Thursday, August 16, 2007

ရန်ကုန်မှ ဘောလုံးလောင်းသူများ မန်ယူနှင့် ရက်ဒင်းပွဲတွင် သိန်းငါးထောင်ကျော်ဖိုးရှုံး
ကိုသက် | သြဂုတ် ၁၆၊ ၂၀၀၇

အင်္ဂလန်ပရီးမီးယားလိခ် ဘောလုံးပွဲစဉ်များအနက် ယခုလ ၁၂ ရက်နေ့တွင် ကစားခဲ့သည့် မန်ချက်စတာ ယူနိုက်တက်နှင့် ရက်ဒင်းအသင်းတို့ အနိုင်အရှုံးမရှိ သရေကျခဲ့သော်လည်း
ရန်ကုန်မြို့၌ ၎င်းပွဲအတွက် လောင်ကြေးကျပ်ငွေ အနည်းဆုံး သိန်းငါးထောင်ခန့် အရှုံးရှိသည်ဟု လောင်းကစားဒိုင်ကြီးများနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

“ပွဲကသရေ၊ ကြေးအရရှုံးတာပေါ့။ ကြေးကနှစ်လုံးမှာ ၆၀ နိုင်လေ။ တသိန်းလောင်းထားရင် မန်ချက်စတာက နှစ်ဂိုး အသာနဲ့နိုင်မှ ခြောက်သောင်းရမယ်၊ သုံးဂိုးအသာနဲ့နိုင်မှ တသိန်းအပြည့်ရမယ်။ သရေဖြစ်တဲ့အတွက် အကုန်ရှုံး ကုန်တာ”ဟု သူကပြောသည်။

၎င်းပွဲကိုလောင်းသူများတွင် ရန်ကုန်မြို့ရှိ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် တဦးလည်းပါဝင်ပြီး ထိုသူတဦး တည်းက ကျပ်သိန်းငါးရာ ရှုံးသည်ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံမှ ဘောလုံးလောင်းကစားဒိုင်များသည် ထိုင်း၊ ဟောင်ကောင်ရှိ လောင်းကစားဒိုင်များနှင့် ချိတ်ဆက် ထားခြင်းဖြစ်ပြီး ၎င်းဒိုင်များ၌ ထိုးသားများ၏လောင်းကြေး ငွေကို တဆင့်ခံလောင်းခြင်း ဖြစ်သည်။ မြန်မာဒိုင်များသည် ထိုင်းနိုင်ငံရှိဒိုင်များနှင့် ချိတ်ဆက်မှုပိုများကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံရှိ လောင်းကစားဒိုင်များအနက် ရေကျော်ဒိုင်၊ တရုတ်တန်းဒိုင်နှင့် ပဲခူးဒိုင်တို့မှာ ထင်ရှားသည့် ဒိုင်ကြီးများ ဖြစ်ကြသည်။

ဘောလုံးပွဲလောင်းသူများတွင် အရွယ်ရောက်ပြီးသူ၊ စီးပွားရေးသမား၊ ကုန်သည်၊ ပွဲစားနှင့် အစိုးရ၀န်ထမ်းများအပြင် အရွယ်မရောက်သေးသည့် ကလေးငယ်များလည်း ပါဝင်သည်။

ရန်ကုန်မြို့ခံတဦးက “ကျနော့်တူက ဆယ်နှစ်ပဲရှိသေးတာ၊ အ.ထ.က (၁) ဒဂုံ မှာတက်တာ။ ဘောလုံးပွဲလောင်းလို့ ၀ရန်တာမှာထိုင်နေဆိုပြီး ဒဏ်ပေးထားရတယ်။ လာတဲ့လူတိုင်းကိုလဲ ဘောလုံးပွဲလောင်းလို့ ဒဏ်ပေးခံရတာလို့ ပြောခိုင်းထားတယ်”ဟု ပြောသည်။

ဘောလုံးဒိုင်များသည် အလယ်တန်း၊ အထက်တန်းကျောင်းများအထိ ပျံ့နှံ့လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“ကလေးတွေက ဘောလုံးသမားတွေကို အားကျလို့ ဘောလုံးကန်တာ ပြဿနာမရှိပါဘူး။ အခုလိုကျတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ပျက်ဆီးတာပေါ့”ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ ဘောလုံးပွဲလောင်းသူအများစု လောင်းကစားလုပ်သည့် ဘောလုံးပွဲစဉ်များမှာ ကမ္ဘာ့ဖလားပွဲ၊ ဥရောပဖလားပွဲ၊ အင်္ဂလန်၊ စပိန်နှင့် အီတလီ ဖလားပွဲများ ဖြစ်ကြသည်။

မြန်မာဘောလုံးပရိသတ် အသည်းစွဲဖြစ်သည့် ဘောလုံးအသင်းများမှာ အင်္ဂလန်အသင်း၊ ဘရားဇီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက်အသင်းများ ဖြစ်ကြသည်။

ရန်ကုန်ရှိ အားကစားသတင်းထောက်တဦးက “ကျနော်တို့ဆီမှာ မန်ချက်စတာပရိသတ်က ၈၀ ရာခိုင်နှုန်းရှိတယ်”ဟု သုံးသပ်ပြောဆိုသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_16b_07.html ကနေ ယူတယ်။)


No comments: