Saturday, August 25, 2007

the arrests follow the strike ( irrawaddy dot org )

လမ်းလျှောက်ဆန္ဒပြပွဲများဆက်လက်ပြုလုပ် ဖမ်းဆီးမှုနှင့် အနှောင့်အယှက်များရှိ
ဧရာဝတီ ကိုသက် သြဂုတ် ၂၅၊ ၂၀၀၇


စစ်အစိုးရက လောင်စာဆီနှင့် မော်တော်ယာဉ်ခနှုန်းထားများကျဆင်းရေးကို စတင်လှုံ့ဆော်သည့် ကုန်ဈေးနှုန်း ကျဆင်းရေးကော်မတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ကိုထင်ကျော်အား ယနေ့နေ့လယ်တနာရီက ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးဆန္ဒပြနေစဉ် အခြားဆန္ဒပြသမား ၃ ဦးနှင့်အတူ ဖမ်းဆီးလိုက်သည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။
ကိုထင်ကျော်နှင့်အတူအဖမ်းခံရသူများမှာ ကိုဇော်ညွန့်၊ ကိုကံနှင့် ဦးဟန်တီတို့ဖြစ်သည်ဟု ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီဝင်တဦးက ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့၌ နံနက် ၁၁ နာရီခွဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင်များဦးဆောင်၍ မြို့တပတ် လမ်းလျှောက် ဆန္ဒပြကြရာ ဒေသခံပြည်သူများပူးပေါင်းပါဝင်ကြောင်း လူဦးရေ ၁၅၀ ကျော် ချီတက်ဆန္ဒပြကြောင်း မိုးကုတ်မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ကိုမင်းသူက ဧရာဝတီကို ပြောသည်။

ဆန္ဒပြသမားများ၏ စွမ်းအင်ဝန်ကြီးဌာနသို့လိပ်မူထားသည့်စာကို မြို့လယ်ရှိဓာတ်ဆီဆိုင်တွင် မြို့နယ် မယက ဥက္ကဌထံ ပေးအပ်ကြောင်းနှင့် လောင်စာဆီဈေးနှုန်းများ မူလအတိုင်း
ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

မကွေးတိုင်း ရေနံချောင်းမြို့၌ ကြံ့ဖွံ့၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လမ်းလျှောက်ဆန္ဒပြမည့်လမ်းတွင် တားဆီးပိတ်ဆို့ထားပြီး ဆန္ဒပြခေါင်းဆောင် မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါ်ခင်စောဌေးနှင့် ဆွေးနွေးမှုများပြုလုပ်အပြီး တပ်ဆုတ်ပေးကြောင်း သိရသည်။

အာဏာပိုင်တို့က နောက်ဆုတ်ပေးခဲ့သော်လည်း မိုရွာသောကြောင့် ဆန္ဒပြပွဲကိုသိမ်းလိုက်ပြီး မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည်ဟုလည်း ၎င်းကဆက်ပြောသည်။

ရန်ကုန်မြို့ရှိ လောင်စာဆီနှင့် ကုန်ဈေနှုန်းကျဆင်းရေးဆန္ဒပြပွဲများကို အာဏာပိုင်တို့က ကြံ့ဖွံ့နှင့် စွမ်းအားရှင် အင်အား အမြောက်အများဖြင့် အကြမ်းဖက်ဖြိုခွဲခဲ့သည်။

၎င်းအပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များနှင့် နိုင်ငံရေးအင်အားစုများကို အာဏာပိုင်တို့က ရှာဖွေဖမ်းဆီးနေသည်ဟုလည်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုအောင်မျိုးတင့်က ပြောသည်။

“လောင်စာဆီဈေးနှုန်းတက်တာတခုတည်းကိုမကျေနပ်လို့ဆန္ဒပြတာမဟုတ်ဘူး။ အဲဒီအဆင့်ကိုကျော်ခဲ့ပြီ။ လူထုအားလုံးက သူတို့ရင်ထဲမှာရှိတဲ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြောရဲလာတဲ့အထိ ကျနော်တို့ရှေ့ကနေ ဦးဆောင်မယ်၊ မားမားမတ်မတ်ရပ်မယ်” ဟုလည်း ကိုအောင်မျိုးတင့်က ပြောသည်။

ယခုအပတ်အစောပိုင်းကဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား စစ်အစိုးရက အရေးယူခဲ့ပြီး ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဌေးကြွယ်မှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

အာဏာပိုင်တို့က ကိုဌေးကြွယ်၏ပုံများကို ကြံ့ဖွံ့ရုံးများ၊ မယက ရုံးများနှင့် မြို့အ၀င်အထွက်ဂိတ်များသို့ပို့ထားပြီး ဆူပူမှုများဖြစ်ပွားစေရန် ဦးဆောင်သူဖြစ်သောကြောင့် တွေ့ရှိပါကအကြောင်းကြားရန်လည်း ညွှန်ကြားထားကြောင်း ကိုဌေးကြွယ်က ဧရာဝတီကို ယမန်နေ့က ပြောဆိုသည်။ ဆုငွေ ကျပ်ငါးသိန်း ထုတ်ထားသည်ဟု ကြားသိရကြောင်းလည်း ပြောသည်။

ယမန်နေ့ညကလည်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှ မစန္ဒာမင်းအား အာဏာပိုင်တို့ကဖမ်းဆီး၍ နေအိမ်ကိုလည်း အသေးစိတ်ရှာဖွေကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီဝင်အချို့သည် နိုင်ငံတော်တည်ငြိမ်ရေးကိုနှောင့်ယှက်သည့် လုပ်ရပ်များတွင် ပါဝင်နေသောကြောင့် နိုင်ငံရေးပါတီတခုအနေဖြင့် ပါတီဝင်များကို ထိန်းသိမ်းရန်တာဝန်ရှိကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေသည်ဟု သတင်းစာတွင်ဖော်ပြထားသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက “အန်အယ်လ်ဒီဆိုတာ ပြည်သူများနဲ့ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ဒုက္ခဟာ ကျနော်တို့ပါတီရဲ့ဒုက္ခဖြစ်တယ်။ အဲဒီလိုအဖွဲ့အစည်းတရပ်အနေနဲ့ ပါတီက တရားဝင်မူတရပ်အနေနဲ့ လှုပ်ရှားမှုမရှိပေမယ့် ပါတီဝင်တွေက ပြည်သူတွေဘက်ကခံစားပြီး လှုပ်ရှားဆောင်ရွက်ကြတာဖြစ်တယ်” ဟု ပြောသည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_25_07.html ကနေ ယူတယ်။ ကိုဌေးကြွယ် ပုံကတော့ www.moemaka.com က။)



No comments: