Tuesday, August 14, 2007

a shan leader dies in exile

ရှမ်းနိုင်ငံရေးခေါင်းဆောင် ခွန်ကြာနု ကွယ်လွန်
ကိုစိုး သြဂုတ် ၁၄၊ ၂၀၀၇


ရှမ်းတိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးခွန်ကြာနု (စ၀်ဆိုင်စစ်) အသက် ၇၂ နှစ်သည် ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကွယ်လွန်သွားခဲ့သည်။

ဦးခွန်ကြာနုသည် ကွယ်လွန်ချိန်အထိ လူအများ၏ ချစ်ခင်လေးစား မှုကိုရရှိသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သည်ဟု ရှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးခွန်ဆိုင်းက ပြောသည်။

“သူက အသက်သာကြီးလာတာ စိတ်ဓာတ်က သိပ်မာတယ်၊ လူငယ် အတိုင်းပဲ၊ အိပ်ရာထဲမှာ လူက ထမရတာတောင် တိုင်းရင်းသားတွေ လွတ်မြောက်ဖို့၊ မြန်မာပြည် လွတ်မြောက်ဖို့အရေးကိုပဲ အမြဲ စဉ်းစား နေတဲ့သူ”ဟု ဦးခွန်ဆိုင်းက ပြောပြသည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်ကလည်း ဦးခွန်ကြာနု ယခုကဲ့သို့ ကွယ်လွန်ခြင်း အတွက် ရှမ်းလူထုနှင့်အတူ SSA-S အဖွဲ့က အလွန်ဝမ်းနည်းသည်ဟု ပြောသည်။

“သူ ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခုမဟုတ်ပေမယ့် အနည်းဆုံး ရှမ်းနိုင်ငံရေးကိုတော့ ထိခိုက်မှုရှိပါတယ်”ဟု စိုင်းလောင်ဆိုင်က ဆိုသည်။

ဦးခွန်ကြာနုကို ရှမ်းပြည်နယ် တောင်ကြီးမြို့၌ အဘ ဦးခွန်ကြာပုနှင့် အမိ ဒေါ်နန်းခင်မကြီးတို့က ၁၉၃၅ ခုနှစ် မတ်လ ၂၂ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၀ ယောက်အနက် ဆဌမမြောက် ဖြစ်သည်။

ဦးခွန်ကြာနု၏ ဖခင် ဦးခွန်ကြာပုသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်သည်။

ဦးခွန်ကြာနုသည် ငယ်စဉ် သီပေါ အထကတွင် ပညာသင်ကြားခဲ့ပြီး ၁၉၅၈-၅၉ ခုနှစ် ရန်ကုန် တက္ကသိုလ်၌ ဥပစာ သိပ္ပံ (ခ) တန်းအထိ ပညာသင်ကြားခဲ့သည်။

ထို့နောက် ဦးခွန်ကြာနုသည် တောခို၍ ၁၉၆၀ ခုနှစ်တွင် ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော် (SSIA) ၌ စစ်ဦးစီးမှူး
တာဝန်ထမ်းခဲ့သည်။

၁၉၆၄ ခုနှစ်တွင် (SSIA) မှ (SSA) သို့ ပြောင်းလဲဖွဲ့စည်းရာတွင် ဦးခွန်ကြာနုသည် တပ်မဟာ (၃) တပ်မဟာမှူးအဖြစ်
ပါဝင်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် SSA ၏ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ဖူးသည်။

၁၉၉၆ ခုနှစ်၌ တည်ထောင်သော ရှမ်းဒီမိုကရက်တစ် အစည်းအရုံး (SDU) တွင် ၂၀၀၀ ခုနှစ်မှ ယနေ့တိုင် ဦးခွန်ကြာနုသည် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။

၂၀၀၀ ခုနှစ် ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင် (SSCDC) ၏ ဥက္ကဌ ဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးမှုကောင်စီ (ENSCC) နှင့် တိုင်းရင်းသား လူမျိုးများကောင်စီ (ENC) တို့တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်သည်။

၁၉၇၄ ခုနှစ်တွင် ဒေါ်နန်းလှရင်နှင့် အိမ်ထောင်ပြုခဲ့ပြီး စိုင်းလျှံဇက်နှင့် စိုင်းလျှံတောင်း ဟူသော သား ၂ ဦး ထွန်းကား၍ ကွယ်လွန်ချိန်တွင် ယင်းသား ၂ ဦးနှင့် ဇနီးသည်တို့ ကျန်ရစ်ခဲ့သည်။

ယင်း ဦးခွန်ကြာနု၏ ဈာပန အခမ်းအနားကို လာမည့် စနေနေ့တွင် ချင်းမိုင်မြို့ ၀ပ် ထ ကဒပ် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_14b_07.html ကနေ ယူတယ်။)



No comments: