ပြင်ဆင်ရန် နအဖညီလာခံတွင်ဆွေးနွေး
ကျော်ထင်(ထိုင်း) / ၁၆ သြဂုတ် ၂၀၀၇
နအဖမှ လက်ရှိပြုလုပ်နေဆဲဖြစ်သော ညီလာခံတွင် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်အစား စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနစ်ဟု ပြင်ဆင်ရန်ဆွေးနွေးကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
နအဖစစ်ဗိုလ်ချုပ်များသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟူသော အသုံးအနှုန်းကို မကြာ
မကြာ ပြောဆိုသုံးစွဲခဲ့ကြသော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ပြင်ဆင်မှုမှာ ယခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ပါတီစုံဒီမိုကရေစီကို စည်းကမ်းနှင့်ဆက်စပ်ပြီး သုံးစွဲခြင်းသည် ချုပ်ကိုင်ရန်ပြင်ဆင်ခြင်း သက်သက်သာဖြစ်ပြီး မည်သည့် နိုင်ငံတွင်မှ ကျင့်သုံးသည့်စနစ်မဟုတ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဥပဒေစိုးမိုးမှုနှင့်သာ ဆက်စပ်ကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားသည်။
“စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ဥပဒေစိုးမိုးမှုနဲ့အညီ ကျင့်သုံးတဲ့ စနစ်လို့ပြောလို့ရတယ်။ ဥပဒေစိုးမိုးမှုဆိုတာကလည်း လူထုဆန္ဒအပေါ်မှာ အခြေခံပြီးထွက်ပေါ်လာတဲ့ တရားမျှတတဲ့ ဥပဒေရဲ့ စိုးမိုးမှုဖြစ်ပြီး ဥပဒေရဲ့ရှေ့မှာ လူတိုင်းတန်းတူဖြစ်တယ်။ စည်းကမ်းဆိုတာက လူထုဆန္ဒ အပေါ်အခြေခံခြင်းမဟုတ်ဘဲ အထက်မှ ဆင်းသက်လာခြင်းဖြစ်တယ်။ တရားတယ်၊ မတရား တယ်ဆိုတာကို တိုင်းတာရန် အခွင့်မသာပါဘူး။ စည်းကမ်းထုတ်တဲ့သူတွေဟာ စည်းကမ်းရဲ့ အပေါ်မှာရှိကြပါတယ်” ဟု ဦးအောင်ထူးက ပြောသည်။
၎င်းက “ စည်းကမ်းပြည့်ဝခြင်းနှင့်ဥပဒေစိုးမိုးခြင်းသည် နှစ်ခုစလုံး လိုအပ်ကြောင်း၊ ဥပဒေစိုးမိုး မှုသည် တနိုင်ငံလုံးနှင့်လွှမ်းခြုံပြီး လူ့အဖွဲ့အစည်းအတွက် စည်းကမ်းဆိုသည်မှာ နေရာဒေသနှင့် သာသက်ဆိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မှ တပြည်လုံး လိုက်နာရမည့်စည်းကမ်း ဆိုသည်မှာမရှိဘဲ တပြည်လုံးလိုက်နာရမည့် ဥပဒေသာလျှင်ရှိကြောင်း” ပြောသည်။
၁၉၆၂ ခုတွင် အာဏာသိမ်းယူပြီး တက်လာခဲ့သော ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော အစိုးရ သည် ၎င်းတို့ တီထွင်ထားသော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒကို ကျင့်သုံးခဲ့သောကြောင့် ကမ္ဘာတွင် အဆင်းရဲဆုံးနိုင်ငံအဖြစ် ကျရောက်ခဲ့သည်။
တိုင်းရင်းသားလူမျိုးများကောင်စီ၊ ဖွဲ့စည်းပုံရေးရာ ကော်မတီခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အရင်တုန်းကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပေါ့နော်၊ အခု စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတာကလည်း မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီပါပဲ။ တကယ့် ကမ္ဘာ့နိုင်ငံတွေ ကျင့်သုံးနေတဲ့ ပါတီစုံစနစ်မဟုတ်ပါဘူး။ အဓိကကတော့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ပါ” ဟု ပြောသည်။
“နအဖက ပြင်ဆင်မယ်ဆိုတာကလည်း သူတို့အတွက် ပိုပြီးသေချာဖို့၊ ခိုင်ခိုင်မာမာဖြစ်လာဖို့ အတွက်ပဲပြင်တာဖြစ်တယ်။ ပြီးရင် အဲဒီပြင်ဆင်တယ်ဆိုတဲ့အချက်တွေကိုလည်း သူတို့ စိတ်တိုင်း ကျရွေးထားတဲ့လူတွေကတဆင့် တင်ပြတယ်ဆိုတဲ့ ပုံစံနဲ့ထပ်ထပ်ပြင်နေကြတာ” ဟု ၎င်းက ပြောသည်။
လက်ရှိကျင်းပနေသောအမျိုးသားညီလာခံသည် အပြီးသတ်ပြုလုပ်ခြင်းနှင့် ပြင်ဆင်သင့်သည်
များကို ပြင်ဆင်ကြရမည်ဟု နအဖအတွင်းရေးမှူး (၁) က ထုတ်ဖော်ပြောကြားခဲ့သော်လည်း သိသာထင်ရှားသော ပြောင်းလဲပြင်ဆင်မှုများ မရှိသေးပေ။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/16-8-07d.php ကနေ ယူတယ်။)
No comments:
Post a Comment