Wednesday, August 15, 2007

no rice to southern shan

ရှမ်းပြည်တောင်ပိုင်းသို့ ဆန်တင်ပို့ခွင့် ပိတ်ပင်
NEJ / ၁၅ သြဂုတ် ၂၀၀၇

ရန်ကုန်-မန္တလေးမှ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးဘက်သို့ ဆန်တင်ပို့နေမှုများအား သြဂုတ်
(၁၃) ရက်မှစ၍ ပိတ်ပင်လိုက်ကြောင်း


မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းမှ အမှုဆောင် တဦးက ပြောသည်။

၎င်းက “မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းက ဆန်တင်ပို့ခွင့် ပါမစ်လည်း ယူသွား
တယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆန်သယ်ယူပို့ဆောင်ခွင့် လက်မှတ်လည်း ယူသွားတယ်။ အဲဒါကို ပျော်ဘွယ်အထက် ဘုရားငါးဆူဂိတ်မှာ တိုင်းမှူးအမိန့်နဲ့ ဘယ်ဆန်ကားကိုမှ
ဝင်ခွင့်မပြုဘူးဆိုလို့ ကားတွေ အကုန်လုံး လှည့်ပြန်လာခဲ့ရတယ်” ဟု ပြောသည်။

တားဆီးခံရသည့်ကားများမှာ ရန်ကုန်နှင့် မန္တလေးတို့မှလာသည့် ကားအစီး (၅၀) ကျော်ခန့်ဖြစ်ပြီး ဆန်အိတ် (၁၅,၀၀၀) ကျော် ပါရှိကြောင်း၊ အချို့ကားများသည် သာစည်၊ မိတ္တီလာမြို့တို့တွင် ဆန်များချပြီး ကုန်သယ်ရန် တောင်ကြီးသို့ ကားအလွတ်အတိုင်း ဆက်တက်သွားကြကြောင်း
၎င်းက ပြောသည်။

ယခုကဲ့သို့ ဆန်ကားများကို တားဆီးလိုက်သဖြင့် ဧရာဝတီတိုင်းမှ ရန်ကုန်၊ ရန်ကုန်မှ အခြား ဆန် လိုအပ်သောမြို့များသို့ ကုန်စည်စီးဆင်းမှုကို ရပ်တန့်လိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်နဲ့ မော်တင်ကုန်စည်ဒိုင်တို့တွင် ဆန်များ စုပုံလာကာ ဆန်ဈေး အနည်းငယ် ကျဆင်းသွားနိုင်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းက အကြောင်းတစုံတရာ မသိရသောကြောင့် မှတ်ချက်မပေးနိုင်ကြောင်းပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များကမူ နအဖစစ်အစိုးရနှင့် နီးစပ်ပြီး နိုင်ငံခြားသို့ ဆန် တင်ပို့ခွင့်ရထားသူများသည် မကြာမီ ဆန်ဝယ်တော့မည့်အတွက် ရန်ကုန်တွင် ဆန်ဈေးကျစေရန် အာဏာပိုင်များက ဖန်တီးခြင်းဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုနေသည်။

နအဖစစ်အစိုးရသည် ဆန်စပါးကို လွတ်လပ်စွာ စိုက်ပျိုး၊ ကြိတ်ခွဲ၊ သိုလှောင်၊ သယ်ဆောင်၊ ရောင်းချခွင့်ပြုနေကြောင်း ကြေညာထားသော်လည်း ယခုကဲ့သို့ အတားအဆီးသတင်းများ
မကြာခဏ ထွက်ပေါ်လေ့ရှိသည်။


မော်လမြိုင်-ဘားအံမှတဆင့် မြ၀တီနယ်စပ်မှ ထိုင်းနိုင်ငံသို့ ဆန်တင်ပို့နိုင်သည်ဟု အကြောင်း
ပြကာ ဆန်တင်ပို့ခွင့် ပိတ်ပင်ထားသည်။

အလားတူ တရုတ်နယ်စပ်ဘက်သို့ ဆန်တရားမ၀င် တင်ပို့နိုင်သည်ဟုဆိုကာ ရှမ်းပြည်မြောက်ပိုင်း
သို့ ဆန်တင်ပို့ခွင့်များကို မေမြို့ (၂၁) မိုင် စစ်ဆေးရေးဂိတ်မှစ၍ ပိတ်ပင်ထားသဖြင့် အဆိုပါ ဒေသများ၌ ဆန်သယ်ယူပို့ဆောင်ရေးမှာ မှောင်ခိုသဖွယ် ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။

ရန်ကုန်မှဆန်ကို အဓိကထား စားသုံးနေရသည့် ကော့သောင်းနယ်စပ်အတွက် ဆန်တင်ပို့ခွင့် ပါမစ်များကိုမူ စစ်အစိုးရအာဏာပိုင်များနှင့် နီးစပ်သူများကသာ ရရှိကြကြောင်း ဆန်ကုန်သည်
များက ပြောသည်။ ။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/15-8-07b.php ကနေ ယူတယ်။)


No comments: