နေ့မှာ မော်လမြိုင် အကျဉ်းထောင် ကြိုးတိုက်အတွင်းမှာ ထောင်အာဏာပိုင် (၂၃) ယောက်ရဲ့ ရိုက်နှက်သတ်ဖြတ်ခြင်းခံရပြီး ကျဆုံးသွားတာပါ၊ သူ့ကို နောက်ပြန်လက်ထိပ်ခတ်ပြီးတော့ လည်ပင်းကို ခြေထောက်နဲ့နင်းပြီးတော့ ရိုက်သတ်တာပါ၊ နောက်ပြီးကျတော့ သူ့ကို ရှင် ထူးခိုင်းပါတယ်၊ သူဟာ ရှင်မထူးပဲနဲ့ အသက်ကို စွန့်လွှတ်သွားတာပါ။

နောက် သူကျဆုံးတဲ့နေ့ကို ဘာကြောင့်မြန်မာနိုင်ငံ အကျဉ်းသားများနေ့ သတ်မှတ်ရသလဲဆိုတော့ သူဟာ မဟာဂန္ဓာရုံတိုက် နာယက ဆရာတော် တိုက်အုပ်ဆရာတော်ဘုရားကြီး အပါအ၀င် ရွှေကျင်သာသနာပြု ဒုတိယဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးရယ်၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလ အပါအ၀င် သံဃာအပါးတထောင်ကျော်ရဲ့ လက်မှတ်ရေးထိုးပြီးတော့ နအဖအစိုးရဆီကို စာပေးပို့တာပါ။ တိုင်းပြည်ရဲ့ အခက်အခဲအကြပ်အတည်းတွေ ဆင်းရဲ ငတ်မွတ်မှုတွေကို ပြည်သူလူထုအားလုံး ခံစားကြုံတွေ့နေရတယ်၊ နအဖ ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းတိုင်ပင်ကြဖို့ အာဃာတမထားပဲနဲ့ တဦးနဲ့ တဦး မေတ္တာတရားရှေ့ထားပြီးတော့ ညှိနှိုင်းဆောင်ရွက်ကြဖို့ သံဃာတော်၊ ဆရာတော်ဘုရားကြီးတွေကနေပြီးတော့ မေတ္တာရပ်ခံတဲ့ စာပေးပို့တာပါ။ ဆရာတော်ဘုရားကြီးတွေကနေပြီးတော့ ပန်ကြားတာပါ၊ အဲဒီ ပန်ကြားတဲ့စာကို ပေးပို့တဲ့အတွက် သူဟာ ထောင်ဒဏ် (၂၁) နှစ် ကျခံခဲ့ရပါတယ်။

ထောင်ထဲရောက်တော့လဲပဲ သူက ကလေးစစ်သားတွေ ထောင်ထဲမှာ အများကြီးရှိပါတယ်၊ လိင်တူဆက်ဆံခြင်းကို ခံနေရပါတယ်၊ သူတို့ကို လိင်ကျွန်ပြုပြီးတော့ ဆက်ဆံနေတာကို ခံစားနေရပါတယ်။

အဲဒါကို ကိုဝင်းဗိုလ်ကနေပြီးတော့ ဒီကလေးစစ်သားတွေက တပ်မတော်အတွက် တိုင်းပြည်အတွက် ရွပ်ရွပ်ချွန်ချွန် သူတို့က တာဝန်ထမ်းဆောင်ခဲ့ကြတာလဲဖြစ်တယ်၊ လိင်တူ ဆက်ဆံခံနေရတာကို တပ်မတော် အကြီးအကဲတွေ သိရင် ဒါ စိတ်ကောင်းနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ထောင်ပိုင်ကို တင်ပြပါတယ်။

အဲဒါကြောင့်မို့လို့ ထောင်ပိုင်နဲ့တကွ ဒု ထောင်ပိုင် ဦးချစ်မောင်တို့က သူတို့ရဲ့ မွေးထားတဲ့ အင်ဖော်မာကို တွန်းလှန်ရမလားဆိုပြီးတော့ ကိုဝင်းဗိုလ်နဲ့အတူ ကိုမိုးကျော်သူရယ်၊ နောက် ကိုဇော်မင်းမင်းလတ်ရယ်ကို နောက်ပြန်လက်ထိပ်ခတ်ပြီး ကြိုးတိုက်မှာ ညကြီး ရိုက်တာပါ၊ အဲဒီနှစ်ယောက်ကတော့ မသေပေမဲ့ သေရာပါတဲ့ ဒဏ်ရာ အခုချိန်အထိ ရှိပါသေးတယ်။ ကိုဝင်းဘိုကတော့ ညတွင်းချင်း ကျဆုံးသွားတာပါ။

ဒါကြောင့် ကိုဝင်းဘိုဟာ အကျဉ်းသားများရဲ့ အကျိုးကို ကြိုးပမ်းရင်းနဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်လာရတယ်၊ အကျဉ်းထောင်ထဲကျတော့လဲပဲ အခြားသော အကျဉ်းသားတွေရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ ကျဆုံးသွားရတယ်၊ ဒါကြောင့်မို့လို့ သူကျဆုံးတဲ့နေ့ကို ကျနော်တို့က မြန်မာနိုင်ငံ အကျဉ်းသားများနေ့အဖြစ်နဲ့ ဂုဏ်ပြုသတ်မှတ်တာပါ၊”

မော်လမြိုင်ထောင်ထဲမှာ (၂၀၀၄) ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တာမို့ ဒီနှစ်ဆိုရင် လေးကြိမ်မြောက်ရှိခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာပဲ အလားတူ အခမ်းအနားတခုကိုလဲ မော်လမြိုင် အကျဉ်းထောင်အတွင်း ကျင်းပခဲ့တယ်လို့ ထောင်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက သိရပါတယ်၊ နအဖ အာဏာပိုင်တွေ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူးလို့ ပြောဆိုနေချိန် အခုလို အကျဉ်းသားများနေ့ကို ကျင်းပခဲ့တာလဲဖြစ်ပါတယ်၊ ဒီလို ကျင်းပခွင့်ရခဲ့တဲ့အတွက် မန္တလေးထောင်ကနေ မကြာခင်က လွတ်မြောက်လာတဲ့ အကျဉ်းသူဟောင်း ဒေါ်နှင်းပပကတော့ အခုလို ပြောဆိုပါတယ်။

“ကျမကလေ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီးတော့ပေါ့၊ ဒီနိုင်ငံရေးအကျဉ်းသားနေ့ဆိုတဲ့ဟာတခုကို ဖော်ထုတ်နိုင်ဖို့အတွက်ကို ကျမက အများကြီး ထောင်ထဲမှာကတည်းက မျှော်လင့်ခဲ့ပါတယ်၊ အခု ဒီမှာမှ နိုင်ငံရေးအကျဉ်းသားများ နေ့ဆိုတာကို ဖြစ်ပေါ်လာဖို့အတွက်ကို ကြိုးစားနိုင်တဲ့အတွက်လဲ အင်မတန်မှ ၀မ်းသာဂုဏ်ယူမိပါတယ်။”

ဒီကနေ့ကျင်းပခဲ့တဲ့ မန္တလေးက နိုင်ငံရေးအကျဉ်းသားများနေ့ အခမ်းအနားကို အာဏာပိုင်တွေက စောင့်ကြည့်သတင်းယူ မှတ်တမ်းတင်တာတွေ ရှိခဲ့ပေမဲ့ တစုံတရာ နှောင့်ယှက်တာတွေ မရှိပါဘူး။

( http://burmese.dvb.no/news.php?id=1634 ကနေ ယူတယ်။)


No comments: