Friday, August 31, 2007

more radio listeners in sittwe

စစ်တွေမှာ ရေဒီယို နားထောင်တာ ခေတ်စားနေ
ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
သြဂုတ်လ ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ပြုလုပ်ပြီးနောက် ပြန်လည် ငြိမ်သက်သည့် အခြေအနေတွင် ရှိနေသော်လည်း နိုင်ငံရေး အာရုံစိုက်မှု များပြားလာကာ ရေဒီယို နားထောင်မှု သိသာစွာ တိုးပွားလာသည်ဟု ဒေသခံများက ပြောသည်။

“ပြည်သူ အများစုက ရေဒီယိုကိုပဲ အားရုံစိုက်ပြီး နားထောင်နေကြတယ်။ ဘယ်မြို့မှာတော့ ဘာဖြစ်တယ်။ ပြည်သူ့အင်အား ဘယ်လောက် အားကောင်းလာတယ် ဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့် နေကြတယ်လေ။ ဆိုတော့ ပြည်သူတွေ အနေနဲ့ အချိန်တချိန်မှာ ဆန္ဒပြဖို့အတွက် တာဆူနေကြတဲ့ သဘောမျိုးရှိတယ်” ဟု စစ်တွေ မြို့ခံတဦးက ပြောသည်။

စစ်တွေ ဆန္ဒပြမှုများတွင် စစ်အစိုးရ၏ လက်ကိုင်တုတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် စွမ်းအားရှင်များသည်လည်း အာဏာပိုင်များ၏ တာဝန်ပေးမှုကို ဝတ်ကျေတန်းကျေသာ လုပ်ကြောင်း စစ်တွေ ကြံ့ဖွံ့ အသင်းဝင် တဦးက ပြောသည်။

“ရခိုင်ပြည်မှာက အကုန်လုံး ဒုက္ခ ရောက်နေကြတာ။ ဘယ်သူမှ အဆင်ပြေတယ် ဆိုတာ မရှိဘူး” ဟု သူက ပြောသည်။

ယခုလ ၂၈ ရက်နေ့ ဆန္ဒပြပွဲတွင် ရဲစခန်းမှ ရဲဝန်ထမ်းများကပင် လက်ခုတ်တီးပြီး အားပေးခဲ့ကြောင်း မျက်မြင်တဦး ဖြစ်သူ ဦးမျိုးခိုင်က ပြောသည်။

အခြားတဘက်တွင်လည်း အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ဆန္ဒပြပွဲများမှ မြို့လူထုကို အာရုံလွှဲရေးအတွက် ဘာသာရေး အဓိကရုဏ်းများ ဖန်တီးပစ်ရန် ကြိုးစားနေသည်ဟု ထင်မြင် ယူဆနေသူများ ရှိသည်။

“မနေ့က ညနေဘက်မှာ ကျနော်တို့က ကမ်းနားလမ်းက လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း နာဇီရွာဈေးမှာ ကုလားတွေက ဘုန်းကြီးတပါးကို ဝိုင်းရိုက်လိုက်လို့ ခေါင်းတွေ ကွဲသွားတယ် ဆိုပြီးတော့ လူတချို့က လာပြောတယ်။ အဲဒီလို အချိန်မျိုးမှာသာ အဟုတ်ထင်ပြီး ကုလားကို ပြန်ရိုက်ပစ်လိုက်ရင် ဘာသာရေး အဓိကရုဏ်း စပြီပေါ့။ ဒါပေမဲ့ ကျနော်တို့က ခံရပေါင်းများတော့ နားလည်နေပြီ” ဟု ကိုသိန်းကျော်အောင်က မဇ္ဈိမကို ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.mizzimaburmese.com/sittwe_radio.php ကနေ ယူတယ်။)

No comments: