Thursday, August 30, 2007

let's drive the evil spirits away


သံပုံးတီး တောထုတ်ရန် နှိုးဆော်စာ ပျံ့နှံ့ နေ
irrawaddy အေးလဲ့ သြဂုတ် ၃၀၊ ၂၀၀၇

မြန်မာနိုင်ငံအတွင်း လမ်းလျှောက်ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လူထုလူတန်းစား အလွှာစုံကို ကိုယ်စားပြု ထားသည့် ဆန္ဒပြပွဲထောက်ခံသည့်စာများ အသီးသီးပျံ့နှံ့ခဲ့သည်။ ၎င်းစာများအနက် ယခုနောက်ဆုံး ထွက်ရှိလာသည့် လူအများ စိတ်အ၀င်စားဆုံးစာမှာ မြန်မာနိုင်ငံတွင် ဆိုက်ရောက်နေသည့် ဘေးအန္တရာယ်များမှ လွတ်ကင်းရန် မကောင်းဆိုးဝါးများအား သံပုံးတီး တောထုတ်ကြရန် နှိုးဆော်ထားသည့်စာ ဖြစ်သည်။

အဆိုပါစာကို ပြည်တွင်းပြည်ပမှ လက်ခံရရှိသူတိုင်းက အီးမေးလ်ဖြင့်သော် လည်းကောင်း၊ ကိုယ်ပိုင်ဘလော့တွင် တင်ထားခြင်းဖြင့်သော် လည်းကောင်း၊ မိတ္တူကူး၍သော် လည်းကောင်း လက်ဆင့်ကမ်း ဖြန့်ဝေနေကြောင်း သိရသည်။

ယင်းစာတွင် စက်တင်ဘာလ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ညပိုင်းသံပုံးတီးရန် အချိန် အတိအကျကိုလည်း ဖော်ပြထားသည်။

“အထူးပန်ကြားလွှာ” ဟု အခေါင်းစဉ်တပ်ထားသည့် အဆိုပါစာကို “မြန်မာနိုင်ငံ စောင့်ရှောက်ရေးအဖွဲ့” က ဖြန့်ဝေခြင်းဖြစ်၍ စာတွင် “မြန်မာပြည်အတွင်း ကြီးမားသောဘေးဒုက္ခများ ကျရောက်ပြီး လူအများသေကြေ ပျက်ဆီးခြင်း၊ စီးပွားပျက်ခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခံရခြင်း၊ သဘာဝဘေးဒါဏ် အပြင်း အထန်ခံရခြင်း၊ အစိုးရမင်းများ လိုဘ ကြီးမှုကြောင့် ပြည်သူလူထုအပေါ် ပိုမိုဖိနှိပ်လာခြင်း၊ ပြည်သူအများအားကိုးရာမဲ့ ခြင်း၊ မကောင်းဆိုးဝါးများ ပူးကပ်မှု များကြောင့် စိတ်ဝမ်းကွဲ ခြင်း၊ လူမိုက်လူရမ်းကားများက သူတော်ကောင်းတို့ ကို နှိပ်စက်ခြင်း၊ ရဟန်း သံဃာများ ပစ္စည်းလေးပါးရှားပါးခြင်း၊ ဘာသာခြားများကို အထူးနှိပ်စက်ခြင်းနှင့် ကြပ်ကုန်း တွင် မင်းနေပြည်တော် တည်၍ တိုင်းပြည် အတွင်း မကောင်းဆိုးဝါးများပူးကပ်လျက်ရှိသည် ”ဟူသော အချက်များ ပါရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု ကာလအတွင်း ဗိုလ်ချုပ်စိန်လွင် သမ္မတရာထူးမှ နုတ်ထွက်စဉ်ကလည်း သံပုံးတီး တောထုတ်သည့် လှုပ်ရှားမှုကို တကြိမ်ပြုလုပ်ခဲ့ဖူးသည်။

သံပုံးတီး တောထုတ်သည့်အယူကို မြန်မာနိုင်ငံ၌ နှစ်သစ်ကူးအချိန်အခါ၊ နှစ်ဆန်းတရက်နေ့၌ မကောင်းဆိုးဝါးများ မိမိတို့နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တို့မှ ထွက်သွားစေရန် အယူအဆဖြင့် ပြုလုပ်လေ့ရှိသည်။

No comments: