Saturday, August 25, 2007

strike diary by irrawaddy.org/bur ( aug 25 )

(ရေနံချောင်း မကွေးတိုင်း။ မိုးကုတ်-မန္တလေးတိုင်း။ သိမ်ကြီးဈေး-ရန်ကုန်မြို့ အခြေအနေတွေဗျာ)

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၅၊ ၂၀၀၇

ရေနံချောင်း-မကွေးတိုင်း
ကြံ့ဖွံ့၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လမ်းလျှောက်ဆန္ဒပြမည့်လမ်းကို တားဆီးပိတ်ဆို့ထားသည်ဟု မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးက ဧရာဝတီကို ပြောသည်။


“ပိတ်ထားတဲ့နေရာကို အန်တီကထွက်ပြီး မယက ဥက္ကဌကို တွေ့ပြီး ကျမတို့ကိုဖိအားမပေးနဲ့၊ ဖိအားပေးရင် ကျမတို့ရဲ့ကလေးတွေကို တားမထားဘူး၊ ကျမကိုယ်တိုင်ရှေ့ကထွက်မှာလို့ပြောလိုက်တယ်။ အန်တီတို့ကတော့ တိုက်ပွဲဝင်ဖို့အသင့်ပဲ” ဟု ဒေါ်ခင်စောဌေးက ပြောသည်။

အာဏာပိုင်တို့ တပ်ပြန်ဆုတ်သွားသော်လည်း မိုးရွာလာသောကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းပြီး မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည်ဟုလည်း ဒေါ်ခင်စောဌေးက ပြောသည်။


မိုးကုတ်-မန္တလေးတိုင်း (နောက်ဆက်တွဲသတင်း)
လူ၃၀ ခန့်ဖြင့်စတင်သည့် လမ်းလျှောက်ဆန္ဒပြပွဲကို မြို့ခံလူထုများ လာရောက်ပူးပေါင်းရာ လူဦးရေ ၁၅၀ ကျော်သွားသည်ဟု မိုးကုတ်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးကော်မတီဝင် ကိုမင်းသူက ဧရာဝတီကို ပြောသည်။

“လမ်းလျှောက်နေရင်းနဲ့ လောင်စာဆီဈေးကျဆင်းရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်လို့ အော်တယ်” ဟု ကိုမင်းသူက ပြောသည်။

ဆန္ဒပြသမားများသည် နေ့လယ် ၁၁ နာရီခွဲခန့်မှ ၁ နာရီအထိ မိုးကုတ်မြို့တပတ် လမ်းလျှောက်ကြပြီး စွမ်းအင် ၀န်ကြီးဌာနသို့လိပ်မူထားသည့်စာတစောင်ကို မြို့လယ်ရှိဓာတ်ဆီဆိုင်တွင် မြို့နယ် မယက ဥက္ကဌထံ ပေးခဲ့ကြောင်း သိရသည်။

၎င်းစာတွင် လောင်စာဆီဈေးနှုန်းများ တိုးမြှင့်သတ်မှတ်သည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် မူလဈေးနှုန်းအတိုင်း ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုထားသည်။

၎င်းဆန္ဒပြပွဲကို ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် အာဏာပိုင်တို့က နှောင့်ယှက်ခြင်းတစုံတရာမရှိကြောင်းလည်း ကိုမင်းသူက ပြောသည်။

သိမ်ကြီးဈေး-ရန်ကုန်မြို့
နေ့လယ်တနာရီ၌ သိမ်ကြီးဈေးရှေ့တွင် ကိုထင်ကျော်၊ ကိုဇော်ညွန့်၊ ကိုကံ၊ ဦးဟန်တီတို့ ၄ ဦး ဆန္ဒပြကြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ ဆန္ဒပြလျှင်ပြချင်း ၎င်းတို့ ၄ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်ဟုလည်း မျက်မြင်သက်သေက ပြောသည်။

ကိုထင်ကျော်သည် လောင်စာဆီဈေးနှင့် မော်တော်ကားခများကို လျှော့ချပေးရန်အတွက် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ရန် ပထမဆုံးစည်းရုံးလှုံ့ဆော်သူလည်းဖြစ်ပြီး စစ်အစိုးရက ၎င်းအား ကျပ်ငွေငါးသိန်း ဆုငွေထုတ်ထားသည်။

မိုးကုတ်-မန္တလေးတိုင်း
နေ့လယ် ၁၁ နာရီခွဲခန့်တွင် အန်အယ်လ်ဒီ လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင် ၃၀ ခန့် လမ်းလျှောက်ဆန္ဒပြသည်ဟု မိုးကုတ်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးလှဦးက ဧရာဝတီကို ပြောသည်။ အာဏာပိုင်တို့၏ တားဆီးနှောင့်ယှက်မှု တစုံတရာမရှိသေးကြောင်းလည်း သိရသည်။


(ဘလော့ဂါမှတ်ချက် - http://www.irrawaddy.org/bur ကနေ ယူတယ်။)

No comments: