
NEJ / ၁၆ သြဂုတ် ၂၀၀၇
၂၀၀၁ မှ ၂၀၀၅ ခုအကြား စက်မှုဇုန်ထုတ် ကားများအဖြစ် မှတ်ပုံတင်ထားသည့် ကား အများအပြားကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က လိုင်စင် သက်တမ်းတိုးမပေးသောကြောင့် ၀ပ်ရှော့များ၊ စက်မှုဇုန်များတွင် ပြန်လည်ဖျက်ဆီးတပ်ဆင်မှုများ ပြုလုပ်နေကြကြောင်းသိရသည်။
အဆိုပါကားများမှာ ကညနတွင် မှတ်ပုံတင်စဉ်က စက်မှုဇုန်ထုတ်ကားဘော်ဒီဖြင့် သွားရောက် အစစ်ဆေးခံခဲ့ပြီး လိုင်စင်ရပြီးသည့်နောက် မူလကား ဘော်ဒီကို ပြန်လည်တပ်ဆင်ထားသည့် ကားများဖြစ်ကြောင်း တောင်ဒဂုံစက်မှုဇုန်မှ ပြည်တွင်းဖြစ်ကားထုတ်လုပ်သူတဦးက ပြောသည်။
၎င်းက “အခု အဲဒီလိုလိမ်ညာထားတဲ့ ထောင်နဲ့ချီတဲ့ကားမျိုးစုံကို (ကညန) က မှတ်ပုံတင်ပါ အချက် အလက်တွေနဲ့ မကိုက်ညီဘူးဆိုပြီး လိုင်စင်သက်တမ်းတိုးမပေးလို့ အခက်ကြုံနေကြပြီး စက်မှုဇုန် တွေမှာ ပြန်ဖျက်၊ ပြည်တွင်းဖြစ်တွေနဲ့အစားထိုး စတာတွေလုပ်နေကြတယ်” ဟုပြောသည်။
၂၀၀၁ ခုနောက်ပိုင်းမှစ၍ စစ်အစိုးရက ပြည်တွင်းဖြစ် စက်မှုဇုန်ထုတ်ကားများကို လိုင်စင် ချပေး ခဲ့သည်။
“အဲဒီတုန်းကတော့ အလွယ်တကူပါပဲ။ နယ်စပ်ကနေ ဈေးပေါပေါနဲ့ဝင်လာတဲ့ လိုင်စင်မဲ့ကားတွေကို ဟိုထုဒီရိုက် ဆေးပြန်မှုတ် ဘော်ဒီလေးနည်းနည်းပြန်ပြင်လိုက်ရင် စက်မှုဇုန်ထုတ်ကားတွေဆိုပြီး လိုင်စင်ရခဲ့ကြတယ်” ဟု တောင်ဒဂုံစက်မှုဇုန်မှ ကားထုတ်လုပ်သူက ရှင်းပြသည်။
လိုင်စင်မဲ့ကားများဖြစ်သည့် တိုယိုတာဗင်ကို နောက်ပိုင်းဖြတ်ဆက်ထားသည့် ဖင်ပြတ်၊ ထိုင်း
အီစူဇူးကို ဘော်ဒီပြောင်းထားသည့် ဟိုင်းလက်သာမက ပါဂျဲရိုးကဲ့သို့ ကားမျိုးကိုပင်လျှင် ခေတ္တရာ ပါဂျဲရိုး (ပြည်မြို့စက်မှုဇုန်ထုတ်) အမည်နှင့် စက်မှုဇုန်ထုတ်ကားများဟုဆိုကာ လိမ်လည်မှတ်ပုံတင် ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လိုင်စင်မဲ့ကားတစီးကို သိန်း (၃၀-၄၀) ခန့်သာပေးရပြီး စက်မှုဇုန်ထုတ်ကားအဖြစ် လိုင်စင် ၀င်လိုက် ပါက ကျပ်သိန်း (၁၀၀) ကျော်ခန့်ဈေးပေါက်သွားကာ မော်ဒယ်မြင့် ကားများဖြစ်ပါက သိန်း (၃၀၀-၄၀၀) ခန့်ဖြစ်သွားကြောင်း သိရသည်။
နအဖစစ်အစိုးရသည် ပြည်ပမှ ကားတင်သွင်းခွင့်ကို ချုပ်ကိုင်ထားခြင်းကြောင့် ပြည်တွင်း၌ ကား ဈေးနှုန်းများ မြင့်မားနေပြီး ပါမစ်ချပေးရန် အာဏာရှိသည့် နအဖထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများသာ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းကြကြောင်း ရန်ကုန်မှ ကားပွဲစားတဦးကပြောသည်။
“မော်ဒယ်မြင့်ဆာဖ့်ကားတစီးကို ကျပ်သိန်း (၄,၀၀၀) ကျော်ဈေးပေါက်နေပြီး အဲဒီကားအတွက် ကားတင်သွင်းခွင့်ပါမစ်တစောင်ကို ကျပ်သိန်း (၁,၀၀၀) ကျော် ဈေးရှိနေတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ကားတင်သွင်းခွင့်ပါမစ် ချုပ်ကိုင်ထားမှုကို မထိခိုက်တဲ့ ပြည်တွင်းစက်မှုဇုန်ထုတ်ကားတွေကို တပ်ဆင်ထုတ်လုပ်ခွင့်ပေးနေတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
နအဖစစ်အစိုးရသည် ၂၀၀၁ ခုတွင် စက်မှုဇုန်ထုတ်ကားအစီး (၁၃၀) ကို စတင်မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ၂၀၀၆- ၂၀၀၇ ဘဏ္ဍာရေးနှစ်အတွက် (၁၃,၈၈၀) စီး၊ လာမည့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်အတွက် ကားစီးရေ (၂၁,၀၀၄) စီး ထုတ်ခွင့်ပြုထားပြီး ရန်ကုန်မြို့၌်အသုံးပြုနေသည့် စက်မှုဇုန်ထုတ်ကားအစီး (၁၇,၀၀၀) ကျော်ရှိနေကြောင်း ကညနစာရင်းဇယားများအရ သိရသည်။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/16-8-07f.php ကနေ ယူတယ်။ ပုံကိုလည်း အဲဒီကနေပဲ ယူပါတယ်။)
No comments:
Post a Comment