Sunday, August 19, 2007

review on nu nu yi innwa's book



ထွက်ပေါက်တခုရဲ့ လားရာကိုရှာဖွေခြင်း သို့မဟုတ် တောင်ပြုန်းပွဲယဉ်ကျေးမှု
မောင်ဖူးတင့်


စာအုပ်အမည်။ ။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ
ရေးသူ ။ ။ နုနုရည် (အင်းဝ)
ထုတ်ဝေသူ ။ ။ ဦးကျော်ဆန်း (ရဲအောင်စာပေတိုက်)
ထုတ်ဝေခုနှစ်။ ။ ၂၀၀၇ ခု၊ မေလ၊ အုပ်ရေ (၅၀၀)
တန်ဖိုး ။ ။ ၁၅၀၀ ကျပ်


(က)
မသီတာတို့ တိုက်ခန်းကို မရောက်ခင် ဓာတ်ရထားမှတ်တိုင်တတိုင်အကွာတွင် တရားရုံးချုပ် အဆောက်အဦတခုရှိ၏။ ထိုနေ့က တရားရုံးရှေ့တွင် လူ (၅၀) ခန့် စုရုန်းနေကြ၏။ ဓာတ်ရထားက တရားရုံးရှေ့တွင် ရပ်လိုက်သည်။ ကျနော်ထိုင်နေရာဘက်ခြမ်းမှာ တရားရုံးကို ရှင်းရှင်းလင်းလင်း မြင်ရသည့်ဘက်ဖြစ်၏။ တရားရုံးရှေ့တွင်ရှိသည့် လူအုပ်မှာ ပျော်ရွှင်နေကြပုံရ၏။ ၀တ်ကောင်း စားလှများကိုယ်စီဝတ်ထားကြ၏။ (အမှန်အားဖြင့်ဆိုလျှင် အော်စလိုမြို့ လူထုမှာ ၀တ်ကောင်း စားလှများကို ၀တ်ဆင်သွားလာလေ့မရှိကြပါ။ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ပြီး အမျိုးသမီး များမှာလည်း သစ်လွင်သည့်အ၀တ်အစားများဝတ်ကာ၊ ချယ်ကာသကာ သွားလေ့မရှိလှပါ။
အများစုမှာ သာမန်အ၀တ်အစားများဖြင့်သာ သွားလေ့ရှိ၏။) ကျနော်က တရားရုံးရှေ့က လူအုပ်ကို အနည်းငယ် စိတ်ဝင်စားသွားရလေသည်။

“ဦးငြိမ်း၊ အဲဒါ မင်္ဂလာဆောင်လေ၊ ရုံးမှာလာပြီးလက်မှတ်ထိုးကြတာ”

“အော်…အေး၊ ဟုတ်မယ်”

“ဒီမင်္ဂလာဆောင်က ထူးတယ်ဦးငြိမ်းရ၊ ယောင်္ကျားချင်းမင်္ဂလာဆောင်ကြတာလေ”

“ဘာမ်”

ပထမတုန်းက ဘယ်လိုမှ သိပ်ပြီးစိတ်ထဲတွင် မ၀င်စားခဲ့မိပေမယ့် ဒုတိယစကားကိုကြားတော့ ကျနော့်ကျောမှာ အလိုလိုဆန့်သွားရ၏။

“ဟုတ်တယ်လေ၊ ယောင်္ကျားချင်းမင်္ဂလာဆောင်ကြတာ”

“ဟုတ်ရဲ့လား မသီတာရယ်”

“အော်…ဟုတ်ပါတယ်ဆို၊ နော်ဝေနိုင်ငံမှာ မနှစ်ကနဲ့တူတယ်။ လိင်တူချင်းအချစ်တော်ထားခွင့်၊ လက်ထပ်ခွင့်ကို ဥပဒေပြဋ္ဌာန်းပြီးခွင့်ပြုခဲ့တာ၊ အဲဒီ မင်္ဂလာဆောင်ကို သီတာ့အသိတယောက်လည်း သွားတက်တယ်လေ။ သီတာတောင် ဒီဗွီဘီအတွက် သတင်းသွားယူမလား စဉ်းစားသေးတယ်။ အလုပ်မအားတာနဲ့”

တရားရုံးရှေ့က လူအုပ်ကို ကမန်းကတန်း ကျနော်လိုက်ကြည့်သည်။ ထိုစဉ်…ဓာတ်ရထားက ထွက်ခွာလာခဲ့၏။ ကျနော့် မြင်ကွင်းထဲ မင်္ဂလာဆောင်ကြသူ သူတို့သား၊ သူတို့သမီးစုံတွဲကို မြင်ရလိုမြင်ရငြား လိုက်ကြည့်မိသေး၏။ ကျနော် အံ့သြသွားရသည်။ ငေးငိုင်သွားရသည်။ ရှော့ဖြစ်သွားရသည်။

(ခ)
၁၉၈၄ ခုနှစ်လောက်ဖြစ်သည်။ ကျနော်နှင့်ကိုတင်ဦး (မာန်သစ်စာပေ၊ ဖြူး) တို့ အင်းစိန်လမ်းဆုံတွင် “ရိုးမအရှေ့” ကားကို စောင့်စီးကြ၏။ ညကတည်းက ကားလက်မှတ်ကြိုဖြတ်ထားပြီး၊ မနက် (၄း၃၀) အင်းစိန်လမ်းဆုံမှ ကားစောင့်စီးကြခြင်းဖြစ်သည်။

(၄း ၃၀) တွင် “ရိုးမအရှေ့” ကားကို မီးရောင်တ၀င်းဝင်းနှင့် လှမ်းတွေ့ရသဖြင့် ကျနော်တို့နှစ်ယောက် လက်ပြပြီးတားကြ၏။ “ရိုးမအရှေ့” ကားက ကျနော်တို့ကိုကျော်ကာ ၀ါးတရိုက်နှစ်ရိုက်အကွာတွင် လမ်းဘေးသို့ ထိုးရပ်လေသည်။ ကျနော်နှင့် ကိုတင်ဦးတို့ ကားရှိရာပြေးသွားကြ၏။ ကျနော်က ကားရှေ့အပေါက်ကတက်ပြီး ကိုတင်ဦးက ကားနောက်တံခါးမှ တက်လေသည်။ ကျနော်တို့နှစ်ဦး အမောတကောနှင့် ကားခြေနင်းပေါ် ရောက်ရောက်ချင်း ကားတံခါးများအလိုအလျောက် ပြန်ပိတ် သွားကြ၏။ ကားတစင်းလုံး မီးများအပြည့်ဖွင့်ထားသဖြင့် ခရီးသည်အားလုံးကို အထင်အရှားပင် တွေ့ရ၏။ ခရီးသည်အားလုံးကလည်း ခေါင်းကိုယ်စီဆန့်ကာ ကျနော်တို့ကိုလှမ်းကြည့်နေလေသည်။

“ဟိုက်”

ကျနော်တို့ နှစ်ယောက်စလုံး ပါးစပ်ကပြိုင်တူလိုလို ဘာတွေ အသံထွက်လိုက်မှန်းပင်မသိ။ ထိုင်နေ သည့်ခရီးသည်များကို ကျော်ကာ တယောက်နှင့်တယောက်မျက်လုံးချင်း စကားပြောလိုက်ကြ၏။ ကားမှားပြီးတော့ တားစီးမိသည်အထင်နှင့် အောက်ကို ပြန်ဆင်းဖို့ ဟန်ပြင်ပြန်တော့ ကားကအရှိန်
ပြင်းနေပြီ။ တခါးတွေပိတ်ထားပြီ။ ကားဆရာကိုကြည့်တော့ ကားဆရာက ကားမောင်းရင်း ပြုံးလျက်။

“လာပါ၊ ကိုယ့်နေရာကို လာထိုင်ကြပါ”

“နေ…နေ…နေပါစေ၊ ဒီလိုပဲလိုက်လို့ ရပါတယ်”

“မဟုတ်ဘူးလေ၊ ဖြူးအထိ စီးကြမှာမို့လား၊ နွဲ့တို့က ကားတစီးလုံးငှားလာကြတာလေ။ ရှင်တို့ နှစ်ယောက်ပဲ တခြားလူ ဖြစ်နေတာ။ ရှင်တို့က ဒီကားကိုကြိုပြီး လက်မှတ်ဖြတ်ထားတာ။ လာပါ… လာထိုင်ကြပါ။ မကြောက်ပါနဲ့ …ဟင်း…ဟင်း၊ ကိုက်မစားပါဘူး ရှင်တို့ရယ်…ဟင်း…ဟင်း…ဟင်း ”
ကားတစင်းလုံးရယ်သံများ လွှမ်းမိုးသွားခဲ့၏။ ကျနော်တို့နှစ်ယောက်မှာ ကြံရာမရဖြစ်နေကြ။ ပြေးပေါက်ကို မသိမသာ ရှာနေကြဆဲ။

“ကဲ၊ ဒီလိုလုပ် ကိုယ်တော်တို့က ဟောဒီကားဆရာဘေးကခုံမှာ အတူတူလာထိုင်ကြ။ ကျမတို့က ရှင်တို့နေရာမှာ ပြောင်းထိုင်မယ်၊ ကဲ…ဒါဆိုရင် အဆင်ပြေသွားမှာပါ ဟင်း…ဟင်း…ဟင်း ”
ကျနော်တို့ နေရာချင်းလဲထိုင်လိုက်ကြသည်။ ကားဆရာကမူ အပြုံးကို မရုပ်သိမ်းသေး။ ကျနော်နှင့် ကိုတင်ဦး နာရီဝက်နီးပါးမျှ စကားမပြောနိုင်ကြ။ ဘေးဘီကိုမကြည့်ရဲကြ။ ကားတစင်းလုံး စကား ပြောသံ၊ သီချင်းသံများ လွှမ်းမိုးလျက်။

“ကားဆရာရေ…ပဲခူးကြရင် စားစရာဆင်းဝယ်မယ်၊ ကားဆရာအတွက်တော့ ကျမတာဝန်ယူတယ်၊ ဟို…နှစ်ယောက် အတွက်တော့ ဘယ်သူတာဝန်ယူမှာလဲဟေ့”

“ကိုယ်ယူမယ်…ကျမယူမယ် ၊ အိုင် ယူမယ် ”

ကားပေါ်တွင် ရယ်သံများ ထွက်ပေါ်လာရပြန်သည်။ ကျနော်နှင့်ကိုတင်ဦးမှာ ပေါက်သည့်နဖူး မထူးတော့ပြီဟု တွေးကာ၊ သည်အတိုင်းငြိမ်ပြီး ပေခံနေကြရ၏။ ထိုနေ့က ကံအားလျော်စွာ
လမ်းတွင် သားရေစာဖိုး၊ ထမင်းဖိုး၊ မကုန်ခဲ့ကြပါ။ ကားပေါ်တွင် အတူပါလာသည့် “မိန်းမလျာ”
များက သူ့ထက်ငါ ၀ယ်ကျွေးသွားကြသဖြင့် ကျနော်တို့နှစ်ဦးစလုံး တွက်ခြေကိုက်ခဲ့ကြ၏။ မိန်းမလျာများမှာ “တောင်ပြုန်းပွဲ” သို့ ချီတက်ကြမည့် နတ်ကတော်များအဖွဲ့ ဖြစ်လေသည်။

ဖြူးမြို့ ကားဂိတ်တွင် ကျနော်နှင့်ကိုတင်ဦး၊ ကားပေါ်ကဆင်းသောအခါ နတ်ကတော်မိန်းမလျာများက အော်ဟစ်လက်ပြ နှုတ်ဆက်ရင်း ခရီးဆက်ကြလေသည်။

(ဂ)
နုနုရည် အင်းဝ၏ “ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ၀တ္ထုကို
ဖတ်တော့ မိမိဘ၀ထဲက “မိန်းမလျာ” များနှင့်ပတ်သက်သည့် အတွေ့အကြုံတချို့ကို ပြန်တွေးမိသည်။ တဦးတည်းပြုံးမိ၏။

ယခုတော့ “မိန်းမလျာ” နှင့် ပတ်သက်သည့် မိမိ၏အယူအဆမှာ ယခင်ကလို မဟုတ်တော့ပါ။ မိန်းမလျာအပေါ် လူတွေထားရှိသည့် သဘောထားတချို့မှာ ပြောင်းလဲစပြုပြီဟုထင်ရ၏။
“မိန်းမလျာ” များသည် လူ့အခွင့်အရေးနယ်ပယ်၌ တထောင့်တနေရာ ၀င်ယူလာခဲ့ကြပြီလောဟု တွေးမိသည်။

“ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ၀တ္ထုမှာ “တောင်ပြုန်းပွဲ
တော်” နောက်ခံနှင့် နတ်ကတော်မိန်းမလျာများ၏ဘ၀ကို အသေးစိပ်ရေးထားခြင်းဖြစ်သည်။
ဝတ္ထုတပုဒ်ဖြစ်စေရန်အတွက်ကိုမူ နတ်ကတော်မိန်းမလျာ “ဒေစီဂျိန်း”၊ ဒေစီဂျိန်း၏လင်ယောင်္ကျား “မင်းမင်း” နှင့် မင်းမင်း၏ချစ်သူ သူတောင်းစားမလေး “ပန်းညို” တို့ သုံးပွင့်ဆိုင် မေတ္တာဘွဲ့ကို ဖွဲ့စည်းတည်ဆောက်ထား၏။
အမှန်အားဖြင့် ၀တ္တုတပုဒ်လုံး အသားပေးဖော်ပြသည်မှာ “တောင်ပြုန်းပွဲ” ယဉ်ကျေးမှုကို စနစ်တကျ၊ အဆင့်လိုက် အသေးစိပ်ရေးထားခြင်းသာဖြစ်သည်။ မျက်မှောက်ခေတ်မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာတည်ရှိနေသည့် နတ်ကိုးကွယ်ပသခြင်း ယဉ်ကျေးမှုကို အပြည့်အစုံသတင်းအချက်
အလက် ပေးခြင်းသာဖြစ်၏။ နှစ်စဉ် ၀ါခေါင်လဆန်း (၈) ရက်နေ့မှ ၀ါခေါင်လဆန်း (၁၅) ရက်အထိ၊ ကျင်းပပြုလုပ်သည့် တောင်ပြုန်းပွဲယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင် ရောက်ရှိနွှဲပျော်နေရသလို ဆွဲဆောင်မှုအားကောင်းလှသည့် ၀တ္ထုဖြစ်၏။

သည်ဝတ္ထုထဲမှ ကျနော်နှိုက်ယူရရှိသည့် အချက်တချို့ရှိပါသည်။ တောင်ပြုန်းပွဲဘာ့ကြောင့် တနှစ် ထက်တနှစ် ပို၍ပို၍ စည်ကားသိုက်မြိုက်လာနေရသနည်း။ တောင်ပြုန်းပွဲ စည်ကားသထက် စည်ကားလာစေရန် မည်သည့်အကြောင်းအရာများက တွန်းပို့နေသနည်း။
ဝါခေါင်လဆန်း (၁၃ ) ရက်နေ့တွင်ပြုလုပ်သည့် “ယုန်ထိုး” ပွဲအကြောင်းရေးထားသည့် စာမျက်နှာ များမှာ စိတ်ဝင်စားစရာ။ “ဒီနယ်မြေဟာ မင်းနှစ်ပါးက ဖန်ဆင်းပေးထားတဲ့ စိတ်လွတ်လပ်မှုနယ်မြေ” ဟု ဆို၏။ “လူတွေရဲ့ စိတ်ကလေးတွေဟာ သနားစရာ ကောင်းလောက်အောင် သိပ်ကို မွန်းကြပ် ပိတ်လှောင်ခံထားရတာ။ ကဲ…အဲဒီစိတ်ကလေးတွေကို လွှတ်ပေးလိုက်ကြစမ်း” ။ ပညာတတ် နတ်မင်းသားလေး မိန်းမလျာသင်းသင်းကြိုင်ရဲ့ စကား ။

လူတွေ တောင်ပြုန်းပွဲတွင် စိတ်လွတ်ကိုယ်လွတ် အပျော်ကျူးကြသည့်သတင်းမှာ မည်သူမဆို ကြားဖူးပြီးဖြစ်သည့် သတင်းပင်ဖြစ်သည်။

ဝတ္တုတပုဒ်လုံးမှာ၊ အတိုချုပ်ပြီးလွယ်လွယ်နဲ့ပြောလို့ရသည့် ဇာတ်လမ်းဖြစ်၏။ သက်ကြီးရွယ်အို နတ်ကတော်မိန်းမလျာ “ဒေစီဂျိန်း” သည် ငယ်ရွယ်နုပျိုသူ “မင်းမင်း” ဆိုသည့် ဆင်းရဲသား လူငယ် တဦးနှင့် လင်မယားအဖြစ်နေထိုင်ခဲ့ရင်းက “မင်းမင်း” က သူနှင့်ရွယ်တူ သူတောင်းစားမလေး
“ပန်းညို” နှင့် ချစ်ကြိုက်မိသွား၏။ နောက်ဆုံးတွင် “မင်းမင်း” မှာ နတ်ကတော်မိန်းမလျာ
“ဒေစီဂျိန်း” ၏ ရင်ခွင်တွင်သာ မူးမေ့လဲလျောင်းရင်း ၀တ္ထုကိုနိဂုံးချုပ်ထားလေသည်။

လူတို့၏ မွန်းကြပ်ပိတ်လှောင်နေသောစိတ်ကို ထွက်ပေါက်ပေးပို့ရန်ကိစ္စမှာ အမှန်တကယ် လိုအပ် ပါသည်။ “တောင်ပြုန်းပွဲ” သည် လူတချို့အတွက် စိတ်ထွက်ပေါက်ပေးရာ အပေါက်တပေါက်ဖြစ် သည်ဟု ဆို၏။ ဗမာတပြည်လုံးကလူတွေ တနှစ်တခါ တောင်ပြုန်းပွဲတက်ကာ စိတ်ထွက်ပေါက် ပေးကြ၏။ ထွက်ပေါက်ရှာကြ၏။

ကျနော်တို့သည် မွန်းကြပ်ပိတ်လှောင်နေသောစိတ်ကို ထွက်ပေါက်ပေးရန် မုချလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်…ယင်းထွက်ပေါက်မှာ ယာယီထွက်ပေါက်၊ ဘေးထွက်ပေါက်၊ ထွက်ပေါက်အမှားဖြစ်လျှင်မူ မကောင်း။

မည်သို့ပင်ဖြစ်စေ… ၀တ္တုတပုဒ်ကိုဖတ်ကာ၊ စိတ်ထွက်ပေါက်ပေးခြင်းကိစ္စ အလိုလို ဆက်စပ်တွေးမိ လာအောင် ဖြစ်စေသည့်စာရေးဆရာ နုနုရည်အင်းဝ၏ စာပေဒါနကိုမူ ကျေးဇူးတင်ရမည်ပင်ဖြစ်
သည်။ သာဓုခေါ်ရမည်ဖြစ်သည်။ ။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/bookreviews/august_2007/10-8-07_mgphutint.php ကနေ ယူတယ်။)


No comments: