Tuesday, August 28, 2007

strike of su su nway & friends in rgn

မစုစုနွေးပါဝင်သည့် ဆန္ဒပြပွဲ လှည်းတန်း၌ဖြစ်ပွား

NEJ / ၂၈ သြဂုတ် ၂၀၀၇

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း၌ လောင်စာဆီဈေးနှုန်း လျော့ချပေးရေး ဆန္ဒပြပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး လူ (၈) ဦးခန့်ဖမ်းဆီးခံရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယနေ့ မွန်းလွဲပိုင်း (၁) နာရီ (၁၅) မိနစ်ခန့်၌ ဆန္ဒပြသူ (၂၀) ကျော်ခန့်က လှည်းတန်ဈေးရှေ့မှ စတင်လမ်းလျှောက်ဆန္ဒပြကြခြင်းဖြစ်ပြီး အင်းစိန်လမ်းမကြီးပေါ်ရှိ လှည်းတန်းမှတ်တိုင်အရောက်တွင် မစုစုနွေးနှင့်အဖွဲ့ ရောက်ရှိလာကာ ဆန္ဒပြသူ အင်အား (၅၀) ခန့် ဖြစ်သွားသည်ဟု သိရသည်။

ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များအား တင်ဆောင်ထားသည့် ဒိုင်နာကား (၃) စီးရောက်လာပြီး ဆန္ဒပြ သူများကို အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခဲ့သောကြောင့် မစုစုနွေးသည် မူးမေ့လဲကျသွားသည်ဟု ဆန္ဒပြ ပွဲတွင် ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်လာသည့် အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

၎င်းက “ကျနော်တို့လည်း အတင်းရုန်းကန်၊ နာရီတွေဘာတွေကျွတ်ထွက်ပေါ့။ ပိုက်ဆံတွေလည်း အိတ်ထဲကနေ အကုန်ထွက်ကျ၊ ပုဆိုးတွေဘာတွေကျွတ်ပေါ့၊ အဲ့လို ကျနော်တို့ အတင်းရုန်းပြီးတော့ ထွက်ပြေးလာတာ။ အဲဒီအချိန်မှာ မစုစုနွေးက လဲကျသွားတယ်၊ ကျနော်နဲ့က တပြိုင်တည်းဖြစ် နေတာ၊ မစုစုနွေးကို သူတို့ ၀င်ဆွဲတာပေါ့” ဟု ပြောသည်။

ဆန္ဒပြပွဲကို ကြည့်ရှုအားပေးသူ မျက်မြင်တဦးက “ဆန္ဒပြတဲ့လူတွေက တယောက်နဲ့တယောက် လက်ချိတ်ထားတယ်ခင်ဗျ။ အကြမ်းမဖက်ပါနဲ့လို့အော်တယ်။ ပြည်သူလူထုက လက်ခုပ်တီး အားပေးကြတယ်။ လှည်းတန်းလမ်းဆုံ ကုန်တိုက်အောက်မှာ စစ်သား (၃) ယောက်က လက်ခုပ် တီးပြီးတော့ လက်မထောင်ပြတာကို တွေ့ရတယ်ဗျ၊ အလွန်ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ကျနော်တို့ ပြည်သူတွေရော၊ စစ်သားတွေရော ခံစားနေရတယ်ဆိုတာ မျက်ဝါးထင်ထင်တွေ့လိုက်ရတာပဲ” ဟု ပြောသည်။

ဆန္ဒပြသူများအနက် ရဲသိန်းနိုင်၊ စောဝေမိုး၊ ကိုမြလှိုင်၊ ကျော်စိုးဝင်း၊ သန်းဝင်းတို့အပါအ၀င် အနည်းဆုံး (၈) ယောက်ဖမ်းခံရကြောင်း၊ ကျန်းမာရေးမကောင်းသည့် မစုစုနွေးကိုမူ ဘားလမ်း ပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးမြင့်သိန်းက ပြောသည်။

အလားတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၌လည်း သံဃာတော် အပါး (၂၀၀) ခန့်က လောင်စာဆီ ဈေးနှုန်းကျဆင်းရေး မြိုတွင်းလှည့်လည်ဆန္ဒပြကြသည်ဟု စစ်တွေမြို့ခံတဦးက ပြောသည်။ ။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/28-8-07f.php ကနေ ယူတယ်။)


No comments: