Friday, August 24, 2007

Journalists Covering Demos Complain of Harassment


ဧရာဝတီ www.irrawaddy.org/bur က သတင်းဗျာ။ မူရင်းသတ်ပုံအတိုင်း ကူးပေးလိုက်ပါကြောင်း။


ရန်ကုန်ဆန္ဒပြပွဲ သတင်းယူသူများ အကြမ်းဖက်ခံရ
ကိုစိုး irrawaddy.org/bur သြဂုတ် ၂၄၊ ၂၀၀၇


လောင်စာဆီဈေးနှုန်းကြီးမြင့်မှု ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြသူများကို သတင်းနှင့် သတင်းဓာတ်ပုံ ယူသည့် တသင်းထောက်များအား အာဏာပိုင်များနှင့် စစ်အစိုးရ လိုလားသူများက အကြမ်းဖက် ဆက်ဆံကြကြောင်း သိရသည်။


နိုင်ငံတကာ သတင်းဌာနတခုဖြစ်သည့် ရိုက်တာ (Reuters) သတင်းဌာန သတင်းထောက် တဦးက ၎င်းအား အဆိုပါ စစ်အစိုးရလိုလားသူများက တွန်းထိုးဆက်ဆံပြီး ကင်မရာကိုလည်း လုယူရန်ကြိုးစားသည်ဟု ဧရာဝတီသို့ ပြောသည်။

“သူတို့က ကျနော့်ကို ဓာတ်ပုံမရိုက်ရဘူးလို့လည်း ပြောတယ်”ဟု ၎င်းက ပြောပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် အရှေ့တောင်အာရှ စာနယ်ဇင်းအဖွဲ့ (AEAPA) အမှုဆောင်ဒါရိုက်တာ ရော်ဘီ အလမ်ပေး ကလည်း “ရန်ကုန်မြို့က အခုလတ်တလော ဖြစ်နေတဲ့အခြေအနေကို ကျနော်တို့ အလွန်စိုးရိမ်မိပါတယ်၊ အယ်ဒီတာတချို့ကိုလည်း ရဲတွေက စစ်လားဆေးလား လုပ်နေတယ်လို့ ကြားရတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “မြန်မာပြည်က အခြေအနေက သိပ်ဆိုးဝါးတဲ့အတွက် စာနယ်ဇင်း လွတ်လပ်မှုနဲ့ လွတ်လပ်စွာ
စုဝေးခွင့်တွေဟာ အလွန်ပဲ စိုးရိမ်စရာဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

နိုင်ငံတကာ အသိုင်းအ၀န်းအနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ကြ ရန်လည်း ရော်ဘီ အလမ်ပေးက တောင်းဆိုလိုက်သည်။

ရန်ကုန်အခြေစိုက် စာနယ်ဇင်း သတင်းထောက်များကို ၎င်းတို့၏ အယ်ဒီတာများ၊ တာဝန်ခံများက ယခုဆန္ဒပြမှုနှင့် ပတ်သက်၍ တစုံတရာ ပြဿနာဖြစ်လာပါ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ဟု ပြောဆို ညွှန်ကြားထားကြောင်း အယ်ဒီတာတဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်တွင်းရှိ နိုင်ငံတကာ သတင်းဌာနများမှ AP, AFP, Reuters စသည့် သတင်းဌာနများကသာ ယခု ဆန္ဒပြပွဲ သတင်းကို ရယူခြင်းရှိပြီး ကျန်နိုင်ငံခြားသတင်းဌာနများကမူ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သတင်းယူရန် ရှောင်လွှဲနေကြသည်ဟုလည်း ရန်ကုန်က သတင်းထောက်တဦးက ပြောဆိုသည်။

No comments: