Monday, August 27, 2007

new protest ( nej )

ပဲခူးမြို့၌ အန်အယ်လ်ဒီအမတ်တဦး ခေါင်းဆောင်၍ စီတန်းလှည့်လည်ဆန္ဒပြ
NEJ ပီတာအောင် / ၂၇ သြဂုတ် ၂၀၀၇

ယနေ့နံနက်က ပဲခူးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရွှေ ဦးဆောင်သည့် အင်အား (၃၀) ကျော်က လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် မြို့တွင်း စီတန်းလှည့်လည်ဆန္ဒပြကြသည်ဟု ပဲခူးမြို့ခံများက ပြောသည်။

ဆန္ဒပြသူများသည် ယနေ့နံနက် (၉) နာရီခန့်၌ ပဲခူးမြို့၊ ဈေးကြီးပိုင်း လမ်း (၂၀) မှ စတင်၍
လောင်စာဆီဈေးနှုန်းချပေးရေး၊ ကုန်ဈေးနှုန်းချပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်ကြောင်း လမ်းတလျှောက်ရှိလူထုကို ဟောပြောရင်း စီတန်းလှည့်လည်ကြသည
်ဟု ပဲခူးမြို့ခံလူငယ်တဦးက ပြောသည်။

၎င်းက “သနပ်ပင်လမ်းအတိုင်း (၂) ယောက်တတွဲ စီတန်းပြီးတော့ လမ်းလျှောက်လာကြတယ်။ လူတွေက ပထမတော့ အံ့သြတဲ့မျက်လုံးနဲ့ကြည့်ကြတယ်၊ ဘာလုပ်တာလဲပေါ့။ နောက်ကြတော့မှ ဆန္ဒပြတယ်ဆိုတာသိလာတယ်။ လူတွေကလည်း ကြောက်ကြောက်နဲ့ထွက်ကြည့်တယ်။ နောက် မကြောက်တော့ဘဲ စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ အုံကျင်းပြီး လိုက်ကြည့်တာ ရွှေမော်ဓောဘုရား တောင်ဘက်မုခ်က လမ်းမှာ ယာဉ်တွေလူတွေ ပိတ်ကျပ်သွားတယ်” ဟု ပြောသည်။

ဆန္ဒပြသူများသည် ရွှေမော်ဓောဘုရားအနီးရှိ ဘုရားကြီးဈေးမှ သနပ်ပင်လမ်းအတိုင်း ပြန်လျှောက် လာစဉ် မယကရုံးရှေ့အရောက် နောက်မှလိုက်ပါလာသည့် အာဏာပိုင်များက ဆန္ဒပြသူ (၃၁) ယောက်ကို ရုံးအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး (၂) နာရီခန့် စစ်ဆေးမေးမြန်းကာ ပြန်လွှတ် ပေးလိုက်ကြောင်းသိရသည်။

အခြားမြို့ခံတဦးက “စိတ်ထဲမှာ မမြင်ရတာကြာပြီဖြစ်တဲ့မြင်ကွင်းကို မြင်ရတော့ စိတ်ဓာတ် တက်ကြွ သွားတာပေါ့။ လူတွေ အင်အားရှိသေးတယ်ဆိုတဲ့သဘောကိုပြတာပေါ့။ မယက ရုံးရှေ့ထိ ကျမတို့ လိုက်ကြည့်တာ၊ အဲဒီမှာလိုက်ကြည့်တဲ့လူက အရမ်းများတယ်။ ထောင်နဲ့ချီပြီးရှိတယ်။ လမ်းက သွားလို့လာလို့မရလောက်အောင်ဖြစ်တော့ မော်တော်ပီကယ်တွေက စက်ဘီးသမားတွေ ဆိုင်ကယ် သမားတွေကို အတင်းမောင်းမောင်းထုတ်တယ်။ လူအုပ်ကြီးက အတင်းမောင်းလို့သာ ပြန်ကြတယ်” ဟု ပြောသည်။

ယခုဆန္ဒပြပွဲကို ပဲခူး၊ သနပ်ပင်၊ ဝေါနှင့် က၀ (၄) မြို့နယ်မှ အန်အယ်လ်ဒီပါတီဝင်များ ပူးပေါင်းစီ စဉ်ခြင်းဖြစ်ကြောင်း၊ ၈၈ အရေးအခင်းနောက်ပိုင်းတွင် လူထုထောက်ခံမှုရသည့် အကြီးမားဆုံး ဆန္ဒပြမှုဖြစ်ကြောင်း အန်အယ်လ်ဒီ ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။

၎င်းက “ ဒီပွဲဟာ ကျနော့်အမြင်ကတော့ လူထုထောက်ခံမှု၊ လူထုရဲ့ စာနာမှုအပြည့်အ၀ရရှိလိုက် တယ်လို့ ယုံကြည်တယ်။ ဒီအချိန်အခါမှာမှ မလှုပ်လို့ရှိရင် ဘယ်တော့လှုပ်ရမလဲ။ ဒို့ဆရာကြီးတွေလို ထိုင်ပြီးတော့ စာထုတ်နေလို့ပြီးမလား။ တို့ဘက်က ပြည်သူဘက်က ဘယ်လောက်မကျေနပ်ဘူး ဆိုတာပြရမယ့်အခြေအနေရောက်နေပြီ၊ ဒီအချိန်မှာမထွက်ရင် ဘယ်တော့ထွက်မလဲ” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းဆန္ဒပြမှုများအတွင်း ကြံ့ဖွံ့နှင့် အာဏာပိုင်များက အမျိုးသမီးများအား ဆွဲလွဲ
ရမ်းကား ဖမ်းဆီးရိုက်နှက်၊ ဆဲရေးတိုင်းထွာပြီး ရိုင်းစိုင်းစွာ အနိုင်အထက်ပြုမှုများ ကျူးလွန်ခဲ့
ကြောင်း ထိုလုပ်ရပ်များသည် ဥပဒေမဲ့လုပ်ရပ်များဖြစ်ပြီး လူ့အခွင့်အရေးကို ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေ ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အန်အယ်လ်ဒီက ယနေ့ထုတ်ပြန် ကြေညာသည်။ ။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/27-8-07b.php ကနေ ယူတယ်။)


No comments: