Wednesday, August 29, 2007

strike diary ( irrawaddy aug 28 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၈၊ ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ်

ယနေ့နေ့လယ်ပိုင်းက
သံဃာတော်များ လမ်းလျှောက်ဆန္ဒပြသည်ဟု စစ်တွေမြို့ခံတဦးက ပြောသည်။
လမ်းလျှောက်ဆန္ဒပြရာ၌ သံဃာတော် အပါး ၂၀၀ ကျော်ပါဝင်ပြီး နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆန္ဒပြခဲ့ကြပြီး ငြိမ်းချမ်းစွာအဆုံးသတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လှည်းတန်းဈေးရှေ့-ရန်ကုန်
နေ့လယ် တနာရီခန့်တွင် ဆန္ဒပြသမား ၂၀ ခန့် လှည်းတန်းဈေးရှေ့မှစ၍ ချီတက်ဆန္ဒပြကြသည်ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ တဦးက ပြောသည်။
ဆန္ဒပြသမားများသည် လှည်းတန်းလမ်းဆုံအရောက်တွင် အင်းစိန်လမ်းမကြီးဘက်သို့ ဆက်လက်ချီတက်ကြရာ အသင့် စောင့်နေသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွဲဖမ်းဆီးသော်ကြောင့် ဆန္ဒပြသမား ၈ ဦးအဖမ်းခံရသည် ဟုလည်း ၎င်းပြောသည်။

၎င်းဆန္ဒပြပွဲတွင် မစုစုနွေးလည်းပါဝင်ပြီး ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက်ဖမ်းဆီးနေစဉ် ပြည်တွင်း သတင်းထောက်တဦး၏အကူအညီကြောင့် အဖမ်းမခံရပုံကို မစုစုနွေးကိုယ်တိုင် ဧရာဝတီကိုရှင်းပြသည်။

အဖမ်းခံသူရများတွင် အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် လှိုင်သာယာမှ ကိုကျော်စိုးဝင်းနှင့် ကိုသန့်ဇင်ဦး
ဒေါပုံမှ ကိုဘိုဘိုဝင်းလှိုင်နှင့် အင်းစိန်မှ ကိုအေးနိုင်တို့ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

“လှည်းတန်းကားဂိတ်အလွန်မှာ ဆန္ဒပြသူတွေတရားဟောတယ်။ ကြံ့ဖွံ့က ဒိုင်နာကားတွေနဲ့ ၀ိုင်းထားတယ်။ ပြီးတော့ ကားပေါ်ကို ခြေနှစ်ဘက်၊ လက်နှစ်ဘက်ကနေကိုင်ပြီးတော့ ကားယားကြီး ဆွဲတင်သွားတယ်။ ကားပေါ်မှာ ဆောင့်ကန် တယ်၊ ထိုးတယ်။” ဟု မျက်မြင်သက်တဦးက ပြောသည်။

၎င်းအဖြစ်အပျက်ကို ၀ိုင်းကြည့်နေသည့်ပြည်သူလူထု ရာနှင့်ချီရှိပြီး ဆန္ဒပြချိန် ၁၅ မိနစ်ခန့်ရှိသည်ဟုလည်း စုံစမ်းသိရှိ ရသည်။

လှည်းတန်း ဇေယျာသီရိလမ်းထိပ်-ရန်ကုန်
ပထမအသုတ်ဆန္ဒပြသမားများအားဖမ်းဆီးသွားအပြီး နာရီဝက်ခန့်အကြာတွင် ၎င်းနေရာ၌ပင် လူငယ်နှစ်ဦးက ဖမ်းဆီး သွားသူများကိုပြန်လွှတ်ပေးရန်နှင့် ၎င်းတို့ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်ကြောင်းကို ကြွေးကြော်သည်။

“နှစ်ယောက်လုံးကို ကားပေါ်ဖမ်းတင်သွားတယ်။ ဒိုင်နာကားဘေးကတာလပတ်အပြာကိုဖြုတ်ချလိုက်ပြီးတော့ ၀ိုင်းထိုးတယ်” ဟု လှည်းတန်းမှ မျက်မြင်သက်သေက ပြောသည်။

ရေနံချောင်း-မကွေးတိုင်း
နံနက် ၉ နာရီမှ ၁၁ နာရီအထိ အန်အယ်လ်ဒီပါတီဝင် ၂၀ ခန့်က ၄ ၊ ၅ ယောက် တတွဲတွဲလျက် ၀ါးတရိုက်ခန့်စီခွာ၍ လမ်းလျှောက်ဆန္ဒပြကြကြောင်း သိရသည်။
ဥပုသ်နေ့ဖြစ်သောကြောင့် ဆန္ဒပြသမားများသည် စာသင်သားများရှိရာ ဘုန်းကြီးကျောင်း ၃ ကျောင်းသို့ လမ်းလျှေက်ခြင်း ဖြစ်သည်ဟု ရေနံချောင်းမြို့မှ မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါ်ခင်စောဌေးက ဧရာဝတီကို ပြောသည်။

“ကိုယ်နေတဲ့ရပ်ရွာမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ရမယ်။ ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်နိုင်ရမယ်။ လုံခြုံမှုမရှိတဲ့ လွတ်လပ်မှုဆိုတာ အလကားပဲ” ဟု ဒေါ်ခင်စောဌေးကပြောသည်။

အရပ်ဝတ်ရဲများနှင့် အာဏာပိုင်တို့က ငွေပေးပြီးငှားရမ်းထားသည့် စွမ်းအားရှင်တို့က ဆန္ဒပြသမားများနောက်သို့ ထက်ကြပ်မကွာ လိုက်လံကြည့်ရှုနေသော်လည်း ဟန့်တားနှောင့်ယှက်မှုမရှိကြောင်းလည်း သိရသည်။

ယခုလ ၂၃၊ ၂၄၊ ၂၅ နှင့် ၂၆ ရက်နေ့များကလည်း ရေနံချောင်းတွင် လမ်းလျှောက်ဆန္ဒပြပွဲများကို အန်အယ်လ်ဒီ
ပါတီဝင်များက ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


No comments: