ရန်ကုန်ဘတ်စ်ကားခများ တရားဝင် တိုးမြှင့်
NEJ/ ၁၆ သြဂုတ် ၂၀၀၇
စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းများကို တိုးမြှင့်လိုက်ပြီးနောက် ရန်ကုန်မြို့တွင် ဘတ်စ်ကားခများကို တရားဝင်တိုးမြှင့် သတ်မှတ်လိုက်သည်။
(၅၆) ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တဦးက “မနေ့က လောင်စာဆီဈေးတွေတက်တော့ ကျနော်တို့လိုင်းက ကားအများစု မပြေးကြဘူုး။ နေ့လည်မှာ မထသက အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ ကျနော်တို့ကို လောင်စာဆီတက်တော့ ဈေးနှုန်းတိုးမြှင့် သတ်မှတ်ဖို့ ခွင့်ပြုပေးလိုက်တယ်" ဟု ပြောသည်။
ယခင်က ကျပ် (၄၀) ဖြင့်ပြေးဆွဲနေသော်လည်း ယခုအခါ မည်သည့်ကားမဆို ကားပေါ်တက်
သည်နှင့် ကျပ် (၁၀၀) ဖြစ်သွားပြီး ကျပ် (၈၀) ခရီးသည် ကျပ် (၂၀၀) ဖြစ်သွားသည်ဟု ၎င်းက ပြောသည်။
အလားတူ အခြားကားလိုင်းအသီးသီးကလည်း ခရီးအကွာအဝေးအလိုက် မူလ ကျပ် (၄၀-၆၀-၈၀) ခရီးများကို ယခု ကျပ် (၁၀၀-၁၅၀- ၂၀၀) စသဖြင့် တရားဝင်သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
ယခင်က ပုံသေဈေးနှုန်း ကျပ် (၂၀၀) ဖြင့် ပြေးဆွဲနေသည့် ရွှေဧည့်သည် မော်တော်ယာဉ်လိုင်း၊ ပါရမီ မော်တော်ယာဉ်လိုင်းများကမူ မည်သည့်နေရာစီးစီး ကျပ် (၃၀၀) သတ်မှတ်ထားသည့် စာတန်းများကို ကားရှေ့မှန်တွင်ကပ်ထားပြီး ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
အင်းစိန်၊ ဘို့ကုန်းမှ ဗိုလ်တထောင်မြို့နယ်သို့ လာရောက်လုပ်ကိုင်သည့် ပန်းရန်သမတဦးက လက်ရှိ ကားခဈေးနှုန်းသစ်အရ အသွားအပြန် စုစုပေါင်း ကျပ် (၆၀၀) ကုန်ကျသဖြင့် ၎င်း၏တနေ့ ၀င်ငွေ ကျပ် (၁,၀၀၀) မှ (၄၀၀) ကျပ်ခန့်သာ ကျန်သည့်အတွက် စားမလောက်ကြောင်း ပြောကြားသည်။
ဈေးများ၊ ရုံးလုပ်ငန်းများ၊ လမ်းဘေးတို့တွင်လည်း ကားခဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ၎င်းတို့၏၀င်ငွေကို သိသိသာသာ ထိခိုက်စေကြောင်း ပြောဆိုညည်းတွားနေကြသည်။ ။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းနဲ့ပုံကို http://www.khitpyaing.org/news/august_2007/16-8-07e.php ကနေ ယူတယ်။ )
No comments:
Post a Comment