Wednesday, August 29, 2007

death body of knu leader appears

ပျောက်ဆုံးနေသော ကေအန်ယူ တပ်မှူး ရုပ်အလောင်းပြန်တွေ့
ကိုစိုး | သြဂုတ် ၂၈၊ ၂၀၀၇

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ မှ ဒု ဗိုလ်မှူးကြီးကြည်လင်း၏ သေဆုံးနေသော ရုပ်အလောင်းကို သေနတ် ဒဏ်ရာများနှင့် အတူတွေ့ရှိရကြောင်း သိရသည်။


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ်ထဲမှ ငါးဖမ်းပိုက်အတွင်းတွင် ဒု ဗိုလ်မှူးကြီးကြည်လင်း၏ ရုပ်အလောင်းကို သြဂုတ်လ ၂၀ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) က အမည်မဖော်လိုသော ဒု ဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်သော တပ်မဟာ ၆ ၏ အစီရင်ခံစာ၌ ဒု ဗိုလ်မှူးကြီး ကြည်လင်းသည် မတော်တဆ လှေမှောက် ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။

ဒု ဗိုလ်မှူးကြီးကြည်လင်းသည် ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း ၁၈ တပ်ရင်းမှူး ဖြစ်သည်။

ဒု ဗိုလ်မှူးကြီးကြည်လင်းကို သူ၏တပ်ဖွဲ့ဝင်များက ပြန်၍လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိကြောင်း၊ သို့သော် သတင်းအတိအကျ မရရှိသောကြောင့် မည်သူသတ်သည်ကို မပြောနိုင်ကြောင်း အထက်ပါ ဒီကေဘီအေ ဒု ဗိုလ်မှူးကြီးက ပြောဆိုသည်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာကလည်း ဒု ဗိုလ်မှူးကြီး ကြည်လင်းကို မည်သူသတ်သည်ဟု ယခုအချိန် အထိ အတည်မပြုနိုင်ကြောင်း ပြောကြားလိုက်ပြီး ဒု ဗိုလ်မှူးကြီးကြည်လင်း သွားရောက်တွေ့ဆုံခဲ့သည့် မြန်မာစစ်တပ် ဘက်က သော်လည်းကောင်း၊ သူနှင့် စီးပွားရေး လုပ်ကိုင်နေသူများကသော်လည်းကောင်း၊ သူ၏ တပ်ဖွဲ့ဝင်များက သော်လည်းကောင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆက်လက်ပြောကြားသည်။

ဒု ဗိုလ်မှူးကြီးကြည်လင်းသည် သစ်မှောင်ခိုစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ နအဖစစ်အစိုးရ တာဝန်ရှိသူများ အပါအ၀င် ဒီကေဘီအေ တပ်ဖွဲ့နှင့် ယခင် ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ တပ်ရင်းမှူးဟောင်း ဖြစ်သော ဟောင်သရော အထူးဒေသအဖွဲ့မှ စောသမူဟဲတို့နှင့် အဆက်အသွယ်ရှိသူ ဖြစ်ကြောင်း ကော့ကရိတ်အနီးရှိ ရွာသားများကို ကိုးကား၍ ကေအန်ယူ၏ ပြောကြားချက်အရ သိရသည်။

ကော့ကရိတ်အနီးရှိရွာတွင် ဒု ဗိုလ်မှူးကြီးကြည်လင်း ပိုင်ဆိုင်သည့် အိမ် ၂ လုံးရှိပြီး သုံးဆယ်သုံးဆုရွာရှိ အိမ်တွင် အနေများသည်ဟု ဆိုသည်။ ထိုဝန်းကျင်ရှိရွာသားများက ယခုအချိန်တွင် ဒု ဗိုလ်မှူးကြီးကြည်လင်း၏ သတင်းကို ပြောဆိုရန် ကြောက်ရွံ့နေကြကြောင်းလည်း သိရသည်။

ဒု ဗိုလ်မှူးကြီးကြည်လင်း သေဆုံးရပုံနှင့် ပတ်သက်ပြီး မြန်မာစစ်သားများက နေ့စဉ်လိုပင် လာရောက်မေးမြန်းကြောင်း ကော့ကရိတ်တွင် လက်ရှိနေထိုင်သူ ကေအန်ယူ တပ်သားဟောင်း တဦးက ပြောသည်။

မြန်မာစစ်အစိုးရ အရှေ့တောင်တိုင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ ဒု ဗိုလ်မှူးကြီး မင်းချစ်ဦးနှင့် သြဂုတ် ၁၁ ရက်က တွေ့ဆုံမှုသည် ၂ ဘက် ယုံကြည်မှုတည်ဆောက်ခြင်းသာ ဖြစ်ပြီး စစ်အစိုးရထံသို့ လက်နက်ချရန် သူ့အနေနှင့် အစီအစဉ် မရှိကြောင်း မသေဆုံးမီ သြဂုတ် ၁၅ ရက်တွင် ဒု ဗိုလ်မှူးကြီး ကြည်လင်းက ဧရာဝတီသို့ ပြောကြားခဲ့ဖူးသည်။



( မှတ်ချက် - http://www.irrawaddy.org/bur/news2007/August/aug_28_07.html ကနေ ယူတယ်။)

No comments: