Monday, August 13, 2007


အခမ်းနားဆုံးသော သက်ရှိကဗျာ

ဇွန်မှိုင်း

သံချပ်ကာကား တစ်စီးတိုင်း တစ်စီးတိုင်းက စက်တွေကို ပြိုင်တူ နှိုးထားကြရင်း ကွန်မင်ဒါကို မျက်တောင်မခတ် စောင့်ကြည့် နေကြတာ။ အဲဒီစက္ကန့်တွေဟာ ဘယ်လောက် အရေးကြီး လိုက်ပါသလဲ .....


(၁)
ဆယ်စုနှစ် (၂)ခု ပြည့်တော့မယ်။
ကျနော့်ရင်ထဲမှာတော့ မနေ့ကဖြစ်ခဲ့သလို၊ ဒီနေ့မနက်မှာပဲ ဖြစ်ခဲ့သလို တကယ့်ကို ပူပူနွေးနွေး ရှိနေဆဲပဲ။
‘တို့အရေး’ ‘တို့အရေး’ ‘တို့အရေး’ ‘တို့အရေး’ ဆိုတဲ့ အသံတွေ။
ရေကာတာတစ်ခုကျိုးကျသွားသလို၊ တောင်စဉ်တောင်တန်းတွေ တစ်လုံးပြီးတစ်လုံး ပြိုလဲသွားသလို၊ ငလျင်အကြီးအကျယ်လှုပ်ဖို့ တော်လဲသံတွေ ပြိုဆင်းလာသလို …
မျက်စိထဲမှာ၊ နားထဲမှာ၊ နှလုံးသားထဲမှာ…
တကယ်ကို တနင့်တပိုး၊ တကယ်ကို နက်နက်ရှိုင်းရှိုင်းကြီးပါပဲ။

(၂)
၁၉၈၇ ခုနှစ်၊ ငွေစက္ကူတွေတရားမ၀င် ကြေညာခံရပြီးစကာလမှာ …
ကျနော် Dangerous Life ဆိုတဲ့ ဇာတ်ကားကြည့်ရတယ်။
ဗီဒီယိုအခွေနဲ့ကြည့်ရတဲ့ ခေတ်၊ ဇာတ်ကားက ဗီဒီယိုနှစ်ခွေခွဲကား၊
တော်တော်ကို ခမ်းခမ်းနားနားရိုက်ထားတဲ့ ကား၊
မနီလာမြို့တော်ကို အပေါ်ကစီးပြီး ရိုက်ပြတယ်။
လမ်းမတိုင်း၊ လမ်းသွယ်တိုင်း၊
ကွက်လပ်ဆိုလို့ တလက်မတောင် မကျန်တော့သလို၊
ဖိလစ်ပိုင်ပြည်သူတွေနှင့် ပြည့်နေတယ်။
အဲဒီလူအုပ်ကြီး၊ အဲဒီလူပင်လယ်ကြီးဆီကို တဖြည်းဖြည်းချင်း ကင်မရာမြင်ကွင်းက ဆွဲခေါ်သွားနေတယ်…
မှုန်ဝါးရာက တဖြည်းဖြည်းချင်းပြကွက်က လင်းလင်းလာတယ်။
ဝေးရာက တဖြည်းဖြည်းချင်း နီးနီးအလာမှာ ပေါ်လာတဲ့ ပြကွက်က …
လူထုကြီးရဲ့ အလယ်မှာ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နှင့် မိန့်ခွန်းပြောဆိုနေတဲ့ မစ္စစ် ကိုရာဇန်အကွီနို။
‘ကိုရီ’ ‘ကိုရီ’ ‘ကိုရီ’ ‘ကိုရီ’ ဆိုတဲ့ ကြွေးကြော်နှုတ်ဆက်နေတဲ့ အသံတွေ၊
မနီလာမြို့တစ်မြို့လုံး၊ ဖိလစ်ပိုင်တစ်နိုင်ငံလုံး ဟိန်းဟိန်းထနေတယ်။
ဖြစ်ရတဲ့ အခြေခံက ဒီလို၊
တစ်ပါတီအာဏာရှင် သမ္မတ မားကိုးစ်က လူထုအားကို မလွန်ဆန်နိုင်လွန်းလို့ ရွေးကောက်ပွဲလုပ်ပေးရတယ်။
ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်စည်းရုံးရေးကာလတွေမှာ ဖမ်းတာ၊ ဆီးတာ၊ ကန့်သတ်တာ၊ ဖိနှိပ်တာ၊ ဥပဒေမဲ့ ပစ်သတ်တာတွေ ကမ်းကုန်အောင်လုပ်တယ်။
ရွေးကောက်ပွဲအတွင်းမှာ မဲလိမ်တာတွေ မဲခိုးတာတွေ စုံနေအောင်လုပ်တယ်။
အဲဒီကြားထဲကပဲ မစ္စစ် ကိုရာဇန်အကွီနိုက နိုင်ဖြစ်အောင်နိုင်လိုက်တယ်။
မဲနိုင်တာ သေချာနေတဲ့ကြားကပဲ …
မဲတွေကို အသေအချာစီစစ်ကြည့်တဲ့အခါ သမ္မတ မားကိုးစ်ကပဲ အနိုင်ရရှိသွားကြောင်း ရွေးကောက်ပွဲကော်မရှင်ကို ဖိအားပေးကြေညာခိုင်းတယ်။
သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မရှက်မကြောက် အစိုးရအာဏာနှင့် နိုင်ငံတော် အခမ်းအနားနှင့် ဇွတ်ကျင်းပတယ်။
အဲဒါကို ကိုယ်တိုင်မဲပေးလိုက်ရတဲ့ လူထုကြီးက မခံဘူး။
သူတို့မဲပေးလိုက်ရတဲ့ မစ္စစ် ကိုရာဇန်အကွီနိုကို သူတို့ကိုယ်တိုင်ဝန်းရံပြီး လူထု အကာအကွယ်နှင့် ကျမ်းသစ္စာကျိန်ဆိုပွဲတစ်ခု အပြိုင်လုပ်ပြလိုက်တယ်။
ပွဲက သိပ်ကိုကြည့်ကောင်းသွားပြီ၊
မားကိုးစ်က စစ်တပ်အကာအကွယ်နဲ့ ကျင်းပတယ်။
ကိုရာဇန်က လူထုအကာအကွယ်နဲ့ ကျင်းပတယ်။
မားကိုးစ်က အဲဒီလူထုကို ဆူဆူပူပူ လုပ်နေတဲ့လူတွေအဖြစ် ပစ်ခတ်သတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးပြီ။
စစ်တပ်ကလည်း လူထုရှိရာ ချီတက်လာပြီ။
သံချပ်ကာကားတွေ အစီအရီနဲ့ တက်လာပြီ။
လူထုနှင့် သံချပ်ကာကားတွေ ထိပ်တိုက်တွေ့နေပြီ။
‘လူစုခွဲပါ’ ‘ငါးမိနစ်အတွင်း လူစုခွဲပါ’ ဆိုတဲ့အသံတွေ၊
သေမှာကို လုံးလုံးမတုန်လှုပ်တော့တဲ့ လူထုကြီးရဲ့ မျက်နှာတွေ၊
သံချပ်ကာကားကို စက်နှိုးလိုက်တဲ့အသံတွေ၊
သံချပ်ကာကားရဲ့ ဘီးစလှိမ့်လိုက်တာတွေ၊
အဲဒီဘီးရှေ့တည့်တည့်မှာက ဘီးတပ်ကုလားထိုင်(Wheel chair)နှင့်ထိုင်ပြီး မေတ္တာ အပြည့်နှင့် တည်တည်ငြိမ်ငြိမ် အသေခံသွားဖို့ ဆုံးဖြတ်ထားတဲ့မျက်နှာနှင့် အသက် (၈၀) လောက် ကာသိုလိတ် သီလရှင်ကြီးတစ်ပါး၊
သူနှင့်ကပ်ရက် ကာသိုလိတ်သီလရှင်တွေ၊ ပြီးတော့ ကျောင်းသူလေးတွေ၊
သံချပ်ကာကားရဲ့ ရှေ့ဘီးဟာ စအလိမ့်၊
ကားရဲ့ရှေ့ဘောနက်က သီလရှင်ကြီးရဲ့ ၀ှီးချဲလေးကို လှုပ်အသွား
ချွေးစေးတွေပျံနေတဲ့ သံချပ်ကာကားပေါ်က စစ်ဗိုလ်လေးရဲ့မျက်နှာ
လူအုပ်ကြီးက နောက်ကိုဆုတ်မသွားပဲ ရှေ့ကို တိုးတိုးလာ၊
သံချပ်ကာတပ်ရင်းရဲ့ ကွန်မင်ဒါရဲ့မျက်နှာ၊
‘စက်နှိုး’ လို့ အမိန့်ပေးလိုက်တာ
စက်သံတွေ ဆူညံသွားတာ
သံချပ်ကာကားပေါ်တက်ရပ်ပြီး ‘စထွက်’ လို့ အမိန့်ပေးဖို့ လက်ကို မြှောက်လိုက်တာ၊
သံချပ်ကာကား စထွက်လိုက်တာနဲ့ လူထုကိုနင်းပြီး ထွက်ရတော့မှာ …
နောက်ပိုင်းကွပ်ကဲရေးရုံးက စက်နဲ့ ‘မပစ်သေးဘူးလား’ ‘မပစ်သေးဘူးလား’ ‘ပစ်တော့ စပြီးပစ်တော့’ လို့ အမိန့်တွေ ဒရစပ်ပေးနေတာ။
သံချပ်ကာကား တစ်စီးတိုင်း တစ်စီးတိုင်းက စက်တွေကို ပြိုင်တူနှိုးထားကြရင်း ကွန်မင်ဒါကို မျက်တောင်မခတ် စောင့်ကြည့်နေကြတာ။ အဲဒီစက္ကန့်တွေဟာ ဘယ်လောက် အရေးကြီးလိုက်ပါသလဲ။
ဘယ်သူမှ အသက်မရှူနိုင်ဘူး၊ မြင်ကွင်းတစ်ခုလုံးငြိမ်သက်၊
ကွန်မင်ဒါရဲ့ မြှောက်ထားတဲ့လက်ဟာ တဖြည်းဖြည်းပြေကျသွားပြီး ‘စက်တွေအားလုံး ရပ်လိုက်ကြ’ဆိုတဲ့ အမိန့်သံထွက်အလာ၊
လူထုကြီးရဲ့ အော်ဟစ်ကောင်းချီးပေးလိုက်တဲ့အသံ၊ တစ်မိုးလုံး ညံသွားတယ်။
ကျနော့်ရင်ထဲ နင့်သွားတယ်။
ဒါမျိုး ကျနော်တို့ ဘယ်နေ့ဖြစ်မှာလဲ။
ကျနော်တို့ဆီမှာ မစ္စစ် အကွီနိုက ဘယ်သူဖြစ်မလဲ။
ဗိုလ်ချုပ်ကြီး ရားမို့စ်က ဘယ်သူဖြစ်မလဲ။
၁၉၈၇ ဟာ မေးခွန်းတွေနှင့်ပြည့်နှက်၊
အဲဒီဇာတ်ကား၊ အဲဒီဗီဒီယိုကားအခွေတွေ ‘မပြရဘူး’ ‘မကြည့်ရဘူး’ ဆိုပြီး လိုက်သိမ်း နေသံ တွေကြားရတယ်။
၁၉၈၈ ရဲ့ နွေဦးကိုရောက်လာတယ်ဆိုရင်ပဲ ကျနော်တို့ မြန်မာနိုင်ငံမှာ
Dangerous Life ထက် ပိုပြီးခမ်းနားတဲ့
More Dangerous Life ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား ဆက်တိုက်ပေါ်ပေါက် လာခဲ့တယ်။
မဆလစစ်အုပ်စုက မိုးကြိုးကိုကာဖို့ ထန်းလက်တွေ အပြေးအလွှားရှာတယ်။
တောင်ပြိုလာပြီဆိုတာ သူသိတယ်။ တောင်ပြိုလာတာကိုတားဖို့ သူ့လက်ဝါးကို ကြပ်ပူ တိုက်ကြည့်တယ်။
ဒါပေမယ့် လူထုတရပ်လုံးပါဝင်လာတဲ့ ဒီပွဲဟာ တားလို့ရကောင်းသောအရာ လုံးလုံး မဟုတ်တော့ဘူး။
ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံ စပြီ။

(၃)
“ဒီအရေးအခင်းဟာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမ အနေနှင့် ဖေဖေ့ရဲ့ သမီးလုပ်ပြီးတော့ ခေါင်းရှောင်နေပြီးတော့ နေလို့မဖြစ်ပါဘူး။
ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။
ဒီမိုကရေစီလွတ်လပ်ရေးကို ပြည်သူလူထုအားလုံးက လိုချင်ဆန္ဒပြင်းပြလွန်းလို့ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်”
ရွှေတိဂုံတောင်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိန့်ခွန်းကို သြဂုတ်လ (၂၆) ရက်နေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
သြဂုတ်လ (၈)ရက်နေ့ညက မြို့တော်ခန်းမရှေ့က မောင်းပြန်သေနတ်သံတွေကို သူမ ကြားတယ်။
လူထုတွေရဲ့ အော်ဟစ်ညည်းတွားသံတွေကို သူမ ကြားတယ်။
အဲဒီသွေးအိုင်တွေထဲက၊ ဂျီသရီး၊ ဂျီဖိုးသံတွေထဲ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး တောင်းဆိုသံတွေ ကြွေးကြော်သံတွေကို သူမ ကြားတယ်။
အဲဒီတောင်းဆို ကြွေးကြော်သံတွေရဲ့ အနက်အရှိုင်းကို သူမ နားလည်တယ်။
အဲဒီ သိမြင်နားလည်မှုတွေကပဲ သူမကို လူထုရှိရာ ဒီနေရာကို အခုလိုရောက်လာစေ ခဲ့တယ်။

(၄)
သြဂုတ်လ (၂၈)ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို တရားဝင် ပြည်လည်ဖွဲ့စည်းခဲ့ကြတယ်။
ကျနော်တို့ ချစ်တဲ့၊ ကျနော်တို့ပိုင်တဲ့မြေ တကသမြက်ခင်းပြင်မှာ ဖွဲ့စည်းလိုက်ကြတာ ဖြစ်တယ်။
အဲဒီပွဲမှာ…
ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုမင်းကိုနိုင်က ကျောင်းသားတိုက်ပွဲတွေနှင့် လူထု တထပ်တည်းကျမှု၊ တဆက်တစပ်တည်းရှိမှု၊ ပြီးတော့ အဲဒီလို တသားတည်းရှိနေမှုရဲ့တန်ဖိုးကို အခုလိုထောက်ပြပါတယ်။
“ကျနော်တို့မှာ အင်အားရှိတယ်။
ဘာရှိလဲဆိုတော့ ညီညွတ်ခြင်းရဲ့ အင်အားရှိတယ်။
ပြည်သူတရပ်လုံးကို ကျနော်တို့ အားကိုးတယ်။ ယုံကြည်တယ်။ လေးစားတယ်။
ပြည်သူမပါဘဲနဲ့ ကျောင်းသားချည်းပဲ တိုက်လာတဲ့ပွဲတွေမှာ ဘယ်ပွဲမှ မအောင်မြင်ခဲ့ ကြဘူး။ ၆၂ ခု အရေးတော်ပုံ၊ ဦးသန့်ဈာပန၊ မှိုင်းရာပြည့်။ ကျနော်တို့ သင်္ခန်းစာ အများကြီး ယူခဲ့ရဖူးပါတယ်။ ဒီကနေ့ အောင်မြင်တယ်ဆိုတာမှာလည်း လူထုအင်အားပါလာလို့ပါ။ အခုန ပြောသလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ ကျနော်တို့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို လောင်းရိပ်ပေးနေတဲ့ သစ်ပင်ကြီးပေါ့ခင်ဗျား။ အဲဒီသစ်ပင်ကြီးဟာ အမြစ်ကနေ လဲသွားအောင် ကျနော်တို့အားလုံး ၀ိုင်းပြီးတော့ တိုက်ဖျက်ရမယ်။”

(၅)
မဆလရဲ့ ယန္တရားတွေ အကုန်လုံး ထိုးရပ်သွားပြီ။ လူထုရဲ့အရှိန်က အမြင့်ဆုံးကို ရောက်လာပြီ။
ဒီလိုမြင့်တက်လာနေတဲ့ လူထုရဲ့အရှိန်ကို စစ်အုပ်စုက ဘယ်လိုတားခဲ့သလဲ။
ဗိုလ်စိန်လွင်လို မိုက်ကန်းကန်း စစ်ဗိုလ်မျိုးလက်ထဲ သေနတ်အပ်ပြီး တားကြည့်တယ်။
ဒေါက်တာမောင်မောင်လို ပျော့ပြောင်းနူးညံ့ဟန်ရှိတဲ့ ပညာတတ် မဆလကေဒါ တစ်ယောက်လက်ထဲ မူယာမာယာတွေထည့်ပြီး တားကြည့်တယ်။
ဒါပေမယ့် အဲဒီအားထုတ်မှုတွေဟာ လုံးဝ အချည်းအနှီးပဲ။ တိုးမပေါက်ဘူး။
“စိတ်မရှည်နိုင်ကြတော့ဘူးလား”
“ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့” ဆိုတဲ့
ဒေါက်တာမောင်မောင်ရဲ့ ချူလုံး မြှူလုံးတွေကို ပြည်သူတွေက စိတ်ကူးထဲတောင် မထည့်ကြတော့ဘူး။
“တပါတီစနစ် ဖျက်သိမ်းရေး”
“ပါတီစုံဒီမိုကရေစီစနစ် ရရှိရေး”
“ယာယီအစိုးရ ဖွဲ့စည်းရေး”
ကြွေးကြော်သံတွေနှင့် တိုက်ပွဲအရှိန်ကို ဆက်မြှင့်ကြတယ်။
စစ်အုပ်စုအဖို့ကျတော့လည်း ဒါဟာ သူသေ ကိုသေပွဲဖြစ်နေတယ်။
နာမည်ဘယ်လောက်ပျက်ပျက် ပျက်စေတော့ သူ့အာဏာလက်မလွှတ်ရရေးဟာ အဓိကဆိုတာ ဖြစ်လာတယ်။
ဒီရူးသွပ်မှုနဲ့ပဲ မီးကုန်ယမ်းကုန် ရိုင်းလာတော့တယ်။
ကြားဖြတ်အစိုးရ (သို့မဟုတ်) ယာယီအစိုးရ အပီအပြင် မဖွဲ့လိုက်နိုင်ခင်မှာပဲ ရက်ရက်စက်စက် အချေမှုန်းခံလိုက်ကြရတယ်။

(၆)
ဒီအရေးတော်ပုံကြီးနှင့်ပတ်သက်ပြီး ဒီနေ့ပြန်သုံးသပ်ကြည့်ကြရအောင်။
ကျနော်တို့ ဘာတွေပေးလိုက်ရသလဲ။
ကျနော်တို့ အသက်တွေ၊ သွေးတွေ၊ ဘ၀တွေပေးလိုက်ရတယ်။
စုစည်းမိပြီးသား လူထုအရှိန်အဟုန်ကြီးတခု ယာယီအားဖြင့် ဆုတ်ပေးလိုက်ရတယ်။
အခွင့်အလန်းကောင်းတခု လက်လွတ်ဆုံးရှုံးခဲ့ရတယ်။
ကျနော်တို့ ဘာတွေရလိုက်သလဲ။
နိုင်ငံရေးပါတီ တည်ထောင်ခွင့်တွေရလိုက်တယ်။
၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ရတယ်။
အနိုင်ရပါတီတွေ ရတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေကို ရတယ်။
(၈၈) မျိုးဆက်ကျောင်းသားတွေ ရတယ်။
တိုက်ပွဲထဲက မွေးဖွားပေးလိုက်တဲ့ ခေါင်းဆောင်တွေ မရေမတွက်နိုင်အောင်ရလာတယ်။
မပြီးဆုံးသေးသော တိုက်ပွဲကို ဆက်တိုက်ဖို့အတွက် တိုက်ပွဲအတွေ့အကြုံတွေနှင့် တိုက်ပွဲနည်းနာတွေ ရလာတယ်။
နိုင်ငံရေးအခင်းအကျင်း တစုံတရာ ရလာတယ်။
ဒါပေမဲ့ ဒီနေ့ထိတော့ ရာမို့စ်ကို မတွေ့ကြရသေးဘူး။

(၇)
ရှစ်လေးလုံးအရေးတော်ပုံကြီးက အာဇာနည်အထောင်အသောင်းတို့ရဲ့ သွေးနှင့် ရင်းနှီးပေးဆပ်ပြီး ရယူထားရတဲ့ ဒီအောင်သီးအောင်ပွင့်တွေကို ကျနော်တို့ ဆက်ပြီး သယ်ဆောင်ကြရလိမ့်မယ်။
ကျနော်တို့ရှေ့က ဆီးတားပိတ်ဆို့နေတဲ့ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖယ်ရှား ပစ်ရေးဟာ ကျနော်တို့ရဲ့ ဒီနေ့ကာလ သမိုင်းရေးတာဝန်ဖြစ်လာတယ်။
လမ်းခုလတ်မှာ ကျနော်တို့တိုက်ပွဲအောင်လံကို ယာယီအားဖြင့် ရပ်သွားအောင်၊ တုံ့ဆိုင်းသွားအောင် လုပ်နေတာဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်။
စစ်အာဏာရှင်စနစ်ဟာ ရှစ်လေးလုံးရဲ့ သွေးကြွေးဖြစ်တယ်။
ရှစ်လေးလုံးအရေးတော်ပုံအောင်ပွဲရဲ့ ခလုတ်ကသင်းဖြစ်တယ်။
မကြာခင်သော ကာလမှာ …
မြန်မာပြည်တနံတလျားက လူမျိုးစုံလူထုကြီးဟာ ဒီခလုတ်ကသင်းကို မုချ ရှင်းထုတ် ကြပါလိမ့်မယ်။
ဒီသွေးကြွေးကို အကြေအလည် ဆပ်ကြပါလိမ့်မယ်။
သူတို့အောင်ပွဲကို သူတို့ကိုယ်တိုင် မုချရယူကြပါလိမ့်မယ်။
ရှစ်လေးလုံးစိတ်ဓါတ် အဓွန့်ရှည်ပါစေ။
x x x x x x x x x
ဇွန်မှိုင်း
၇၊ ၈၊ ၂၀၀၇



(ဘလော့ဂါမှတ်ချက် - ဒီဆောင်းပါးကို http://www.yoma3.org/feature/index.html ကနေ ယူတယ်။ ပုံကိုလည်း အဲဒီကနေပဲ ယူပါတယ်။)



No comments: