Monday, August 27, 2007

int prize for a burmese female writer

မြန်မာစာရေးဆရာမ နိုင်ငံတကာ သတင်းစာဆုရ
ကိုစိုး သြဂုတ် ၂၇၊ ၂၀၀၇


နိုင်ငံတကာ သတင်းစာဆရာများအဖွဲ့ (ICFJ) က ၂၀၀၇ ခုနှစ်အတွက် (2007 Knight International Journalism Award Winners) ဆုကို မြန်မာနိုင်ငံမှ စာရေးဆရာမ မေသင်္ကြန်ဟိန်အား ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဤဆုပေးရခြင်းသည် မြန်မာနိုင်ငံအတွင်းက အကျင့်ပျက်ခြစား အဂတိလိုက်စားမှု၊ အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ရောဂါနှင့် ဆင်းရဲမွဲတေမှု အကြောင်းများကို စုံစမ်းထောက်လှမ်း ရေးသားရသည့် သတင်းပို့ချက်စာများအား အထူးပြု ရေးသားသူ ဖြစ်သည့်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းစာဆရာများ အဖွဲ့က
ဆိုသည်။

ယခုဆုသည် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများ၊ ဂျာနယ်လစ်များ၏ ကြိုးစားမှု၊ အမှန်တရားအတွက် အလုပ်လုပ်နေမှုများကို အားပေးသည့် သဘောဖြစ်သည်ဟု ခံယူကြောင်း အသက် (၃၃) နှစ်ရှိ စာရေးဆရာမ မေသင်္ကြန်ဟိန်က ဧရာဝတီသို့ ပြောသည်။

“ကျမ ဒီဆုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ အဲဒါဟာ ကျမတယောက်တည်းကို ပေးတာလို့မယူဆပါဘူး၊ တကယ် အလုပ်လုပ်နေတဲ့ ဂျာနယ်လစ်တွေ ကျမတို့နိုင်ငံမှာ အများကြီးရှိတယ်၊ ဒါတွေအားလုံးကို အားပေးတဲ့ အနေနဲ့ပေးတဲ့ဆု၊ အဲဒီအထဲကမှ ကျမကို ကံအားလျော်စွာနဲ့ ရွေးချယ်ဖြစ်သွားတယ်လို့ ကျမယူဆပါတယ်၊ ကိုယ်တိုင်လည်း သွားယူချင် ပါတယ်”ဟု ဆရာမ မေသင်္ကြန်ဟိန်က ပြောသည်။

ဆရာမ မေသင်္ကြန်ဟိန်မှာ လွန်ခဲ့သည့် ဖေဖော်ဝါလအတွင်းက ကိုထင်ကျော်နှင့်အဖွဲ့ ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသည်ကို ဓာတ်ပုံရိုက်သည့်အတွက် အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးမှုကို ခံခဲ့ရသူလည်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့ဓန မဂ္ဂဇင်းတွင် ပြင်ပကလောင်ရှင်အဖြစ် ရေးသားနေမှုကို ရပ်ဆိုင်းခံခဲ့ရသည်။

“အဲဒီတုန်းက မြန်မာ့ဓနက တလ ၄ ပုဒ်လောက်အပ်နေတာကို ရပ်သွားတော့ ကျမ တော်တော် အခက်အခဲ ဖြစ်ခဲ့ပါတယ်”ဟု လည်း ဆရာမ မေသင်္ကြန်ဟိန်က ပြောပြသည်။

ထိုသို့ ပိတ်ပင်မှုများနှင့် ပတ်သက်၍ ဆရာမ မေသင်္ကြန်ဟိန်၏ ဖခင်သည် အန်အယ်လ်ဒီပါတီ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် မဲဆန္ဒနယ်မှ အရွေးချယ်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ဖြစ်နေခြင်းနှင့်လည်း သက်ဆိုင်မှုများရှိနိုင်သည်ဟု ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀န်းက ပြောဆိုသည်။

ဆရာမ မေသင်္ကြန်ဟိန်သည် ၁၉၉၄ ခုနှစ်က စတင်၍ သတင်းတို၊ သတင်းဆောင်းပါးများကို မြန်မာ့စီးပွာရေး ဂျာနယ်၊ နွယ်နီမဂ္ဂဇင်း၊ လစ်ဗင်းကာလာ၊ မြန်မာ့ဓနမဂ္ဂဇင်း၊ ဖက်ရှင်၊ ရုပ်ရှင်စတားစသည့် မဂ္ဂဇင်းစာစောင်များတွင် ရေးသားခဲ့ပြီး ၁၉၉၄ ခုနှစ် နိုဝင်ဘာလတွင် ရွှေပုစွန်မဂ္ဂဇင်းကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။

၂၀၀၄ သြဂုတ်လတွင် စာပေစိစစ်ရေးက ရွှေပုစွန်မဂ္ဂဇင်းပါ စာမူကိစ္စနှင့်ပတ်သက်၍ မဂ္ဂဇင်းကို ပိတ်ပင်လိုက်ပြီး မေသင်္ကြန်ဟိန်ဟူသော ကလောင်အမည်နှင့်အတူ စာရေးသားခွင့်၊ ထုတ်ဝေခွင့်၊ အယ်ဒီတာလုပ်ခွင့်များကိုလည်း ပိတ်ပင်ခံခဲ့ရသည်။

ဆရာမ မေသင်္ကြန်ဟိန်သည် ၂၀၀၄ ခုနှစ် စက်တင်ဘာလမှစတင်၍ ပြင်ပကလောင်ရှင် (Freelance Journalist) အဖြစ်နှင့် တခြား ကလောင်အမည်များကို အသုံးပြု၍ စာနယ်ဇင်းအလုပ်ကို ဆက်လက်လုပ်ကိုင် ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

“ကျမအတွေ့အကြုံအရဆိုရင် Freelance Journalist က ပိုပြီး စာပေရေးသားရာမှာ လွတ်လပ်တယ်၊ နောက်တခုက လခစားလုပ်တာထက် ပိုပြီးကြိုးစား အားထုတ်ရတယ်၊ ကျမတို့ကို အလုပ်အပ်ဖို့ အမြဲတမ်းအလုပ်လုပ်နေရတယ်၊ ကိုယ်ရေးတဲ့ စာမူပေါ်မှာ ကိုယ်တာဝန်ယူရတယ်၊ ကိုယ်မရေးချင်တဲ့စာမျိုး ရေးခိုင်းတာမျိုးလည်း မရှိဘူး၊ ဘယ်သူ့ အလွှမ်းမိုးမှုမှမခံဘဲနဲ့ လွတ်လွတ်လပ်လပ်လုပ်ချင်တယ်ဆိုရင် Freelance Journalist အနေနဲ့ လုပ်တာ ကောင်းတယ်လို့ ထင်တယ်”ဟုလည်း ဆရာမ မေသင်္ကြန်ဟိန်က ပြောဆိုသည်။

ယခုပေးအပ်မည့်ဆုကို ဆရာမ မေသင်္ကြန်ဟိန်နှင့်အတူ အီဂျစ်နိုင်ငံမှ ဘလော့ဂါ အာဘတ်စ် (Abbas) ကိုလည်း ပေးအပ်မည်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၃ ရက်တွင် ICFJ အဖွဲ့၏ ၁၀ နှစ်မြောက် ဆုပေးပွဲ ညစာစားပွဲနှင့်အတူ ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာ သတင်းစာဆရာများအဖွဲ့ (ICFJ) သည် လွတ်လပ်၍ တက်ကြွသည့် သတင်းမီဒီယာများသည် လူသားများ တိုးတက်ကောင်းမွန်ရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟူသော ယုံကြည်ချက်ဖြင့် ကမ္ဘာတ၀န်းရှိ စာနယ်ဇင်း ပညာအရည်အသွေးများကို မြှင့်တင်ပေးနေသည့် အဖွဲ့ကြီးဖြစ်ပြီး ၁၉၈၄ ခုနှစ်က စတင်၍ နိုင်ငံပေါင်း ၁၇၆ နိုင်ငံက သတင်းစာဆရာပေါင်း ၄၀၀၀၀ ကျော်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်နေသည့်အဖွဲ့လည်း ဖြစ်သည်။

ယင်း Knight International Journalism Award Winners ဆုသည် John.S Knight နှင့် James L. Knight ညီအကို နှစ်ဦးတည်ထောင်သည့် ဆုဖြစ်သည်။


(ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_27_07.html ကနေ ယူတယ်။)

No comments: