Wednesday, August 22, 2007

spdc uses Swan Arr Shin gang to crack down on the strikes ( nej )

လူထုဆန္ဒပြလမ်းလျှောက်ပွဲတွင် နော်အုန်းလှနှင့် လူအချို့ဖမ်းဆီးခံရ

NEJ / ၂၂ သြဂုတ် ၂၀၀၇

ယနေ့နံနက်က ရန်ကုန်မြို့တွင် ဖြစ်ပွားသည့် လောင်စာဆီဈေးနှုန်း လျော့ချရေး လူထုဆန္ဒပြ လမ်းလျှောက်ပွဲတွင် အန်အယ်လ်ဒီပါတီဝင်ဟောင်း နော်အုန်းလှအပါအ၀င် အနည်းဆုံး (၇) ဦး ဖမ်းဆီးခံရကြောင်းသိရသည်။
ယနေ့နံနက် (၉) နာရီကျော်၌ နော်အုန်းလှဦးဆောင်သည့်အဖွဲ့က မြေနီကုန်းမှ စတင်လမ်းလျှောက်
ပြီး လှည်းတန်းလမ်းဆုံ၌ မမီးမီး၊ မနီလာသိန်း၊ မဖြူဖြူသင်းတို့ ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် အန်အယ်လ်ဒီပါတီဝင်တို့က ပူးပေါင်းကာ လူအင်အား (၂၀၀) ခန့်က သမိုင်း လမ်းဆုံဘက်သို့ အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက်ချီတက်ဆန္ဒပြကြသည်။

ဘာတာအကျော် အုတ်ကျင်းမှတ်တိုင်အရောက်တွင် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက လူထုကို မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ စက်သုံးဆီများ ဈေးကြီးမြင့်သဖြင့် ပြည်သူလူထု ဒုက္ခရောက်ကြရ သည့်အတွက် ပြည်သူများကိုယ်စား ဆန္ဒပြရခြင်းဖြစ်ကြောင်း၊ ပြည်သူများအားလည်း ရင်ထဲ ရှိသမျှထုတ်ဖော်ပြောဆိုကြရန် တိုက်တွန်းခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ပြောသည်။

မျက်မြင်တဦးက “အဲဒီနားမှာ လူပရိသတ်အင်အားက (၃,၀၀၀) လောက်ရှိသွားတယ်။ လူအုပ်စု တွေက တရားဟောပြီးတိုင်း လက်ခုပ်တီးပြီးတော့ ချီတက်သူတွေနဲ့အတူ တောက်လျှောက် လိုက်လာကြတာ။ အဲဒီမှာ လျှောက်လိုက်၊ နားလိုက်၊ တရားဟောလိုက်၊ လူအုပ်က လက်ခုပ်
တီးလိုက်၊ ဆက်လျှောက်တဲ့အခါမှာ ဆက်ပါလာလိုက်နဲ့ ချီတက်လာတာ” ဟု ပြောသည်။

ပါရမီလမ်းဆုံ န၀ရတ်ဟိုတယ်ရှေ့၌ ကြံ့ဖွံ့နှင့်စွမ်းအားရှင်အဖွဲ့ဝင်များက ဒိုင်နာကား (၈) စီးခန့်ဖြင့် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒပြသူများကို ရှေ့ဆက်မလျှောက်ရန် တားမြစ်ပိတ်ပင်ခဲ့ကြောင်း၊ နော်အုန်းလှနှင့်အဖွဲ့က ရှေ့ဆက်တိုးသည့်အတွက် ၎င်းတို့ကို ထိုး
ကြိတ်၍ ဒိုင်နာကားပေါ်သို့ ဆွဲခေါ်ဖမ်းဆီးသွားကြောင်း ၎င်းကပြောသည်။

“နော်အုန်းလှအပါအ၀င် (၇) ယောက် ပါသွားပါတယ်။ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား
(၁) ယောက်လို့ထင်တယ်။ ဒါကို အဝေးကပဲ လှမ်းမြင်လိုက်ရတာ၊ နော်အုန်းလှတို့က ရှေ့ဆုံးက လျှောက်လာတာ။ မနီလာသိန်းတို့ မမီးမီးတို့က နောက်မှာ တရားဟောပြီး ကျန်ခဲ့တဲ့အချိန်မှာ
ရှေ့က ဒေါ်နော်အုန်းလှတို့ကို ထိုးကြိတ်ပြီး ဆွဲတင်သွားတာ” ဟု အဆိုပါ မျက်မြင်တွေ့သူက ပြောသည်။

လူထုကို တရားဟောနေသည့် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးနှင့် မနီလာသိန်းတို့ကိုလည်း
ကြံ့ဖွံ့အဖွဲ့ဝင်များက မြို့ထဲဘက်သို့သွားသည့် (၁၀၂) ဘတ်စ်ကားပေါ်သို့ အတင်းတွန်းတင်ကာ လူစုခွဲလိုက်ကြောင်း သိရသည်။

သြဂုတ် (၁၅) ရက်တွင် နအဖစစ်အစိုးရက လောင်စာဆီဈေးနှုန်းများကို ရုတ်တရက်တိုးမြှင့်လိုက်ပြီး နောက် ဘတ်စ်ကားခများမြင့်တက်လာသည်ကို အကြောင်းပြု၍ ရန်ကုန်မြို့၌ လမ်းလျှောက် ဆန္ဒပြ လှုပ်ရှားမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/newsphoto/22-8-07walkingdemonstration/22-8-07d.php ကနေ ယူတယ်။)



No comments: